နွယ် (စစ်တွေ)

ဝီကီပီးဒီးယား မှ
နွယ် (စစ်တွေ) (၁၉၃၂-၂၀၁၁)

နွယ် (စစ်တွေ) (၁၉၃၂-၂၀၁၁)[ပြင်ဆင်ရန်]

နွယ် (စစ်တွေ)ကို ဦးအောင်ထွန်းဦး၊ ဒေါ်စိန်ပုတို့က ၁၉၃၂ ခုနှစ်၊ မေလ ၂၄ ရက်တွင် စစ်တွေမြို့၌ မွေးဖွားသည်။ အမည် ရင်းမှာ ဒေါ်အုံးခင်ဖြစ်သည်။ ငယ်စဉ်က ဖခင်အလုပ်ပြောင်းရာမြို့များဖြစ် သည့် ပုသိမ်၊ မော်လမြိုင်၊ ပဲခူးမြို့များ၌ ပညာသင် ကြားခဲ့ရသည်။ ပဲခူးမြို့မှ အင်းစိန်မြို့သို့ ပြောင်းရွှေ့ နေထိုင်စဉ် ဒုတိယကမ္ဘာစစ်ကြီး မြန်မာ နိုင်ငံအတွင်းသို့ ပျံ့နှံ့လာရာ မိတ္ထီလာမြို့အနီး နတ်ကြီးကုန်းကျေးရွာ တွင် စစ်ဘေးစစ်ဒဏ်ကို ပုန်းရှောင်နေခဲ့ရသည်။ စစ်ကြီးပြီးဆုံးပြီးနောက် ဖခင်အလုပ်ပြောင်းရွှေ့ရာ မွေးရပ်မြေ စစ်တွေမြို့သို့ တစ်ဖန်ပြန်လည်ရောက်ရှိကာ ပညာသင်ကြားခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ၁၉၅၀ ပြည့်နှစ် အထိ အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်းပညာ များကို စစ်တွေမြို့၌ သင်ကြားအောင်မြင်သည်။ ၁၉၅၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ကို ရရှိခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ဦးရွှေဇံအောင်နှင့် လက်ထပ်ခဲ့သည်။ ၁၉၄၈ ခုနှစ် အသက် ၁၆ နှစ်အရွယ်ကပင် ကဗျာများစတင်ရေးသားသည်။ ထိုစဉ်က ကလောင် အမည်ကို မာလာနွယ်ဟုသုံးသည်။ ရန်ကုန်တက္ကသိုလ် ရောက်စဉ် ကလောင်အမည်နွယ် (စစ်တွေ) အဖြစ် ယူခဲ့သည်။ ၁၉၅၃ ခုနှစ်ထုတ် အိုးဝေဂျာနယ်နှင့် ရှုမဝမဂ္ဂဇင်းတွင်ဖော်ပြခဲ့သော "ချစ်မြေလွှာ" ကဗျာသည် စစ်၏အနိဋ္ဌာရုံများကို ဖော်ကျူးထားသည်။ ၁၉၅၃ ခုနှစ်တွင် "စစ်မဲ့ကမ္ဘာ"ကဗျာကို ဒေါင်းနွယ်ဆွေက ပြိုင်ပွဲတွင်ထည့်သွင်းခဲ့ရာ "သခင်ကိုယ်တော်မှိုင်း" ဒုတိယဆုရရှိခဲ့သည်။ ဘွဲ့ရပြီးနောက် ပညာရေးဌာနတွင် ဝင်ရောက် တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဘီအီးဒီဘွဲ့ကိုရရှိခဲ့သည်။ ထို့နောက် အင်္ဂလန်နိုင်ငံ တာမင်ဟန်တက္ကသိုလ် မှ ပညာရေးဒီပလိုမာဘွဲ့ရရှိခဲ့သည်။ ပညာရေးဌာနတွင် ဆက်လက်အမှုထမ်းဆောင်ခဲ့ရာ ကျောင်းသင်ခန်းစာ အသံလွှင့်စီစဉ်မှူး၊ မြန်မာစာအဖွဲ့ကျောင်းသုံးစာအုပ် ကော်မတီအတွင်းရေးမှူး (အခြေခံပညာဦးစီးဌာန) တာဝန်များထမ်းဆောင်ခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် အငြိမ်း စားယူခဲ့သည်။ ဝါသနာအလျောက် တက္ကသိုလ် ကျောင်းသူဘဝကပင် ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်း၊ ရခိုင် တန်ဆောင်မဂ္ဂဇင်း (၁၉၅၂-၅၄) တို့တွင် မြန်မာစာ တည်းအဖြစ် ဆောင်ရွက်ခဲ့သည်။ အလုပ်ခွင်တွင်ရှိနေ စဉ်လည်း ရခိုင်တန်ဆောင် အတိုင်ပင်ခံစာတည်းအဖြစ် တာဝန်ယူခဲ့သည်။ ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်) ၏နာယက တစ်ဦး အဖြစ် တာဝန်ယူ ကာ မြတ်ပန်းသဇင် မဂ္ဂဇင်းအမှတ် (၁) တွင် မြန်မာစာ စာတည်းချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ကဗျာစတင်ရေးစက ဒဂုန်တာရာ၊ ကြည်အေး၊ မင်းယုဝေ၊ ငွေတာရီ စသောကဗျာရှင်များ၏ ရေးဟန် ကို အတုယူ၍ရေးသားသည်။ နွယ်(စစ်တွေ)သည် ကဗျာအရေးများကာ စကားပြေကိုရေးသားမှု အလွန် နည်းသည်။ "ကျွန်မကဗျာဆရာမ" သာဖြစ်သည်ဟု ဝန်ခံခဲ့ဖူးသည်။ နွယ် (စစ်တွေ) သည် ကဗျာအပုဒ်ပေါင်း ၄၀ဝ နီးပါးရေးသားခဲ့သည်။ စာအုပ်အဖြစ် "လည်ဆွဲသန္တာ(၁၉၇၄) နှင့် ကွယ်လွန်ပြီးချိန်မှထုတ်ဝေခဲ့သော ဆောင်းပန်းချီလက် နွေမိုးဆက် (၂၀၁၁)" နှစ်အုပ် ထုတ်ခဲ့သည်။ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁ ရက်ထုတ်တော် ဝင်ပန်းဂျာနယ်တွင် ဖော်ပြထားသည့် "မယုံရင်ပုံပြင် မှတ်" ကဗျာသည် ၎င်း၏နောက်ဆုံးလက်ရာဖြစ် သည်။ နွယ်(စစ်တွေ)သည် အသက် ၇၉ နှစ်အရွယ် ၂၀၁၁ ခုနှစ်၊ မေလ ၆ ရက်တွင် ကွယ်လွန်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)