ပဆစ်ပစ်ခြင်း

ဝီကီပီးဒီးယား မှ
ပဆစ်ပစ်ခြင်း
ကြွေအံကစားနေပုံ
အသက်ဝင်ဆဲ ခုနှစ်at least 5,000
အမျိုးအစားကွဲများBoard game
Abstract strategy game
Mind sport
ကစားသူများ2-8
Setup time<1 minute
ကစားချိန်Casual games usually last 30 to 60 minutes; tournament games last anywhere from about 60 minutes to 3 hours or more.
အခွင့်အရေးHigh (dice rolling)
အသက်အရွယ် အပိုင်းအခြား4+
စွမ်းရည်များStrategy, tactics
အခြားအခေါ်များကြွေပစ်ကစားခြင်း (or ကြွေကစားခြင်း)
ကြွေ သို့မဟုတ် ကြွေပစ် သို့မဟုတ် ပဆစ် သို့မဟုတ် ပဆစ်ပစ်

သမိုင်း[ပြင်ဆင်ရန်]

ပဆစ်ပစ်ခြင်း သို့မဟုတ် ကြွေပစ်ကစားခြင်း သို့မဟုတ် ကြွေကစားခြင်း သည် မြန်မာနိုင်ငံ၌ ရှေးပဝေသဏီကပင် ခေတ်စားခဲ့သော မြန်မာအိမ်တွင်း ကစားနည်း တစ်မျိုးဖြစ်သည်ဟု ယူဆရ၏။

ဗုဒ္ဓဝင် ဝိဒူရ ဇာတ်တော် တွင် ပုဏ္ဏက ဘီလူး သည် ကြွေပဆစ် ပစ်ကစားခြင်းလောင်းကြေးအဖြစ် ဘုရားလောင်း ဝိဒူရအမတ်ကို သိမ်းယူကြောင်း ပြဆိုသည်။[ကိုးကားချက်လိုသည်]

ပုဂံခေတ်က စောလူးမင်း နှင့် ငရမန်ကန်း ကြွေအံကစားရာ ငရမန်ကန်း နိုင်သည့်အလှည့်တွင် လောင်းကစားသမားတို့ ထုံးစံအတိုင်း ခနိုးခနဲ့ ပြောသည်ကို ရှုံးသူ စောလူးမင်းက

"အံမယ် ကြွေအံလေး နိုင်တာနဲ့ ကြွားနေလိုက်တာ မင်းတကယ်စွမ်းရင် ငါ့ကို ပုန်ကန်စမ်း "

ဟု စိတ်လိုက်မာန်ပါ ပြောလိုက်မိသဖြင့် စောလူးမင်း အသက်ပါ ပေးလိုက်ရဖူးသည် ဟု ဆိုသည်။ [ကိုးကားချက်လိုသည်]

စလေ ဦးပုညသည် ရေသည်ပြဇာတ်၌ ဆင်းရဲလှသော ရေသည်မ၏ထဘီကို အစုတ်အပြတ် အဖာအထေး အစပ်ထွေ များလှသဖြင့်- 'စုတ်ပေတောင့်ထမိန်၊ အစပ်ကတရာ၊ အဖာက ဘရပြစ်၊ မှောင်ကျအောင်ညစ်ပါတဲ့၊ ပဆစ်အိမ်ကို'ဟူ၍ နှိုင်းရှည့်စပ်ဆိုခဲ့လေသည်။[ကိုးကားချက်လိုသည်]

ထို့ပြင် ယင်းသည့်ကစားနည်းသည် အိန္ဒိယ နှင့် သီရိလင်္ကာတို့မှ ရောက်လာသော ကစားနည်း ဖြစ်ဟန်တူသည်။

အိန္ဒိယလူမျိုးများသည် ကြွေ ခုနစ်လုံးဖြင့် 'ပစိသိ'ဟူသော စကားနည်းတစ်မျိုးကို ကစားလေ့ ရှိသည်။[ကိုးကားချက်လိုသည်]

သီဟိုဠ်နိုင်ငံတွင် အလားတူ ကစားနည်းမျိုးကို 'ပါစုဝီစိ'ဟု ခေါ်လေသည်။[ကိုးကားချက်လိုသည်]

ပစိသိဆိုသည်မှာ ဟိန္ဒီဘာသာတွင် ၂၅ ဟု ဆိုလိုသည်။ ပစိသိမှ ပဆစ်ဟူ၍ ရွှေ့လျားလာခြင်း ဖြစ်ဟန်တူသည်။ ပဆစ်ကစားနည်းတွင် ကြွေခြောက်လုံးကို ပစ်ထည့်လိုက်ပြီးနောက် ငါးလုံးလန်ကာ တစ်လုံးမှောက်နေလျှင် တစ်စိတ်ဟုခေါ်ပြီးသော်၊ အကွက် ၂၅ ကွက် ရွှေ့နိုင်သည်။ အကွက်အများဆုံး ရွှေ့နိုင်သော ကြွေလက်ဖြစ်သည်။[ကိုးကားချက်လိုသည်]

ယင်းသည့် ပဆစ်ပစ် ကစားနည်းမျိုးသည် လွန်ခဲ့သော နှစ်ပေါင်း ၂ဝ-၂၅ ခန့်တိုင်အောင် ခေတ်စားခဲ့သော်လည်း ယခုအခါတွင် နိုင်ငံခြား ဖဲကစားနည်း၊ မာဂျောင်းကစားနည်း စသည်တို့ ဝင်ရောက်လာသဖြင့် တိမ်ကောပပျောက်လုနီးပါး ဖြစ်နေလေပြီ။ ပဆစ်ပစ်ကစားနည်းကို ယောက်ျားများထက် မိန်းမများ ပို၍ ကစားလေ့ ရှိကြသည်။[ကိုးကားချက်လိုသည်]

ပစ္စည်းကိရိယာ[ပြင်ဆင်ရန်]

[၁]

ကြွေစေ့[ပြင်ဆင်ရန်]

နောက်ထပ် အချက်အလက်များ။ ကြွေစေ့

ကြွေပစ်ရာတွင် သုံးသည့် ကြွေစေ့ များသည် ပင်လယ်ကြွေခရု အခွံများဖြစ်ကြသည်။ ကြွေခရုခွံမှာ အနည်းငယ်ရှည်မျောမျော လိပ်ခွံငယ်သဏ္ဠာန်ရှိသည်။ အပေါ်ဖက်မျက်နှာပြင် မှာ အခုံးဖြစ်၍ အောက် ဖက် မျက်နှာပြင်မှာ အညီ ဖြစ်သည်။ အခုံးဖက်တွင် ပြောင်ချောနေ၍ အောက် ပြင်ညီဖက်တွင် အနားများ အတွင်းသို့ အနည်းငယ် လိတ်ဝင်နေသည့် အလျားလိုက် အကွဲကြောင်းပါသည်။ အကွဲ ကြောင်း အနားတလျှောက် အတွန့်လေးများ ပါသည်။ မျက်နှာပြင်မှာ ပြောင်လက်တောက်ပနေကာ အရောင်မျိုးစုံရှိ အစက် အစင်း စသည့်ဒီဇိုင်းမျိုးစုံဖြစ်နေသဖြင့် အလွန်လှသည်။ ပဆစ်ပစ် ကစားနည်းအတွက် ကြွေစေ့များ အရွယ်အစားမှာ အလျား ၁.၅ စင်တီမီတာခန့်၊ အနံ ၀.၈ မှ ၁ စင်တီမီတာခန့်၊ အထူ ၀.၅ စင်တီမီတာခန့် ရှိသည်။ အရွယ်တူ ကြွေစေ့ငယ် စုစုပေါင်း ခြောက်စေ့သုံး ကစားရသည်။ (သရုပ်ပြပုံလိုသည်)

ကြွေခွက်[ပြင်ဆင်ရန်]

ကြွေစေ့ခြောက်စေ့ကို ကြွေပန်းကန်လုံး နှုတ်ခမ်းပက်⁠ပက်ထဲသို့ ပစ်ထည့် ကစားလေ့ ရှိသော်လည်း ရှေးကမူ ဂရို့တွင်းသို့ ကြွေစေ့များပစ်ထည့်ကစား ကြသည်။

ဂရို့ဆိုသည်မှာ ပြုပြင်ထားသော ဝါးကျည်ထောက် တစ်ခု ဖြစ်သည်။ ဝါးလုံးတစ်ခုကို အဆစ်လွတ်တပေမျှ ဖြတ်ရသည်။ ထို့နောက် အတွင်းဘက်တွင် ဝါးတံကလေးခြောက်ခုကို တစ်ခုအောက်တစ်ခု တစ်လက်မစီမျှခွါ၍ လျှိုသွင်းရသည်။ အစွန်းမထွက်ရန် ညှိပေးရသည်။ ထို့နောက် ဝါးကျည် ထောက်ကို ထောင်လျက် တည်စေရန်၊ သစ်သားတုံးတစ်ခုတွင် ကပ်ရိုက်ရသည်။ ယင်းကို ဂရို့ဟုခေါ်သည်။ ကြွေပစ် မကျွမ်းကျင်သူတို့အဖို့ ကြွေစေ့ ခြောက်စေ့စလုံးကို ဂရို့တွင်းသို့ ဝင်အောင် မပစ်နိုင်ကြချေ။ နောင်အခါ ဂရို့အစား ပန်းကန် လုံးကို အလွယ်တကူ သုံးစွဲလာကြသည်။ ကြွေခွက် အဖြစ် ပန်းကန်လုံးကို သုံးသော ကြွေဝိုင်းများမှာ အသံ တချွင်ချွင် မြည်သဖြင့် အဝေးမှပင် ကြွေဝိုင်းရှိကြောင်း သိနိုင်လေသည်။ (သရုပ်ပြပုံ (များ) လိုသည်)

ကြွေခုံ (သို့) ပဆစ်အိမ်[ပြင်ဆင်ရန်]

ပဆစ်ကစားရာတွင် ကြွေခုံ သို့မဟုတ် ပဆစ်အိမ်၌ လက်တံတစ်ဖက် စီတွင် ကျားကွက်ပုံ (၈ ကွက်တန်း ၃ တန်း) စုစုပါင်းအကွက် (၂၄) ကွက်စီ ပါရှိသည့် လက်တန် လေးဘက် ပါရှိသည်။ အကွက်များကို တကွက်ခြား ဆေးခြယ်၍ဖြစ်စေ ဆေးမခြယ်ပဲဖြစ်စေ ပြုလုပ်ကြသည်။ လက်တန်များကို တခုနှင့်တခု ၉၀ ဒီဂရီ ထိပ်တိုက် စီထားသဖြင့် ပဆစ်အိမ်မှာ ကြက်ခြေခတ်ပုံ သဏ္ဌာန် ရှိသည်။

လက်တံတစ်ခုချင်းစီ၏ အစွန် သုံးကွက်တို့တွင် အလယ်ကွက်များသည် ကြွေနိုးပြီးနောက် ပိုများကို စ ၍ တင်ကာ ကစားရသည့် အစကွက်လည်း ဖြစ်သလို ပိုရင့်များ အိမ်ပြန်ဝင်သည့် အိမ်ဝင်ကွက်(အိမ်ကွက်)များလည်း ဖြစ်သည်။

လက်တံအစွန် ထောင့်ကွက် များမှ စတင်၍ အတွင်းဖက်သို့ လေးကွက်မြောက် အကွက် များကို ကြက်ခြေခတ် အမှတ်အသားဖြင့် မှတ်သားထားသည်။ ၎င်းတို့မှာ အထိုင်ကွက်များဖြစ်သည်။

လက်တံ၏ ဘေးတဖက်တချက် အကွက် ရှစ်ကွက်စီ နှင့် အိမ်ကွက် များကို ပို ပြေးလမ်း အဖြစ် အသုံးပြုသည်။

ကြွေခွက်ကို ကြွေခုံ၏ အလယ်နေရာလွတ်၌ ချ၍ တလှည့်စီ ကြွေပစ်ကစားလေ့ ရှိကြသည်။

ပဆစ်အိမ် ကြွေခုံ

ကြွေခုံကို ပုံတွင် ဖော်ပြသည့်အတိုင်း ရောင်စုံ အဝတ်စ များကို အကွက်ဖော် ချုပ်လုပ်၍ဖြစ်စေ၊ ဂျပ်စက္ကူပေါ်တွင် အကွက်ချရေး၍ဖြစ်စေ၊ ပျဉ်ချပ်ပေါ်တွင် အကွက်ဖော်၍ဖြစ်စေ၊ ကြမ်းပြင်တွင် အကွက်များ ရေးဆွဲ၍ဖြစ်စေ ပြုလုပ်ရသည်။

(သရုပ်ပြပုံများလိုသည်)

ပိုများ[ပြင်ဆင်ရန်]

ပိုဆိုသည်မှာ ကြွေလက်အလိုက် အကွက်များ ပေါ်တွင် ရွှေ့ကစားရသော ပစ္စည်းများဖြစ်သည်။ 'ပို' ရှစ်လုံးစီဖြင့် ကစား ကြရသည်။ ပို တခုနှင့် တခု အရောင် နှင့် ပုံပန်းသဏ္ဌာန် မတူညီစေပဲ ကွဲပြားနေ အောင် ပြုလုပ်ထားရသည်။

ကစားနည်း[ပြင်ဆင်ရန်]

[၂]

ကစားသူ အရေအတွက်[ပြင်ဆင်ရန်]

နှစ်ဖက် ယှဉ်ပြိုင်ကစားရသော ကစားနည်းဖြစ်သည်။ ကြွေခုံ တခုံတွင် ကစားသူ နှစ်ဦး မှ ရှစ်ဦးအထိ ကစားနိုင်သည်။ ကစားရာတွင် တစ်ဦးချင်းဖြစ်စေ၊ နှစ်ဖက်ခွဲ၍ဖြစ်စေ ကစားနိုင်သည်။ နှစ်လက်ခွဲ၍ ကစားလျင် နှစ်အိမ် တစ်ဖက်စီထား၍၊ (၁၊ ၂၊ ၃၊ ၄၊ အစဉ်လိုက်ထားလျှင် ၁ နှင့် ၂၊ ၃ နှင့် ၄) နှစ်ဖက် မျက်နှာချင်းဆိုင် ယှဉ်ပြိုင်ကစားကြ ရသည်။ တစ်ဖက်လျှင် တစ်ယောက်မှသုံးယောက်၊ လေးယောက်အထိ ကစားနိုင်သည်။

စတင်ခြင်း[ပြင်ဆင်ရန်]

စတင် ကစားရာတွင် မည်သူကစ၍ ကြွေများ ပစ်ထိုက်သည်ကို ယှဉ်ပြိုင် ကစားသည့် တစ်ဖက်စီမှ လူတစ်ယောက်စီက ကြွေများကို တစ်လှည့်စီပစ်ကြရသည်။ အပွင့်သာသည့် လူဘက်မှ စတင်၍ ကြွေပစ်ကစားရလေသည်။ ကြွေခြောက်စေ့ဆုပ်ကိုင်၍ ပန်းကန်ထဲ သို့မဟုတ် ဂရို့ထဲ သို့ ပစ်ထည့်ရသည်။

အံခြင်း နှင့် ကြွေစေ့ထောင်ခြင်း[ပြင်ဆင်ရန်]

ပန်းကန်နှင့်ကစား၍ ကြွေစေ့ ပြန်ထွက် လာလျှင် အန်သည်ဟုဆိုသည်။ 'အန်'သောသူသည် ပိုကို မရွေ့ ရတော့ချေ။ ကြွေ ပစ်လှည့်ကိုလည်း နောက်လူ သို့မဟုတ် တစ်ဖက်လူသို့ပေးရသည်။ တစ်ခါတစ်ရံ ကြွေစေ့တစေ့သည် အခြားကြွေစေ့များကို ကပ်မှီလျက်ထောင်နေလျှင် တစ်ဖက်လူက ပန်းကန်ကိုအသာခေါက်ပေးရသည်။ ယင်းသို့ ခေါက်ပေး၍ မှောက်သည်။ လန်သည်အတိုင်း အဆုံးအဖြတ် ဖြစ်သည်။

ကြွေပစ်၍ 'ပို' ကို ရွှေ့ခြင်း[ပြင်ဆင်ရန်]

ကြွေပစ်လိုက်၍ ကြွေတစ်စေ့လန်ပြီးလျှင် ငါးစေ့မှောက် နေခဲ့သော် တစ်ဆယ်ဟုခေါ်သည်။ ပိုကို ဆယ်ကွက်ရွှေ့ရ သည်။ နှစ်စေ့လန်၍၊ လေးစေ့မှောက်နေခဲ့သော် ပါဟု ခေါ်သည်။ နှစ်ကွက်ရွှေ့ရသည်။ သုံးစေ့လန်၍ သုံးစေ့မှောက် နေခဲ့သော် သုံးလုံး၊ သို့မဟုတ် သုံးချွန်း ခေါ်သည်။ သုံးကွက် ရွေ့ရသည်။ လေးစေ့လန်၍၊ နှစ်စေ့မှောက်နေခဲ့သော် လေးလုံး ဟု ခေါ်သည်။ လေးကွက်ရွေ့ရသည်။ ငါးစေ့လန်၍၊ တစ်စေ့မှောက် နေခဲ့သော် တစ်စိတ်ဟု ခေါ်သည်။ နှစ်ဆယ့် ငါးကွက် ရွှေ့ရသည်။ ခြောက်စေ့လန်နေခဲ့လျှင် တဗာရာဟု ခေါ်သည်။ ဆယ့်နှစ်ကွက်ရွှေ့ရသည်။ (ပါဠိအလိုအားဖြင့် ဆယ့်နှစ်ကို ဗာရသ၊ ဟင်ဒီစကားဖြင့်လည်း ဆယ့်နှစ်ကို ဗာရ ဟု ခေါ်သည်။) ခြောက်စေ့စလုံး မှောက်နေခဲ့လျှင် တခြောက် ဟု ခေါ်သည်။ ခြောက်ကွက်ရွှေ့ရသည်။ (သရုပ်ပြပုံများလိုသည်)

ပိုနိုးခြင်း[ပြင်ဆင်ရန်]

အထက်ပါ စည်းကမ်းအတိုင်း ရွှေ့ရသော်လည်း၊ 'ပိုနိုး'ပြီးမှ ရွှေ့ရသည်။ ပိုနိုးသည် ဆိုသည်မှာ တဆယ်သော်လည်းကောင်း၊ တစ်စိတ်သော်လည်းကောင်း ကြွေလက်ကျမှ 'ပိုနိုး'သည်၊ 'ပိုနှိုး'သည် ဟု ခေါ်သည်။ ပို မနိုးမခြင်း မိမိပိုကို ပဆစ်အိမ်သို့ မတင်ရသေးချေ။ ပို တစ်ခါနိုးမှ ပိုတစ်ပိုတင်ရသည်။

ကြွေထပ်၍ပစ်ခွင့်များနှင့် သေခြင်း[ပြင်ဆင်ရန်]

တစ်စိတ် သို့မဟုတ် တစ်ဆယ် သို့မဟုတ် တစ်ဗရာ သို့မဟုတ် တခြောက် တို့ကိုရလျှင်၊ ထပ်၍ ပစ်ခွင့်ရသည်။

သို့သော် တစ်စိတ် သော်လည်းကောင်း၊ တစ်ဆယ် သော်လည်းကောင်း တစ်လှည့်စီဖြစ်စေ၊ တစ်မျိုးတည်းဖြစ်စေ သုံးကြိမ်ဆက်ကျလျှင်ကား ထိုလူ သေတော့သည်။ အဆိုပါ နောက်လူ သို့မဟုတ် တစ်ဖက် လူ၏ အလှည့်ရောက်သွားသည်။ ယင်းသို့ ဆက်တိုက် ကျနိုင် ရန်မှာ အလွန်ခဲယဉ်းသည်။

တစ်စိတ် သို့မဟုတ် တစ်ဆယ် ဆက်တိုက် နှစ်လက် ဆက်ကျပြီး၍၊ တစ်ဗာရာ သို့မဟုတ် တစ်ခြောက် ခြားပြန်လျှင် ထပ်ပစ်နိုင်ပြန်သည်။

ပိုရွှေ့နည်း[ပြင်ဆင်ရန်]

ပိုဟုခေါ်သော ပစ္စည်းများသည် သစ်သားတုံးကလေးများ သော်လည်းကောင်း၊ အပ်ချည်လုံး နှစ်ပိုင်းဖြတ်များသော်လည်းကောင်း ဖြစ်ကြ၍၊ တစ်ခုနှင့်တစ်ခု ခွဲခြားနိုင်အောင်အရောင်ကွဲဆေးခြယ်ထားသည်။

ပို များကို နာရီလက်တံလည်သည်နှင့် ပြောင်းပြန် အတိုင်း ရွှေ့ရသည်။

'ပိုစိမ်း' နှင့် 'ပိုနီ' ဟူ၍ နှစ်ဖက်ခွဲခြားထားသည် ဆိုပါစို့။ ပိုနီဘက်မှစ၍ ပိုနိုးလျှင် နိုးသည့် ပိုကိုပဆစ်အိမ် အကွက်တန်း သုံးခုရှိရာ အလယ်ကွက် (က) အမှတ် ပြထားသော အကွက်မှ စ၍ ထွက်ရသည်။ (က) အမှတ်ပြထား သော အကွက်တန်းသည် ပိုနီဘက်မှ အိမ်ဖြစ်သည်။ မျက်နှာချင်းဆိုင်အိမ် (က၁) အမှတ်ပြအိမ်သည် အကွက်တန်း များတွင် ပိုစိမ်း၏ အိမ်ဖြစ်သည်။ (သရုပ်ပြပုံလိုသည်)

ပို ထိုင်ခြင်း[ပြင်ဆင်ရန်]

ကြက်ခြေပြထားသော အကွက်များသည် အထိုင် သို့မဟုတ် ထိုင်ကွက်များ ဖြစ်ကြ သည်။ 'အထိုင်' ရထားသော ပိုကို တဖက်ပိုက မသတ်နိုင်ချေ။

စတင်ရွှေ့ခြင်း[ပြင်ဆင်ရန်]

တစ်ယောက်ချင်းမဟုတ်ဘဲ၊ တစ်ဖက်⁠တစ်ဖက်တွင် တစ်ယောက်ထက်ပို၍ နှစ်ယောက် သုံးယောက် စသည်ဖြင့် ကစားကြလျှင် ပိုနိုးပြီးသူ၏ ကြွေလက်အတွက်သာ ပိုကို အကွက်ရွှေ့ရသည်။ ပိုမနိုးသေးသူအတွက် ပိုအကွက် မရွှေ့ ရချေ။ ပထမပိုနိုး၍ (က) အမှတ်ပြအကွက်တွင် ပိုတစ်ခု တင်ပြီးလျှင်၊ နိုးရာပိုအလိုက်၊ မိမိအိမ်မှစ၍ ထွက်ကာ ဆယ်ကွက်၊ ဆယ့်နှစ်ကွက်စသည်ဖြင့် ကြွေလက်အတိုင်း အကွက်ရွှေ့ရသည်။ ပုံစံအားဖြင့် ကြွေလက်တွင် 'တစ်ဆယ်' ကျ၍ ပိုနိုးသူသည် နောက်တကြိမ်ထပ်မံ ပစ်ခွင့်ရသေးသဖြင့် ဒုတိယ အကြိမ် ထပ်ပစ်ရာ၊ 'ပါ' ကျသည်ဆိုပါစို့။ ထိုသူ၏ ကြွေ လက်များအတွင်း ပိုကို 'တစ်ဆယ်'အတွက် ဆယ်ကွက်၊ 'ပါ'အတွက် နှစ်ကွက်၊ ပေါင်းဆယ့်နှစ်ကွက် ရွှေ့ရသည်။

ပိုနု ပိုရင့်[ပြင်ဆင်ရန်]

အိမ်မှထွက်စ ပိုကိုပိုနုဟု ခေါ်သည်။ တစ်ဖက်က ပိုကိုသတ်၍၊ ပဆစ်အိမ်တစ်ပတ်လှည့်ပြီးလျှင် မိမိအိမ် ပြန်ဝင် သော ပိုကို ပိုရင့်ဟု ခေါ်သည်။

ပို ရွှေ့ခြင်း[ပြင်ဆင်ရန်]

ပထမအကြိမ် ပိုနိုးပြီး၍၊ နောက်ထပ် ပိုနိုးခဲ့သော် (က)အမှတ်တွင်ပင် ပိုတင်ရသည်။ အကွက်ရွှေ့ရာ၌ ပထမ တင်ပြီး ပိုကိုလည်း ရွှေ့နိုင်သည်။ သို့မဟုတ် ဒုတိယတင်သော ပိုကိုလည်း ရွှေ့နိုင်သည်။ ပိုရွှေ့ရာ၌ တဖက်ပို၏ အသွားအလာ လမ်းကြောင်း အနေအထားကို ကြည့်၍ တစ်ဖက်ပို၏ သတ်ကွင်းမှ လွတ်နိုင်သမျှ လွတ်အောင် ရွှေ့ရသည်။

ပိုရှစ်လုံးစလုံး အကုန်နိုးပြီးနောက် တစ်စိတ် တစ်ဆယ် စသည် ဖြင့် ကြွေကျပြန်သော်၊ ပိုနောက်ထပ် တင်စရာမရှိသဖြင့် ကြိုက်ရာ ပိုကို တစ်ကွက်တိုးရွှေ့နိုင်သည်။ တစ်ပိုတိုးဟု ခေါ်၍ ရွှေ့ရသည်။

ပို ချင်း ထပ်ထားခြင်း နှင့် လျှော်ခြင်း[ပြင်ဆင်ရန်]

အိမ်ဟု ခေါ်သော အလယ်ကွက်တန်း သည် (က) အမှတ်မှ (ဆ) အမှတ်အထိ ဖြစ်သည်။ (က) မှ (ဆ) အထိကို အိမ်ကွက်များဟု ခေါ်သည်။ 'အိမ်ကွက်များ'၌ ပိုချင်းတပ်ထားနိုင်သည်။ အိမ်ကွက်နှင့် ထိုင်ကွက်များမှတစ်ပါး၊ အခြားအကွက်များတွင် ပိုချင်းထပ်မထားနိုင်ချေ။ မိမိပစ်၍ ကျသော ကြွေသည် မိမိပိုအား ထိုင်ကွက်သို့ ရောက်စေနိုင်သော် လည်း ထိုထိုင်ကွက်တွင် တစ်ဖက်ပိုရှိနေလျှင် မိမိပိုကို မရွှေ့ နိုင်ချေ။ မိမိ၏အခြား အကွက်မှ ပိုကို ရွှေ့ရသည်။ ရွှေ့စရာ အခြားပိုမရှိလျှင် ယင်းကြွေလက်ကို လျှော်လိုက်ရတော့သည်။

ပို သတ်ခြင်း[ပြင်ဆင်ရန်]

တစ်ဖက်မှ ပိုသည် အခြားအကွက်တကွက်တွင် ရှိနေသော အခြားတစ်ဖက်မှပိုကို ထပ်မိသည်အထိ ကွက်တိရောက်အောင် ပစ်နိုင်လျှင် ပိုသတ်သည်ဟု ခေါ်သည်။ ပိုသတ်ခြင်းခံရလျှင် အသတ်ခံရသောဘက်မှ တင်ထားသော ပိုများအားလုံးကို ပြန်ချ ရသည်။ 'အထိုင်' ကွက်တွင် ရှိနေသော ပို၊ ပိုနု၊ ပိုရင့် မရွေး အကုန်ပြန်ချရသည်။ အသတ်ခံရသည့်ဘက်က ကြွေပစ်လှည့် ရောက်၍ ပိုနိုးမှ ပြန်တင်ရလေသည်။

အိမ်ဝင်ခြင်း ပိုပြီးခြင်း နှင့် ပိုကန်းခြင်း[ပြင်ဆင်ရန်]

ပိုသည် မိမိအိမ်မှ ထွက်ခဲ့ပြီးလျှင်၊ ပဆစ်အိမ်ကို တစ်ပတ် လှည့်ခဲ့ရာ၊ လမ်းတွင်တစ်ဖက်မှ ပိုကို သတ်ခဲ့ပြီးမှ မိမိအိမ်သို့ ပြန်ဝင်ရသည်။ တဖက်ပိုကို မသတ်ရသေးလျှင် မိမိအိမ်တွင်းသို့ မဝင်နိုင်သေးချေ။ မိမိအိမ်ပေါက်ရောက်ပြီးမှ ပဆစ်အိမ်ကို ရှေးနည်းအတိုင်း တစ်ပတ်လှည့်ရပြန်သည်။ (အချို့အရပ်ဒေသ တွင်မူ ပိုမသတ်ရသေးသော်လည်း မိမိအိမ်ပေါက်ပြန်ရောက်လျှင် ဝင်နိုင်သောနည်းဖြင့် ကစားကြသည်။) ယှဉ်ပြိုင် ကစားသည့် နှစ်ဖက်သည်သည် တစ်ဖက်လျှင် နှစ်အိမ်ပိုင်ကြောင်း ဆိုခဲ့ သည်။ ပိုတို့သည် မူလစထွက်သည့် အိမ်ကိုသာ ပြန်ဝင်ရလေ့ ရှိသော်လည်း၊ အိမ်တွင်းသို့ဝင်သော ပို (ပိုရင့်)ကို အထွက်ပို (ပိုနု)နှင့် ကွဲလွဲစေရန်၊ အဆိုပါ ဒုတိယအိမ်ကွက်များတွင် ရွှေ့ထားရသည်။ ပိုကို အိမ်တွင်းသို့ ဝင်ခဲ့ရာ၊ အလယ်အကွက်ကြီးသို့ ရောက်အောင်ဝင်နိုင်ပါမှ ပိုပြီးသည်ဟု ဆိုသည်။ ပြီးရန် သုံးကွက်လိုလျှင် လေးလုံးကျပါမှ အကွက်ကြီးအတွင်းသို့ ရောက်နိုင်သည်။ တစ်ခါတစ်ရံ ကွက်တိ မကျဘဲလေးလုံးကျမှ ပြီးမည့် ပိုအတွက် သုံးလုံး၊ သို့မဟုတ် သုံးချွန်းကျလျှင် ပိုကန်းတော့သည်။ ယင်းသည့်အခါ နောက်တစ်လှည့်တွင် တစ်ဆယ်၊ သို့မဟုတ် တစ်စိတ်ကျပါမှ အတွင်းဝင်နိုင်၍ ပိုပြီးတော့သည်။

စလေဆရာကြီးဦပုညသည် ဝိဇယပြဇာတ်၌ ဘဒ္ဒကဉ္စနာ မင်းသမီးက ယက္ခဒီပကျွန်းတွင် ဖောင်တော်ဆိုက်သည့်အခါ ဘီလူးအား ပြောသော အခန်း၌-'ဖြစ်ရလေမယ့် ကံငယ်၊ လောကဓံ လူ့တိုင်းမှာ အရိုင်းက သာကြော၊ သုံးစားမှာ ပါကျလို့၊ ဇာတာ့နှယ် ကောလေတယ်'ဟု 'သုံးလုံး'ကျပါကပိုပြီးနိုင်ပါလျက် 'ပါ'ကျသဖြင့် ခဲရာ ခက်ဆစ် ဖြစ်ရပုံကို ဖော်ပြသော ပဆစ်သုံးစကားကို ယူ၍ စပ်ဆိုထားလေသည်။

ပိုကန်းသတ်ခြင်း[ပြင်ဆင်ရန်]

အကယ်၍ ပိုကန်းနေစဉ် မိမိအိမ်နှင့် ကပ်လျက် (ဝ) အမှတ်ပြအကွက်၌ တစ်ဖက်ပိုရှိနေပြီးလျှင် တစ်ဖက်မှ ပိုနိုးခဲ့သော်၊ ထိုပိုကန်းကို တစ်ဖက်ပိုကသတ်၍၊ နိုးသည့် ကြွေလက်အတိုင်း (တစ်စိတ်၊ တစ်ဆယ်စသည်) အကွက်ရွှေ့၍ သွားနိုင်လေသည်။ သို့သော် တဖက်က ပိုစုံမှသာ (ပိုများအားလုံးနိုးပြီးသား ဖြစ်မှသာ) ယင်းသို့ သတ်နိုင်ခွင့်ရှိလေသည်။ (အချို့အရပ်တွင် ပိုကန်းသတ်နည်းကို မသုံးကြချေ။) ကစားပွဲ အရှုံးအနိုင်မှာ ပိုအားလုံး အလျင်ပြီးသူက အနိုင်ရလေသည်။

လက်ကိုင်ဖုံး ကွန်ပျူတာ ကြွေကစားနည်း[ပြင်ဆင်ရန်]

ရိုးရာ ပဆစ်ပစ် ကစားနည်း အတိုင်း ကစားရသော ကွန်ပျူတာ နှင့် လက်ကိုင်ဖုံး တွင်း ထည့်သွင်းကစားရသည့် ကစားနည်းများလည်း ရှိလာပြီဖြစ်သည်။ [၃]

ဥပဒေ[ပြင်ဆင်ရန်]

အပျော်တမ်း ကစားနိုင် သော ကစားနည်း ဖြစ်သည်။ လောင်း ကစား ဖြင့် လည်း တွဲ ဖက် နိုင်သဖြင့် လောင်း ကစား ဥပဒေ များ ကို လိုက် နာ ရန် လိုသည်။ ၂၀၂၁ ခုနှစ်က စစ် တွေမြို့တွင် ကြွေပဆစ်ပစ်ကစားသူများ အဖမ်းခံရဖူးသည်။ [၄] [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. http://shwezinu.blogspot.com/2010/12/blog-post_8923.html ပဆစ်အိမ်ဝတ္ထု (မောင်သိန်းဆိုင်)
  2. http://shwezinu.blogspot.com/2010/12/blog-post_8923.html ပဆစ်အိမ်ဝတ္ထု (မောင်သိန်းဆိုင်)
  3. https://play.google.com/store/search?q=PaSait&c=apps&hl=en
  4. https://burmese.narinjara.com/news/detail/610a8eb21002ba04798cd6fe
  5. https://newsvsinformation.com/2021/08/%E1%80%85%E1%80%85%E1%80%BA%E1%80%90%E1%80%BD%E1%80%B1%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%80%E1%80%BC%E1%80%BD%E1%80%B1%E1%80%80%E1%80%85%E1%80%AC/