ပင်မဆဲလ်

ဝီကီပီးဒီးယား မှ
မီးစုန်းများဆိုးထားသည့် ကြွက်၏သန္ဓေသား ပင်မဆဲလ်

ပင်မဆဲလ် (stem cell) များသည် ဗဟုကလာပ်စည်း သက်ရှိများတွင် တွေ့ရသည့် ဆဲလ်များဖြစ်သည်။ ၎င်းဆဲလ်များ၏ ထူးခြားချက်မှာ မိုင်တိုးစစ် (mitosis) ဆဲလ်ကွဲထွက်မှု ဖြစ်စဉ်မှတဆင့် အခြားအင်္ဂါများ လိုအပ်သည့် ဆဲလ်အမျိုးမျိုးအဖြစ် ပြောင်းလဲသွားနိုင်ခြင်းဖြစ်သည်။ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ကနေဒါနိုင်ငံ တိုရွန်တို တက္ကသိုလ်မှ ပညာရှင် အဲနက် မက္ကူးလော့ချ် (Ernest McCulloch) နှင့် ဂျိမ်းစ် ထီးလ် (James Till) တို့ တွေ့ရှိခဲ့ပြီးနောက် ပင်မဆဲလ် လေ့လာချက်များ တိုးပွားလာသည်။[၁][၂]

နို့တိုက်သတ္တဝါများ၏ ပင်မဆဲလ်များကို အဓိကအားဖြင့် ၂ မျိုးခွဲခြားနိုင်သည်။ ၎င်းတို့မှာ သန္ဓေသား ပင်မဆဲလ်နှင့် အရွယ်ရောက် ပင်မဆဲလ် တို့ဖြစ်သည်။ ကြီးထွားဖွံ့ဖြိုးဆဲ သန္ဓေသားများမှ ပင်မဆဲလ်များသည် အင်္ဂါအသီးသီးမှ လိုအပ်သည့် ဆဲလ်များအဖြစ် ပြောင်းလဲသွားနိုင်သည်။ အရွယ်ရောက်ပြီးသူများမှ ပင်မဆဲလ်များသည် ပျက်စီးသွားသော ဆဲလ်များနေရာတွင် အစားထိုးကာ ပြင်ဆင်ပေးနိုင်သည်။

ယနေ့တွင် ပင်မဆဲလ်များကို ဓာတ်ခွဲခန်းတွင် မွေးမြူပြီး ကြွက်သား သို့မဟုတ် အာရုံကြော စသည်ဖြင့် လိုအပ်သည့် တစ်သျှူးများနှင့် တူညီသည့် ဆဲလ်များအဖြစ် ပြောင်းလဲစေနိုင်သည်။ ထို့ကြောင့် နောင်တွင် အယ်ဇိုင်းမားကဲ့သို့သော ရောဂါများကို ကုသပေးနိုင်မည်ဟု ပညာရှင်များက ယုံကြည်ကြသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Becker AJ, McCulloch EA, Till JE (1963). "Cytological demonstration of the clonal nature of spleen colonies derived from transplanted mouse marrow cells". Nature 197: 452–4. doi:10.1038/197452a0. PMID 13970094. 
  2. Siminovitch L, McCulloch EA, Till JE (1963). "The distribution of colony-forming cells among spleen colonies". Journal of Cellular and Comparative Physiology 62: 327–36. doi:10.1002/jcp.1030620313. PMID 14086156. 
  3. Tuch BE (2006). "Stem cells—a clinical update". Australian Family Physician 35 (9): 719–21. PMID 16969445.