နွယ်သာကီသံဖြတ်

ဝီကီပီးဒီးယား မှ

နွယ်သာကီသံဖြတ်များကို ပုဇွန်တောင်ဆရာခမှ စတင်သည်ဟု ဆိုကြသည်။ ပုဇွန်တောင်ဆရာခသည် မြန်မာသက္ကရာဇ် ၁၂၅၃ လောက်မှ စပြီး ထင်ပေါ် ကျော်ကြားလာသည်ဟုလည်း သိရသည်။ သူ၏နာမည်ကို အတိုကောက်အနေဖြင့် ဇွန်ခ ဆိုပြီးလည်း သုံးနှုန်းတတ်ကြသည်။

နွယ်သာကီသံဖြတ်များ စတင်ပေါက်ဖွားလာရသည်မှာ ပုဂံခေတ်မှ လှေထိုးသား စလေငခွေးအကြောင်းကို ရေးသော စလေငခွေးပြဇာတ်တွင် ဖြစ်သည်။ အဓိကဇာတ်ကောင်များမှာ စလေငခွေးနှင့် သူ၏ချစ်သူ အဘု ဆိုသည့် မိန်းကလေးတို့ ဖြစ်သည်။ အဘု၏ မိဘများသည် ချမ်းသာပြီး စလေငခွေးမှာတော့ လှေထိုးသားဖြစ်၍ ဆင်းရဲသည်။

အဘုနှင့် ငခွေးတို့ တွေ့ဆုံရန်အတွက် အောင်သွယ်မတစ်ယောက်မှာ ရေခပ်ခေါ်ရင်း စီစဉ်ပေးတတ်သည်။ သူတို့တွေ့ဆုံသော နေရာမှာ ယင်းမာပင်ရှိရာ ရေချိုတွင်းတစ်ခု ဖြစ်သည်။ ထိုနေရာလေးများကို အခြေပြုပြီး "ယင်းမာပင်"ဆိုသော ကဗျာလေးနှင့် "တွင်းရေချို"ဆိုသော ကဗျာလေးများမှာ နွယ်သာကီသံဖြတ်အဖြစ် ပေါ်ထွက်လာခဲ့သည်။

"စောင်းတော်ပိုက်" မှာ ငခွေးကို အဘုမှ မျှော်သည့် ကဗျာ ဖြစ်သည်။ သူ၏ ထူးခြားချက်ကတော့ ပုဂံခေတ်မှ လှေထိုးသားဇာတ်လမ်းတွင် ရန်ကုန်မှာ တခြားတူရိယာတွေ ခေတ်စားသောအကြောင်းလေး ပါလာခြင်းပင် ဖြစ်သည်။ ဆရာခတို့ခေတ်သည် ရှေးဟောင်းတူရိယာ စောင်းအစား တယော၊ ပုလွေ၊ မိကျောင်း၊ ပတ္တလားစသော သံစုံစွဲတူရိယာများ ခေတ်စားနေသည်ကို ဆရာခက မခံချင်သည့်အတွက် သူ၏ ကဗျာလေးတွင် ထည့်သွင်းရေးဖွဲ့သွားခဲ့သည်။

"ဆံမြိတ်ရှည်" မှာ အဘုနှင့် ငခွေး မီးဖိုချောင်ထဲတွင် စကားပြောနေစဉ် အဘု၏အမေ မိသွား၍ အရိုက်ခံရသည့် အကြောင်း ဖြစ်သည်။ အရိုက်ခံရမှာစိုး၍ ရေချိုးခန်းထဲ ပြေးဝင်ရင်း ချော်လဲသောကြောင့် အင်တုံကွဲပြီး တင်ဆုံပြဲခဲ့ရပါသေးသည်။ အရိုက်ခံရသော ဒဏ်ရာဒဏ်ချက်များကို သူ့ရည်းစား ငခွေးအား ပြရင်း ငိုလိုက်မည်ဆိုသည့် ပုံစံဖြင့် ရေးဖွဲ့ထားခြင်း ဖြစ်သည်။

"တေးသားကောက်" မှာ ရှေးခေတ်အောက်ပြည်အောက်ရွာတွင် မွန်တလိုင်းတို့၏ ထုံးစံတစ်ခုကို အခြေခံ၍ ရေးဖွဲ့ထားခြင်း ဖြစ်သည်။ အပျို လူပျို ရည်းစားများသည် ညဖက်မှာ ချစ်သူအိမ်အောက်မှနေ အပေါက်ဖောက်ပြီး နှိုက်တတ်သည့် ထုံးစံဖြစ်သည်။ အဲ့လို ထုံးစံကို အခြေခံပြီး ပြဇာတ်မှာ ထည့်သွင်းပြီး နွယ်သာကီသံဖြတ်အဖြစ်လည်း ရေးဖွဲ့ခဲ့သည်။

နောက်ထပ် "ဘော်ငွေဖြူ" ဆိုသော နွယ်သာကီသံဖြတ်တစ်ခု တွေ့ရသော်ငြားလည်း အစအဆုံး မဟုတ်ဟု ယူဆရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဆန်းထွန်း (မန်းတက္ကသိုလ်)၊ စာပေဘဏ် စာအုပ်