ပထမဆုံး​ စာဆို​တော်​နေ့​

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံ စာဆိုတော်နေ့ အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ဂျပန်ခေတ်ကာလ ၁၉၄၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် (၁၃၀၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်) နေ့ ညနေပိုင်းတွင် ကန်တော်ကြီးစောင်းရှိ မြိုင်ပြဇာတ်ရုံ၌ စတင်ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် စာပေပညာရှင်များ ၊ ဝါသနာရှင်များနှင့် ပရိသတ်များ အစုံအညီ တက်ရောက်ခဲ့ကြပြီး၊ ရှေးစာဆိုတော်တို့၏ စာများထဲမှ ကောက်နုတ်ချက်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ဆရာဦးသုခက ဦးပုည၏ ဝိဇယပြဇာတ်မှ စာသားအချို့ကို ထုတ်နုတ်ရွက်ဆိုခဲ့၏။ စာဆိုတော်နေ့အဖြစ် ပေါ်ပေါက်လာခဲ့ခြင်းမှာ (၄-၅-၁၉၄၄) တွင် ကွမ်းခြံကုန်းမြို့ အာရှလူငယ် အစည်းအရုံးဌာန၌ ဦးပုညနေ့ ကျင်းပရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ အဂင်လန်နိုင်ငံတွင် ရှိတ်စပီးယားပွဲတော် ကျင်းပသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း စလေဦးပုညကို ဂုဏ်ပြုသည့်အနေဖြင့် ဦးပုညနေ့ ကျင်းပခဲ့ကြသည်။ ဦးပုညနေ့ကျင်းပပြီး လေးရက်အကြာ ၈-၅-၁၉၄၄ တွင် ဦးဝိစာရလမ်း ၊ နဝရတ်ရိပ်သာ ဝင်းအတွင်းရှိပညာ ၊ ကျန်းမာနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးလှမင်းရုံးခန်းတွင် စာဆိုတော်နေ့ဟူ၍ ကျင်းပရန် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြ၏။ ယင်းအစည်းအဝေးတွင် ဆရာကြီး ဦးဖေမောင်တင် အပါအဝင် ၁၁ ဦးတက်ရောက်ခဲ့ကြ၏။ အစည်းအဝေးမှ စာဆိုတော်နေ့အဖြစ် ရက်တစ်ရက်ကို သတ်မှတ်ကြရန် ဆုံးဖြတ်ကြရာ၌ ဂျာနယ်ကျော် ဦးချစ်မောင်က ရှေးမြန်မာမင်းများလက်ထက်က နတ်တော်လတွင် မြန်မာဘုရင်များ ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်ကြမြဲဖြစ်ရာ နတ်တော်လအတွင်း နေ့တစ်နေ့ကို သတ်မှတ်ရန်တင်ပြ ဆွေးနွေးခဲ့သည်။ ဤသို့ဖြင့် နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပကြရန် သဘောတူညီခဲ့ကြ၏။