ပန်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဤဆောင်းပါးသည် အပင်အစိတ်အပိုင်းပန်း အကြောင်း ဖြစ်သည်။ အခြား အသုံးအနှုန်းများ အတွက် ပန်း (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
မျိုးရင်းမတူသည့် အပွင့်ဆောင်အပင်မျိုးစိပ်(၁၂)ခုတို့မှပွင့်သော ပန်းပွင့်(သို့)ပန်းခိုင်များကို ပြထားသည့် ပိုစတာ

ပန်း(တစ်ခါတစ်ရံ "ပန်းပွင့်")ဆိုသည်မှာ အပွင့်ဆောင်အပင်များတွင်သာ တွေ့ရသော မျိုးပွားအင်္ဂါစု ဖြစ်သည်။ ပန်း၏ ဇီဝဗေဒဆိုင်ရာ လုပ်ငန်းတာဝန်မှာ မျိုးပွားခြင်းကို သက်ရောက်စေပြီး များသောအားဖြင့် စပါးမ်(အဖိုမျိုးပွားဆဲလ်)နှင့် မမျိုးဥတို့ကို ပေါင်းစပ်ပေးခြင်း ဖြစ်သည်။ ပန်းများသည် ပွင့်ခြားမျိုးပွားခြင်း(မျိုးစိပ်တူအပင်အုပ်တစ်ခုရှိ မတူညီသည့်အပင်တို့မှ စပါးမ်နှင့် မမျိုးဥတို့ ပေါင်းစပ်ခြင်း)၊ သို့မဟုတ် ပင်တည်းမျိုးပွားခြင်း(တစ်ပင်တည်းမှ စပါးမ်နှင့် မမျိုးဥတို့ ပေါင်းစပ်ခြင်း) ကို အဆင်ပြေချောမွေ့စေတတ်သည်။