ပထမဆုံး​ ဇာတ်လမ်း​ရုပ်ရှင်

ဝီကီပီးဒီးယား မှ

ပထမဆုံး ဇာတ်လမ်းရုပ်ရှင် (၁၃-၁၀-၁၉၂၀)[ပြင်ဆင်ရန်]

မြန်မာ့ရုပ်ရှင်သမိုင်းကို ၁၉၂၀ ပြည့်နှစ်တွင် ဦးထွန်းရှိန် ဈာပနသတင်းကားဖြင့် စတင်ဖွင့်လှစ်ခဲ့၏။ ဦးထွန်းရှိန်ဆိုသည်မှာ နိုင်ငံလွတ်လပ်ရေးအတွက် အင်္ဂလန်နိုင်ငံသို့ သွားရောက်အရေးဆိုခဲ့သော (ဖေ-ပု-ရှိန်) ကိုယ်စားလှယ်အဖွဲ့မှ ထင်ရှားကျော်ကြားလှသူ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။ ယင်းသတင်းကားပြသပြီး မရှေးမနှောင်းကာလ၌ပင် ရုပ်ရှင် ဖခင်ကြီး လန်ဒန်အတ်ဦးအုန်းမောင်သည် ဇာတ်လမ်းရှာဖွေကြည့်သောအခါ ပီမိုးနင်း၏ ဝတ္ထုဇာတ်လမ်းကို သဘောကျနှစ်ခြိုက်ကြသည်နှင့် မြန်မာ့အဆွေ တိုက်ပိုင်ရှင် သူဌေး ဦးဘညွန့်၏သား ဦးညီပုနှင့် ဦးအုန်းမောင်တို့ ဇာတ်ညွှန်းရေးသားကြတော့သည်။ မင်းသားအဖြစ် မောင်ညီပု ၊ ဓာတ်ပုံဆရာနှင့် ဒါရိုက်တာအဖြစ် ဦးအုန်းမောင်က ဆောင်ရွက်မည်။ မင်းသမီးကိုတော့ မရီဆိုသူအား ရွေးချယ်ကြ၏။ ဤသို့ဖြင့် ပထမဆုံး ဇာတ်လမ်း ရုပ်ရှင်ကား ပေါ်ထွက်လာသည်။


ပထမဆုံး ရုပ်ရှင်ဇာတ်ကားအမည်မှာ မေတ္တာနှင့်သူရာ ဖြစ်သည်။ ကိုလိုနီခေတ်ဦးကာလ ဖြစ်သဖြင့် အင်္ဂလိပ်ဘာသာနှင့်ပါ (Lover & Liquor) ဟူ၍ အမည်ပေးကြသည်။ ပါဝင်သရုပ်ဆောင်သူများက မင်းသား မောင်ညီပု ၊ မင်းသမီး မရီ ၊ လူကြမ်းနာမည်ကျော် ဘောလုံးသမား မောင်မောင်ချစ် ၊ ဦးပါကြီးနှင့် ဦးပုကြီးတို့ ဖြစ်ကြသည်။ ပထမဆုံး ဇာတ်လမ်း ရုပ်ရှင်ဇာတ်ကားကို ၁၉၂၀ ပြည့်နှစ် ၊ အောက်တိုဘာလ ၁၃ ရက်နေ့၌ ရွိုင်ရယ်စီနီမာ (Royal Cinema) ရုပ်ရှင်ရုံ၌ စတင်ပြသတော့မည့် သတင်းမှာ ထိုခေတ်ကာလ၏ စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ် ဖြစ်ခဲ့လေသည်။ မေတ္တာနှင့်သူရာ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပေအရှည် ၇၅၀ဝ ရှိပြီး ကားပိုင်းငါးပိုင်း ပါဝင်သည်။ စတင်ပြသစဉ်က ချာလီချက်ပလင်၏ ဟာသဇာတ်ကားတိုကလေးနှင့် ပူးတွဲပြသခဲ့ခြင်းဖြစ်၏။ ရုပ်ရှင်ဇာတ်ကား အကြောင်းသတင်းဖော်ပြရာတွင် ‘မြန်မာပြည်ရုပ်ရှင်ကား ကုမ္ပဏီ၏ ဥက္ကဋ္ဌလူကြီး ကိုအုန်းမောင် အမှူးပြု၍ ပြုလုပ်စီမံသော အဦးအစ ပထမမြန်မာ ဇာတ်ကားကြီး ဖြစ်သည်။ ဤကားသည် နိုင်ငံခြားမှ လာသော ကားများနှင့် ထပ်တူထပ်မျှဖြစ်အောင် ကြိုးစားအားထုတ်၍ အလွန်လှပယဉ်ကျေးသော နေရာများ ရွေးချယ်ပြီးသကာလ ကောင်းမွန်စွာ ဓာတ်ပုံများ ကူးခြင်းဖြစ်သည်။ ၎င်းပြင် ဤဇာတ်ကားကြီးမှာ မြန်မာတို့ရေးသော ဝတ္ထု ၊ မြန်မာလူမျိုးများက ကပြ၍ ၊ မြန်မာလူမျိုးတို့က ပုံရိုက်ခြင်းပြုပါသည်။ဟူ၍ ဖော်ပြကြ၏။