ပရုတ်အေး

ဝီကီပီးဒီးယား မှ
Mentha arvensis
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Lamiales
မျိုးရင်း: Lamiaceae
မျိုးဇာတ်: Mentheae
မျိုးစု: Mentha
မျိုးစိတ်:
M. arvensis
ဒွိနာမ
Mentha arvensis
Synonyms[၁]

ပုံသဏ္ဌာန် : အပင် နှစ်ရှည်ခံ ပင်ငယ်မျိုး ဖြစ်သည်။ ၁ ပေ မှ ၁ ၁/၂ ပေ ထိ မြင့်သည်။ ပူဒီနာပင် နှင့် တူသည်။ အကိုင်း အခက်ရှိ အဆစ် များမှ အမြစ်များ ထွက်၍ မြေကြီး ပေါ်တွင် လည်း တွားသွား ပြန့်ပွား နိုင်သည်။ ပင်စည် လေးထောင့် ပုံ ရှိသည်။ အကိုင်း များ ခရမ်းရောင် သမ်းသည်။ အမွေးနု များဖြင့် ဖုံးလွှမ်း နေသည်။ အနံ့ အလွန် ထင်ရှားသည်။ အရွက် ၂ ရွက်ဆီ ရွက်ဆိုင် အလှည့် ကျ ထွက်သည်။ ပူဒီနာ အရွက်နှင့် အချို့ အမျိုးသည် တူသည်။ ရွက်ထိပ် ချွန်ပြီး ရွက်ရင်းသို့ သွယ်သွားသည်။ ရွက်နား ခွေးသွားစိပ် ကျဲကျဲ ရှိသည်။ အပွင့် ပင်စည်နှင့် အရွက်ကြားမှ ပတ်လည် ထွက်သည်။ ပန်းပွင့် အလွန် သေးငယ် ပြီး မွေးနုများ ရှိသည်။ အပြာနုရောင် ရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စငါးပါး၊ အရွက်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့ အပြားတွင် စိုက်ပျိုးပေါက် ရောက်နိုင်သည်။ သို့သော် သမပိုင်း ရာသီ ဥတု ရှိသော ဒေသ တွင် ပိုမို ဖြစ်ထွန်း သည်။ ပေါက်ရောက်ပုံ စိုက်ပျိုးပင်။ စိုက်ပျိုးပုံ- (က)မြေပြုပြင်ခြင်း အစိုဓာတ် အား အမြဲ လိုလို ထိန်းသိမ်း ထားနိုင်သည့် ခဲမြေ မျိုးကို အနှစ်သက် ဆုံးဖြစ်သော် လည်း ရေစီး ရေလာ ကောင်းသည့် သဲနုန်းမြေ၊ ခဲမြေ များတွင် လည်း ဖြစ်ထွန်းသည်။ စိုက်မည့် မြေအား ပွအောင် ထယ်ထိုး ထွန်ယက် တူးဆွ ပေးပြီးနောက် အမှိုက် သရိုက်၊ ခဲလုံး၊ သစ်စ များကို ဖယ်ရှား၍ အောက်ခြေ ၅ လက်မ၊ အပေါ် မျက်နှာ ၄ ပေ x ၂၅ ပေ ၊ အလျား ၂၀ မှ ၃၀ ပေ အထိ သင့်တော် သလို ဘောင်ဖော်ပေး ရမည်။ ဘောင်အမြင့် ကို ၈ မှ ၁၂ လက်မ အထိ ပြုလုပ် ပြီး တစ်ဘောင် နှင့် တစ်ဘောင် ၂ ပေ ကွာ ထားသင့် သည်။ (ခ)မျိုးရွေးချယ်ခြင်း အပင် ပေါက် မညီသဖြင့် မျိုးစေ့ မှ စိုက်ပျိုး လေ့မရှိ ဘဲ ရိတ်သိမ်းပြီး ကျန်ရှိ နေသော မရင့်လွန်း၊ မနုလွန်း သည့် မြေတွားသွား ပင်စည်များကို ရယူ၍ စိုက်ပျိုး ရပါမည်။ မစိုက်မီ အဆစ် ကလေး များမှ အမြစ် ထွက်လာအောင် သဲကျင်းတွင် ပြုစု ထားသင့်သည်။ (ဂ)စိုက်ပျိုးခြင်း အများ အားဖြင့် နယုန်လ တွင် စိုက်ရသည်။ သို့ရာတွင် သီတင်းကျွတ် နှင့် တပို့တွဲ လတွင် လည်း ရေလောင်း စိုက်ပျိုး နိုင်သည်။ မိုးများသော ဒေသ တွင် အဆစ်များ အစို့ မထွက်ဘဲ ပုပ်တတ် သဖြင့် မိုးကုန် မှ စိုက်သင့်သည်။ ပြုပြင် ထားသည့် ဘောင်ပေါ် တွင် ရွေးချယ် ထားသော ပင်စည် တက်များ ကို တစ်ပင်နှင့် တစ်ပင် တစ်ပေ အကွာ ထားပြီး အဆစ် ၂ ဆစ် မှ ၃ ဆစ် အထိ မြေမြှုပ် လျက် စိုက်သင့်သည်။ အမြစ် ထွက်ပြီး ပင်စည် များကို မူ စောင်း၍ စိုက်ရ မည်။ (ဃ)ပြုစုဂရုစိုက်ခြင်း စိုက်ပြီးစ ဘောင်များကို ရေအစို ဓာတ်ကို ချင့်ချိန်၍ မှန်မှန် လောင်းပေး ရမည်။ ဘောင်ပေါ်တွင် ပေါင်းမြက် များ မရှိစေရန် အမြဲ ဂရုပြု ရှင်းလင်း ပေးရမည်။ ပေါင်းမြက် များ ရှိလာပါက ပရုတ်အေး ၏ အရည်အသွေး ကို သာမက အနံ့ကို ပါ ထိခိုက်သည်။ မြေဩဇာ အနေနှင့် မူ သဘာ၀ မြေဩဇာ ကိုသာ အနှစ်သက်ဆုံး ဖြစ်ကြောင်း တွေ့ရှိရ သဖြင့် စိုက်ဘောင် နှစ်ဘောင်တွင် ၄’ x ၂၅’ ၊ နွားချေး မြေဩဇာ ကို ၁ တင်းနှုန်း ခန့် မစိုက်ပျိုး မီကပင် မြေနှင့် ရောစပ်၍ ထည့်သွင်း သင့်သည်။ ပထမ အကြိမ် အရွက် များကို ဆွတ်ခူး ပြီးနောက် အပင်တက် များ သန်မာ လာစေရန် အတွက်လည်း နွားချေးဆွေး ၂ တင်း ထည့်ပေး ရမည်။ မြေကျပ် ပါက အမြစ်များ မနာစေရန် ဖြည်းညင်းစွာ မြေဆွ ပေးရမည်။ ရေပေးသွင်း ခြင်းကို ရိတ်သိမ်းချိန် မတိုင်မီ တစ်ပတ် ခန့်မှ စ၍ ရပ်ထားခြင်း နှင့် နေရောင်ခြည် ရရှိအောင် ဆောင်ရွက်ပေး ခြင်းတို့ သည် ဆီထွက် နှုန်းနှင့် အဆင့် အတန်း မြင့်မား ကောင်းမွန် စေသည့် အတွက် အထူး ဂရုစိုက် ဆောင်ရွက်ပေး ရန် လိုသည်။ ရိတ်သိမ်းဆွတ်ခူးခြင်း စိုက်ပြီး ၇၅ ရက်မှ ၈၀ ရက် အတွင်း ရာသီ ဥတု ကို လိုက်၍ စိုက်ခင်း၏ သုံးပုံ တစ်ပုံ ခန့် စတင် ဖူးပွင့် လာသည်ကို တွေ့ရလျှင် အရွက်များ စတင် ရိတ်သိမ်း နိုင်သည်။ ရိတ်သိမ်းခြင်း ကို နေ့လယ် ၁၀ နာရီ မှ ၁၂ နာရီ အတွင်း ပြုလုပ် ပါလျှင် ဆီထွက် အများ ဆုံး ရရှိ ကြောင်း တွေ့ရှိ ရသည်။ ရိတ်သိမ်း ရာတွင် မြေမှ ၄ လက်မ အကွာတွင် တံစဉ်ဖြင့် ညီညာ စွာ ဖြတ်၍ ရိတ်ရမည်။ သို့မှသာ နောက်တစ်ကြိမ် အပင်တက် မြန်ပါသည်။ ရိတ်ပြီး အပင် ငုတ်များကို နှစ်ပတ်ခန့် ရေမှန်မှန် လောင်းပေးခြင်း၊ ရေသွင်း ပြီးနောက် နှစ်ပတ် အကြာ မြေဩဇာ ကျွေးခြင်းများ ဆောင်ရွက် သင့်သည်။ ရိတ်သိမ်းပြီး အရွက်များကို ခြင်းထဲတွင် ငှက်ပျောရွက် ခံ၍ သယ်ယူပြီး အရိပ်တွင် ဖြန့်၍ ညှိုးနွမ်းစေ ရမည်။ ရေမြေ ရာသီ ဥတု ကို ကြည့်၍ တစ်နှစ်လျှင် ၂ ကြိမ် မှ ၃ ကြိမ် အထိ သီတင်းကျွတ်၊ တပို့တွဲ၊ ကဆုန်လ တို့တွင် ရိတ်သိမ်း နိုင်သည်။(ယေဘုယျ အားဖြင့် စိုက်ပျိုးပြီး သို့မဟုတ် ရိတ်သိမ်း ပြီးနောက် ၂ လခွဲ မှ ၃ လ အချိန် ထားရမည်။) အထွက် အနေနှင့် တစ်ဧက လျှင် အရွက် ပေါင်ချိန် ၁၂၀၀၀ မှ ၁၅၀၀၀ အထိ ထွက်ပါသည်။ အရွက်စို ပေါင် ၁၀၀ မှ မင်သော်ဆီ ၀.၃၄ ပေါင် ထုတ်ယူ ရရှိ နိုင်သည်။ တစ်ဧကလျှင် အဆီ ပေါင်ချိန် ၃၀ မှ ၄၀ ခန့် ထိ ထွက်ပါသည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်း များ အလို အရ ပရုတ်အေး ပင်သည် ထက်မြက် သော အရသာ ရှိ၍ အနံ့ မွှေး၏။ သလိပ်ကို နိုင်၏။ ရာသီ သွေးကို သက်ဆင်းစေ၏။ ကျောက်ကပ် ကို အားပေး၏။ အသည်းနှင့် သရက်ရွက် ရောဂါ၊ ပန်းနာ ရင်ကျပ် ရောဂါ၊အကြော အဆစ်ရောင်နာတို့၌ အကျိုးများစွာ ပြု၏။ ပရုတ်အေး အပင် အခြောက်သည် အဖျားနှင့် ရေငတ် ရောဂါ ကို ကင်းငြိမ်း စေ၏။ ဝမ်းမီး ကို တောက်စေ၏။ ဆီးရွှင် စေ၏။ အသုံးပြုပုံ- ပဉ္စငါးပါး ၁။ လေဆေး၊ ဝမ်ဖော ဝမ်းရောင် ပျောက်ဆေး၊ အစာအိမ် အားတိုးဆေး၊ အဖျားကျ ဆေး နှင့် အကြောဆွဲ ရောဂါ အတွက် ဖော်စပ် သော ဆေးများ တွင် ပရုတ်အေး ကို ထည့်သွင်း အသုံးပြု ၏။ ၂။ ပရုတ်အေး ပင်ကို ပြုတ်သောက် သော် ဝမ်းဗိုက်နာ ပျောက်ကင်း၏။ အရွက် ၁။ အရွက်ရည်ကို ပျားရည်နှင့် ရောလျက် သော် ဝမ်းသက် ရောဂါ ပျောက်၏။ ၂။ ပြုတ်သောက် သော် အကြော အဆစ် ရောင်ခြင်း၊ ကိုက်ခြင်း၊ လည်ချောင်း နာခြင်း၊ ချောင်းဆိုး ခြင်း ပျောက်၏။ ၃။ အအေး ဖျား ဖျားသော် အရွက် ကို ချင်းခြောက်နှင့် ပြုတ်သောက် ရ၏။ ၄။ ရွက်နုကိုကြိတ် ရှူသော် တွေဝေမူးမိုက်ခြင်း ပျောက်၍ ဦးနှောက် ကို ကြည်လင် စေ၏ ၅။ အရွက်ရည် ကို လိမ်းကျံ ပေးသော် နဖူး၊ မျက်ရိုး ကိုက်ခြင်း ပျောက်၏။ ၆။ အရွက်ကို ပေါင်းချွေး ပြုလုပ်၍ တိုက်သော် ကလေးများ ဝမ်းဗိုက်နာ ခြင်း ပျောက်၏။ ၇။ အရွက် ချွေးပြန်ရည် သောက်သော် သွေးတိုးရောဂါပျောက်၏။ ၈။ အရွက်ကို ဝါး၍ ကြောင်ကိုက်သော နေရာသို့ လိမ်းပေးသော် ကြောင်ဆိပ် ပြယ်၏။ ၉။ ပျို့အန်ခြင်း ပျောက်ကင်း စေတတ်သော ဆေးတွင် ပရုတ်အေး ကို ထည့်သောက်သော် ပိုမို လျင်မြန်စွာ ပျောက်ကင်း စေနိုင်၏။ ၁၀။ ပရုတ်အေးမှ ပရုတ်ဆီ ထုတ်၍ ပရုတ်ခဲ ပြုလုပ်ပြီး သွားတိုက်ဆေး၊ ချိုချဉ် ၊ဆပ်ပြာ၊ ဆပ်ပြာမွှေး၊အမွှေးအကြိုင် နှင့် အဖျော် ယမကာ များတွင် အားအင် ဖြည့်ဆေး အဖြစ် ထည့်သွင်း အသုံးပြုသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Mentha arvensis L.။ Board of Trustees of the Royal Botanic Gardens, Kew (2017)။ 1 August 2020 တွင် ပြန်စစ်ပြီး။
  2. http://arogyamonline.com/commodity/materials/?raw=108[လင့်ခ်သေ]