နှစ်ပေါင်းငါးဆယ်ကြာသောအခါ၊ စာအုပ်

ဝီကီပီးဒီးယား မှ

နှစ်ပေါင်းငါးဆယ်ကြာသောအခါ စာအုပ်ကို လေထီးဦးအုန်းမောင် မကွယ်လွန်မီ မိုးဂျာနယ်တွင် ၁၉၉၅ ခုနှစ် ဇွန်လ မှ ၁၉၉၇ စက်တင်ဘာလ အထိ ရေးသားခဲ့သော ဆောင်းပါးများအား ကွယ်လွန်ခြင်း ဆယ့်တစ်နှစ်ပြည့် အဖြစ် စာအုပ်ဈေး စာအုပ်တိုက်မှ စုစည်း၍ ထုတ်ဝေခြင်း ဖြစ်သည်။

လေထီးဦးအုန်းမောင် သည် ဝံသာနုစိတ် နိုးကြား ဖြစ်တည်လာသည့် ခေတ်တွင် ကြီးပြင်းခဲ့သူ၊ တို့ဗမာအစည်းအရုံးဝင်၊ ရေနံမြေသပိတ်တပ်သား၊ ကွန်မြူနစ်ပါတီ လျှို့ဝှက်ကလပ်စည်း ခေါင်းဆောင်၊ ဖက်ဆစ်ဂျပန် အား တော်လှန်ရန် သီရိလင်္ကာနိုင်ငံ တွင် စစ်ပညာသင်ကြားခဲ့သူ၊ ကာလကတ္တား လေထီးခုန်သင်တန်း တက်၍ ဖက်ဆစ်တော်လှန်ရေး၌ ပါဝင်ခဲ့သူ၊ ဖဆပလကိုယ်စားလှယ်၊ မြန်မာပြည် ကွန်မြူနစ်ပါတီ မြစ်ဝကျွန်းပေါ် တာဝန်ခံ၊ ကိုကိုးကျွန်း အပို့ခံရသူ၊ ယင်းမှ ပြန်လည် လွတ်မြောက်လာပြီး ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပျက်တွင် ဒုတိယအကြိမ် အဖမ်းခံရပြီး ကိုကိုးကျွန်း ထပ်မံပို့ခြင်း ခံရသူ၊ ဆိုရှယ်လစ်ခေတ် တွင် နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့် အပ်နှင်းခံရသူ စသည်ဖြင့် အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တပ်ဦးများတွင် အဓိကလှုပ်ရှား ကျင်လည်ခဲ့သူ ဖြစ်သည့် အလျောက် ယခုစာအုပ်တွင် ထိုသို့ ခေတ်၏နောက်ခံကားချပ် နှင့်အတူ ၎င်း၏ တစ်ပိုင်းတစ်စ အတ္ထုပ္ပတ္တိ ကို သိရှိနိုင်မည် ဖြစ်သည်။ သမိုင်းတန်ဖိုး ကြီးမားသည့် စာအုပ်ဖြစ်ပြီး နိုင်ငံရေးကို စိတ်ပါဝင်စားသူများ သာမက တစ်ခေတ်တစ်ခါက လေထီးဦးအုန်းမောင် နှင့် ခေတ်ပြိုင် မြန်မာလူငယ် မျိုးချစ်များ မည်သို့မည်ပုံ ရုန်းကန်လှုပ်ရှား ကိုယ်ကျိုး စွန့်ခဲ့သည်များကို ဖတ်ရှုရပါမည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. "7Day Book Review"၊ Vol.10 No.47၊ 9 Feb 2012။ ၂၀၁၂-၀၈-၀၄ တွင် ပြန်စစ်ပြီး။ Archived from the original on 14 August 2012။