ပန်းတဉ်းဝန်
ပန်းတဉ်းဝန်
[ပြင်ဆင်ရန်]ပန်းတဉ်းဝန်သည် ကြေးသတ္တုနှင့် သက်ဆိုင်သည့် ကြေးစည်၊ ခေါင်းလောင်း၊ ရုတ်တု၊ ရုပ်ပွားတော်များ၊ ထွေးအင်၊ လင်ပန်း၊ ဖလား၊ ဇွန်း စသည်တို့ကို ခတ်လုပ်ရသည့် အမှုထမ်းများအား အုပ်ချုပ်ကွပ်ကဲရသူ ဖြစ်သည်။ ပန်းတဉ်းဝန်လို လက်အောက်တွင် ပန်းတဉ်းစားရေးတို့ကိုလည်း ထားရှိ၏။
မြန်မာ့ကြေးသွန်း လုပ်ငန်း
[ပြင်ဆင်ရန်]ကြေးသွန်းလုပ်ငန်းကို မြန်မာ့မြေပေါ်တွင် သရေခေတ္တရာခေတ်ကပင် စတင်ခဲ့ကြောင်းတွေ့ရှိရ၏။ ၁၉၆၆-၆၇ ခုနှစ်က သရေခေတ္တရာရှိ ဘုရားမာကုန်းမြေ အမှတ် ၁၁ တွင် ပျူခေတ်ခေါင်းလောင်းတစ်လုံးနှင့် ကြေးသွန်းအရုပ်များကို တူးဖော်ရရှိခဲ့သည်။ ခေါင်းလောင်းမှာ အမြင့် ၁၁ လက်မ ရှိသည်။ ပုဂံခေတ်တွင် ကြေးသွန်း ခေါင်းလောင်းကြီးများအား အလှူရှင်တို့က သွန်းလုပ် လှူဒါန်းခဲ့ဖူးသော်လည်း ယခုအခါ သဲလွန်စမျှသာတွေ့ရှိရပါတော့သည်။ ပုဂံ သဗ္ဗညုတဘုရားအနီး အရှေ့တောင်ဘက်ရှိ ခေါင်းလောင်းထမ်း ကျောက်တိုင်ကြီးနှစ်တိုင်မှာ ခေါင်းလောင်း၏ အရွယ်အစားကို မှန်းဆနိုင်သည်။ ကျန်စစ်မင်းသည် ကြေးသွန်းခေါင်းလောင်း ၅ လုံး သွန်းလုပ်လှူဒါန်းခဲ့ဖူးကြောင်း ဦးကုလား မဟာရာဇဝင်ကြီး၌ တွေ့ရှိရသော်လည်း ယခုအခါ ယင်းခေါင်းလောင်းများကို မတွေ့ရှိနိုင်တော့ပေ။ အင်းဝနှင့် ခေတ်ပြိုင် ပဲခူး ဟံသာဝတီမှ ဓမ္မစေတီမင်းသည် ရွှေတိဂုံစေတီတော်၌ ပိဿါချိန်တစ်သိန်းရှစ်သောင်းရှိ ကြေးသွန်း ခေါင်းလောင်းကြီးကို သွန်းလုပ် လှူဒါန်းခဲ့ဖူး၏။ (ယင်းခေါင်းလောင်းကြီးမှာ ငဇင်ကာ၏ လက်ချက်ကြောင့် ဒေါပုံမြစ်တွင်း နစ်မြှပ်နေပြီ ဖြစ်သည်။) ကုန်းဘောင်ခေတ်သို့ ရောက်ရှိလာသောအခါ ကြေးသွန်းလုပ်ငန်းမှာ ပိုမိုတွင်ကျယ်လာခဲ့ရာ ပန်းတဉ်းဝန်ဟူသော ရာထူးလည်း ပေါ်ပေါက်လာခဲ့သည်။
ကုန်းဘောင်ခေတ်ဦးကာလ ခေါင်းလောင်းကြီးများ
[ပြင်ဆင်ရန်]အလောင်းမင်းတရား (၁၇၅၂-၁၇၆၀) လက်ထက် ၁၇၅၈ ခုနှစ်တွင် အလောင်းမင်းတရား၏ မိဖုရားခေါင်က ရွှေဘိုမြို့ရွှေချက်စို ဘုရား၌ ခေါင်းလောင်သွန်းလုပ် လှူဒါန်းခဲ့သည်။ အလားတူ မြေဒူးမင်း (ဆင်ဖြူရှင်) (၁၇၆၃-၁၇၇၆) မှာလည်း ရွှေတိဂုံစေတီတော်၌ ချိတ်ဆွဲလှူဒါန်းရန် အချင်း ၇ ပေ ၆ လက်မ၊ အမြင့် ၁၀ ပေ ကျော်ရှိ မဟာကဏ္ဍခေါင်းလောင်းကို သွန်းလုပ်ခဲ့သည်။ သို့သော် ခေါင်းလောင်းကြီးမှာ မြေဒူးမင်းလက်ထက်တွင် မပြီးပြတ်ခဲ့ပဲ သားတော် စဉ့်ကူးမင်း (၁၇၇၆-၁၇၈၂) လက်ထက် ၁၇ ဇန်နဝါရီ ၁၇၇၉ တွင်မှ ရွှေတိဂုံရင်ပြင်ရာဟုထောင့်သို့ တင်လှူနိုင်ခဲ့၏။ ယခုတိုင် စဉ့်ကူးမင်း ခေါင်းလောင်းတော်ဟု အမည်တွင်ပါသည်။ ယင်းခေါင်းလောင်ကြီးကို ပန်းတဉ်းဝန်က ကြီးကြပ်သွန်းလုပ်ခဲ့ရသော်လည်း ခေါင်းလောင်းကမ္ပည်းစာတွင် ပန်းတဉ်းဝန်အမည် မပါရှိခဲ့ပေ။ အလားတူ ဘိုးတော်ဘုရား (ဗဒုံမင်း) (၁၇၈၂-၁၈၁၉) သည် ၁၇၈၂ ခုနှစ် စစ်ကိုင်းမြို့ ကမ်းနားလမ်းရှိ အောင်မြေလောကစေတီ၌လည်းကောင်း၊ ၁၈၁၁ ခုနှစ်တွင် အိမ်ရှေ့မင်း ဦးပေါ်က မန္တလေးမဟာမုနိရင်ပြင်၌ လည်းကောင်း ခေါင်းလောင်းသွန်းလုပ် လှူဒါန်းခဲ့၏။ အလားတူ ဗဒုံမင်း၏ သားတော်ကလေး မြို့စားမင်းသာမောင်နှံနှင့် မြန်အောင်မင်းသားတို့ကလည်း ခေါင်းလောင်းများ လှူဒါန်းခဲ့ဖူးပါသည်။ ဗဒုံမင်းလက်ထက် သွန်းလုပ်ခဲ့သည့် သမိုင်းဝင်ခေါင်းလောင်းကြီးမှာ ကြေးပိဿါချိန် ၅၅၅၅၅ ရှိသော မင်းကွန်းခေါင်းလောင်းကြီး ဖြစ်သည်။ အမြင့် ၁၂ ပေ၊ အဝန်းအကျယ် ၁၆ ပေ ရှိပြီး ၂၉ ဧပြီ ၁၈၀၈ တွင် စတင်သွန်းလုပ်ခဲ့ခြင်း ဖြစ်၏။ ယင်းခေါင်းလောင်းကြီးကို ပန်းတဉ်းဝန်က ကြီးကြပ်သွန်းလုပ်ခဲ့သည်ဟု မှတ်ယူရသော်လည်း ပန်းတဉ်းဝန်အမည်ကိုမူ အမှတ်အသား မတွေ့ရပေ။
စစ်ကိုင်းမင်းလက်ထက် ပန်းတဉ်းဝန်
[ပြင်ဆင်ရန်]စစ်ကိုင်းမင်း (ဘကြီးတော်)နန်းတက်စ ၃ နိုဝင်ဘာ ၁၈၁၉ တွင် ထီးဖြူဆောင်းမဂင်လာ အခမ်းအနား ကျင်းပစဉ် ပန်းတဉ်းဝန် ရွှေတောင်သိခင်နော်ရထာအား နေမျိုးနန္ဒကျော်သူဘွဲ့ပေးအပ်ခဲ့ကြောင်း သိရှိရ၏။ သို့သော် ပန်းတဉ်းဝန် နေမျိုးနန္ဒကျော်သူနှင့် ပတ်သက်၍ အခြားအမှတ်အသားများ မတွေ့ရပေ။ မည်သို့ဆိုစေကာမူ ပန်းတဉ်းဝန် နေမျိုးနန္ဒကျော်သူမှာ စစ်ကိုင်းမင်း လက်ထက်နှောင်းပိုင်းကာလအထိ ပန်းတဉ်းဝန်အဖြစ် အမှုထမ်းနေဆဲ ဖြစ်သည်။ ၁၃ ဖေဖော်ဝါရီ ၁၈၂၈ ခုနှစ်တွင် ခေါင်းလောင်းတစ်လုံးကို သွန်းလုပ်ရာတွင် ချွန်းတော်မြို့စား ပန်းတဉ်းဝန် နေမျိုးနန္ဒကျော်သူနှင့်အဖွဲ့က ကြီးကြပ်သွန်းလုပ်ခဲ့ရကြောင်း သိရှိရသည်။
ပန်းတဉ်းဝန် ဦးရွှေအိပ်
[ပြင်ဆင်ရန်]ပန်းတဉ်းဝန် ဦးရွှေအိပ်သည် စစ်ကိုင်းမင်းလက်ထက် နှောင်းပိုင်းကာလ၊ သို့မဟုတ် သာယာဝတီမင်း နန်းတက်စကာလတွင် ပန်းတဉ်းဝန်အဖြစ် အမှုထမ်းခဲ့သူဟု မှတ်ယူရ၏။ သာယာဝတီမင်းလက်ထက် ၃ အောက်တိုဘာ ၁၈၄၅ တွင် ပန်းတဉ်းဝန်ဟောင်း ဦးရွှေအိပ် ကွယ်လွန်သွားကြောင်း ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး ဒုတိယတွဲ၌ ဖော်ပြပါရှိသည်။
ပန်းတဉ်းဝန် ရွှေလှံဗိုလ်
[ပြင်ဆင်ရန်]သာယာဝတီမင်းလက်ထက်တွင် ခန့်အပ်ခံခဲ့ရသူ ပန်းတဉ်းဝန်မှာ ရွှေလှံဗိုလ်သည် ၁၈၄၁ ခုနှစ် အောက်တိုဘာလတွင် သာယာဝတီမင်း ရန်ကုန်သို့ စုန်ဆင်းလာစဉ် ဘုရင်မင်းမြတ်နှင့် အတူ လိုက်ပါခဲ့ရသည်။ ၁၈၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပန်းတဉ်းဝန် ရွှေလှံဗိုလ် ကြီးကြပ်သွန်းလုပ်သည့် ခေါင်းလောင်း ပြီးစီးသဖြင့် ရွှေတိဂုံစေတီရင်ပြင်ထက်၌ ချိတ်ဆွဲလှူဒါန်းခဲ့၏။ ၁၈၄၅ ခုနှစ်၌ပင် ပန်းတဉ်းဝန်ရွှေလှံဗိုလ် မင်းကြီးမဟာမင်းခေါင်သခင်ျာအား ပြည်မင်းသားကို ဖမ်းဆီးရန် စေလွှတ်ခဲ့သည့် တောင်တွင်းကြီးမြို့ဝန် ကြန့်ကြာနေသဖြင့် ထပ်မံစေလွှတ်ခဲ့ကြောင်း တွေ့ရှိရသည်။
ပန်းတဉ်းဝန် ဦးရွှေပင်
[ပြင်ဆင်ရန်]မင်းတုန်းမင်း (၁၈၅၃-၁၈၇၈)လက်ထက် ထင်ရှားခဲ့သူ ပန်းတဉ်းဝန်မှာ ဦးရွှေပင် ဖြစ်သည်။ ဦးရွှေပင်သည် အိမ်ရှေ့စံ ကနောင်မင်းသားကြီး အစီအစဉ်ဖြင့် ဥရောပနိုင်ငံများသို့ ပညာတော်သင် သွားရောက်ခဲ့ဖူးသူ ဖြစ်သည်။ သူသည် ဝန်ထောက်အရာကိုပါ ပူးတွဲထမ်းဆောင်ရသဖြင့် ပန်းတဉ်းဝန်ထောက် ဦးရွှေပင်ဟု အမည်တွင်ခဲ့သည်။ ဦးရွှေပင်၏ မင်းပေးဘွဲ့မည်မှာ မဟာမင်းလှကျော်ထင်ဖြစ်သည်။ ၁၈၇၂ ခုနှစ်က ပန်းတဉ်းဝန်ထောက် ဦးရွှေပင် ကင်းဝန်မင်းကြီး၏ သံအဖွဲ့၌ သံလတ်အဖြစ်လိုက်ပါလျက် ဥရောပသို့ သွားရောက်ခဲ့သည်။
သီပေါမင်းလက်ထက်
[ပြင်ဆင်ရန်]၁၈၇၈ ခုနှစ် အောက်တိုဘာလတွင် သီပေါမင်း နန်းတက်လာပြီးနောက် သံတော်ဆင့် မင်းလှစည်သူကျော်အား ပန်းတဉ်းဝန်အရာခန့်အပ်ခဲ့သည်။ ၂၄ အောက်တိုဘာ ၁၈၇၈ တွင် သံတော်ဆင့် ပန်းတဉ်းဝန် မင်းလှစည်သူကျော်နှင့်အဖွဲ့ မင်းတုန်းမင်း၏ ရုပ်တုတော်ကြမ်းကို သွန်းလုပ်ခဲ့ရကြောင်း သိရှိရ၏။ သို့သော် ၁၈၇၈ ခုနှစ် ဒီဇင်ဘာလအတွင်း ပန်းတဉ်းဝန် ရာထူးအပြောင်းအလဲ ဖြစ်ခဲ့၏။ သီပေါမင်းက ဗြဲတိုက်သံတော်ဆင့် မဟာမင်းလှမင်းခေါင်ကျော်ဘွဲ့ခံ ဦးအောင်မြတ်အား ပန်းတဉ်းဝန်ရာထူး ပြောင်းလဲခန့်အပ်ခဲ့သည်။ ယခင် ခန့်အပ်ခဲ့သော သံတော်ဆင့် ပန်းတဉ်းဝန် မင်းလှစည်သူကျော်သည် နတ်ရွာစံ မင်းတုန်းမင်း၏ ရုပ်တုသွန်းလုပ်မှုနှင့် ပတ်သက်၍ သီပေါမင်း၏ ငြိုငြင်မှုကို ခံခဲ့ရဟန် ရှိသည်။
ပန်းတဉ်းဝန် ဦးအောင်မြတ်
[ပြင်ဆင်ရန်]သီပေါမင်းလက်ထက် နောက်ဆုံး ပန်းတဉ်းဝန် မှာ မဟာမင်းလှမင်းခေါင်ကျော်ဘွဲ့ခံ ဦးအောင်မြတ် ဖြစ်သည်။ ပန်းတဉ်းဝန် ဦးအောင်မြတ်သည် ၂၉ နိုဝင်ဘာ ၁၈၈၅ တွင် သီပေါမင်း ပါတော်မူစဉ် ရတနာဂီရိသို့တိုင် လိုက်ပါအမှုထမ်းရွက်ခဲ့သူ ဖြစ်သည်။ မြန်မာမှုဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်၏ မိခင်မှာ ပန်းတဉ်းဝန် ဦးအောင်မြတ်မှ ဆင်းသက်လာသူ ဖြစ်ကြောင်း သိရှိရ၏။ သီပေါမင်းလက်ထက်က ပန်းတဉ်းဝန်စု အမှုထမ်း ၂၂ ဦး ရှိပြီး လစာ စပါးတော် ၄၀၆ တင်း ပေးအပ်ခံရကြောင်း သိရှိရသည်။၎င်းင်းစပါးများကို အိုးထိမ်းမော်ဆိပ်၌ ခံယူကြရသည်ဆို၏။