ပထဝီဝင်ဆိုင်ရာ ရပ်ဝန်း
ကျွနိုပ်တို့မှီတင်းနေထိုင်ရာ ကမ္ဘာကြီးသည် အပူအအေးကိုလိုက်၍ သဘာဝအားဖြင့် အပိုင်းကြီးငါးပိုင်း ကွဲပြားခြားနားလျက်ရှိသည်။ ထိုအပိုင်းကြီးငါးပိုင်းကို ပထဝီဝင်ဝေါဟာရအားဖြင့် ဇုန်ကြီးငါးဇုန် ဟု ခေါ်ကြသည်။ ဇုန်မှာ အင်္ဂလိပ်ဝေါဟာရ ဖြစ်ပြီး မြန်မာလို ရပ်ဝန်းဟူ၍ ပညာရှင်တို့က သတ်မှတ်ထားသည်။
ကမ္ဘာ့လတ္တီကျုဇုန်များ
[ပြင်ဆင်ရန်]ကမ္ဘာ့မျက်နှာပြင်ရှိ ဤဇုန်ကြီးငါးခုသည် ရာသီဥတုအရ ကွဲပြားကြပြီး အောက်ပါအတိုင်း ဖြစ်သည်။

- အပူပိုင်းဇုန် (Torrid Zone): အီကွေတာ၏ မြောက်ဘက် ၂၃° ၂၇′ (၂၃ ဒီဂရီ ၂၇ မိနစ်) နှင့် အီကွေတာ၏ တောင်ဘက် ၂၃° ၂၇′ လတ္တီတွဒ် မျဉ်းပြိုင်အတွင်းရှိ အပိုင်းသည် ကမ္ဘာပေါ်တွင် အပူဆုံးဒေသ ဖြစ်သဖြင့် အပူပိုင်းဇုန် ဟု ခေါ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် အီကွေတာ၏ တောင်ဘက်ရှိ တောင်ယဉ်စွန်းတန်းမှ အီကွေတာ၏ မြောက်ဘက်ရှိ မြောက်ယဉ်စွန်းတန်းအတွင်းရှိဒေသကို အပူပိုင်းဇုန်ဟု ခေါ်သည်။ ဤဇုန်သည် ကမ္ဘာ့မျက်နှာပြင်၏ ၃၉.၇၈% ကို လွှမ်းခြုံထားသည်။
- အအေးပိုင်းဇုန် (Frigid Zone): တောင်ဘက်ဝင်ရိုးစွန်းမှဖြစ်စေ၊ မြောက်ဘက်ဝင်ရိုးစွန်းမှဖြစ်စေ ၆၆° ၃၃′ လတ္တီတွဒ်မျဉ်းပြိုင်အတွင်းရှိ ဒေသများမှာ အေးသောဒေသများ ဖြစ်သဖြင့် အအေးပိုင်းဇုန် ဟု ခေါ်သည်။
- မြောက်အေးခဲဇုန် (North Frigid Zone): မြောက်ဝင်ရိုးစွန်း (၉၀° N) နှင့် အာတိတ်စက်ဝိုင်း (၆၆° ၃၃′၅၀.၄′′ N) ကြားတွင် တည်ရှိပြီး ကမ္ဘာ့မျက်နှာပြင်၏ ၄.၁၂% ကို လွှမ်းခြုံထားသည်။
- တောင်အေးခဲဇုန် (South Frigid Zone): အန္တာတိတ်စက်ဝိုင်း (၆၆° ၃၃′ ၅၀° ၄′′ S) မှ တောင်ဝင်ရိုးစွန်း (၉၀° S) အထိ တည်ရှိပြီး ကမ္ဘာ့မျက်နှာပြင်၏ ၄.၁၂% ကို လွှမ်းခြုံထားသည်။
- သမပိုင်းဇုန် (Temperat Zone): တောင်ဘက်အအေးပိုင်းဇုန်နှင့် အပူပိုင်းဇုန်အတွင်းရှိဒေသကို၎င်း၊ မြောက်ဘက် အအေးပိုင်းဇုန်နှင့် အပူပိုင်းဇုန်အတွင်းရှိ အပိုင်းကို၎င်း သမပိုင်းဇုန် ဟုခေါ်သည်။
- မြောက်သမပိုင်းဇုန် (North Temperate Zone): အာတိတ်စက်ဝိုင်း (၆၆° ၃၃′ ၅၀° ၄′′ N) နှင့် ကင်ဆာအပူပိုင်းဒေသ (၂၃° ၂၆′ ၀၉° ၆" N) ကြားတွင် တည်ရှိပြီး ကမ္ဘာ့မျက်နှာပြင်၏ ၂၅.၉၉% ကို လွှမ်းခြုံထားသည်။
- တောင်သမပိုင်းဇုန် (South Temperate Zone): မကာရအပူပိုင်းဒေသ (၂၃° ၂၆′၀၉° ၆′′ S) နှင့် အန္တာတိတ်စက်ဝိုင်း (၆၆° ၃၃′၅၀° ၄′′ S) ကြားတွင် တည်ရှိပြီး ကမ္ဘာ့မျက်နှာပြင်၏ ၂၅.၉၉% ကို လွှမ်းခြုံထားသည်။
ထိုကြောင့် ကမ္ဘာပေါ်တွင် အအေးပိုင်းဇုန် ၂ ခု၊ သမပိုင်းဇုန် ၂ ခု နှင့် အပူပိုင်းဇုန် ၁ ခု ပေါင်း ဇုန်ကြီးငါးခုရှိသည်။
ဇုန်များအတွင်း လေကြောင်းများ
[ပြင်ဆင်ရန်]ဤဇုန်ကြီးငါးခုအတွင်း၌ တိုက်ခတ်လျက်ရှိသော လေကြောင်းကြီးများလည်း ရှိသေးသည်။
ကုန်သည်လေ (Trade Winds)
[ပြင်ဆင်ရန်]အပူပိုင်းဇုန်အတွင်း၌ အရှေ့လေ တိုက်ခတ်သည်။ ရှေးအခါက ရွက်သင်္ဘောဖြင့် ကူးသန်းသွားကြသော ကုန်သည်များသည် ဤလေကို အထူးမှီခိုအားထားခဲ့ရသည်။ ထို့ကြောင့် ဤလေကို 'ကုန်သည်လေ' ဟု ခေါ်ကြသည်။ အီကွေတာတောင်ဘက်တွင် တိုက်ခတ်နေသော ကုန်သည်လေကို အရှေ့တောင်ကုန်သည်လေ ဟူ၍၎င်း၊ အီကွေတာမြောက်ဘက်တွင် တိုက်ခတ်နေသော ကုန်သည်လေကို အရှေ့မြောက် ကုန်သည်လေ ဟူ၍၎င်း အသီးသီးခေါ်ကြသည်။ ဤလေများမှာ အချိန်မှန်တိုက်ခတ်ကြသည်။
အနောက်လေ (Westerlies)
[ပြင်ဆင်ရန်]မြောက်ယဉ်စွန်းတန်းမှ မြောက်ဘက်သို့၎င်း၊ တောင်ယဉ်စွန်းတန်းမှ တောင်ဘက်သို့၎င်း တိုက်ခတ်သောလေကို အနောက်လေ ဟုခေါ်သည်။ တစ်နည်းအားဖြင့် ဆိုလျှင် သမပိုင်းဇုန်အတွင်း၌ အနောက်လေများ တိုက်ခတ်ကြ၏။ အနောက်လေမှာ ကုန်သည်လေကဲ့သို့ အချိန်မမှန်ချေ။
ဝင်ရိုးစွန်းလေ (Polar Winds)
[ပြင်ဆင်ရန်]မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့မှ သမပိုင်းဇုန်များဆီသို့ တိုက်ခတ်လာသောလေကို ဝင်ရိုးစွန်းလေ ဟု ခေါ်သည်။
ဤသို့လျှင် ဇုန်ကြီးငါးဇုန်အတွင်း၌ လေကြောင်းကြီး ၃ မျိုး တိုက်ခတ်လျက် ရှိပါသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)