မာတိကာသို့ ခုန်သွားရန်

နံရံဆေးရေးပန်းချီ

ဝီကီပီးဒီးယား မှ

မြန်မာပြည်၌ အစောဆုံး မြန်မာ့ပန်းချီကို လေ့လာမည်ဆိုပါက နံရံဆေးရေးပန်းကို ပုဂံခေတ်ဂူဘုရား သိမ်ကျောင်းများအတွင်းတွင် တွေ့ရှိနိုင်သည်။ ဂူဘုရားများကို ကျန်စစ်မင်းလက်ထက်မှစ၍ တည်ထားပြီး စင်္ကြံလမ်းနံရံများ၊ အာရုံခံတန်ဆောင်း၏ နံရံများတွင် ပန်းချီရေးခြယ်ခြင်းများကို ပြုလုပ်လာကြသည်။ ပုဂံခေတ် ကျောက်စာတွင် ဂူဘုရားတည်ထားသည့်အခါ အတွင်းနံရံများတွင် ဆေးရေးပန်းချီရေးခြယ်စေခြင်းနှင့် ဆေးရေးပန်းချီကျော်တို့ကို အခကြေးငွေပေးရကြောင်း မှတ်တမ်းရေးထိုးထားရှိသည်။


ပုဂံ၌ ဂူဘုရား၊ သိမ်ကျောင်းတို့၏အတွင်း အုတ်နံရံတို့ကို အင်္ဂတေကိုင်ထား၏။ အချို့နံရံတို့ကို အင်္ဂတေအကြမ်းခံပြီးမှ အချောတထပ်၊ နှစ်ထပ် စသည်ဖြင့် ထပ်၍ မံလေ့ရှိသည်။ ယင်းအထက်မှ ပန်းချီဆေးရေးနိုင်စေရန် ထုံးပါဝင်သည့် အောက်ခံသားကိုသုတ်ပြီး ပန်းချီရေးခြယ်ကြသည်။ အင်္ဂတေကိုင်ရာနှင့် ဆေးရေးရာတွင် ပါဝင်အသုံးပြုလေ့ရှိသည့် မြေနီရောစပ်မှုသည် ပိုးကောင်၊ ခြကောင် စသည့် ပိုးမွှားများ ဖျက်ဆီးစေရန် ပိုမိုလွယ်ကူစေသည်။ ပုဂံခေတ်ဦးပိုင်း ဆေးရေးပန်းချီတွင် အသုံးပြုသော ဆေးရောင်တို့မှာ အဖြူ၊ အနက်၊ အဝါနှင့် အနီရောင်များကို အသုံးများကြသည်။ ပုဂံခေတ်၏ ခေတ်နှောင်းပိုင်းကို ရောက်သည့်အခါ အပြာနှင် အစိမ်းရောင်ကို တွဲဖက်အသုံးပြုလာကြသည်ကို တွေ့ရှိရသည်။ အများအားဖြင့် မြေနီရင့်ရင့်၊ ညိုမှိုင်းမှိုင်း၊ ညိုဝါ စသည်တို့ကို အသုံးများကြောင်း တွေ့ရတတ်သည်။ အင်္ဂတေနံရံတွင် ဆေးစွဲကပ်နေစေရန်အတွက် တမာစေးကော်ကို အသုံးပြုခဲ့ကြပြီး ဆေးရောင်တောက်ပစေရန်အတွက်ကိုမူ ငါး၏ သည်းခြေကို ရောနှောသုံးစွဲခဲ့ကြဟန် ရှိသည်။


တကြောင်းဆွဲမျဉ်း၊ ကောက်ကြောင်း၊ အနားသတ်မျဉ်းများကို အနက်ရောင်ဖြင့် ရေးဆွဲ၍ တခါတရံမှသာ အနီရောင်ကို အသုံးပြုလေ့ရှိသည်။ ရုပ်ဝတ္ထု၊ ပစ္စည်း၊ လူ၊ တိရစ္ဆာန် စသည်တို့၏ အနားသတ်လိုင်းမျဉ်းများကို အနက်၊ အနီတို့ဖြင့် ရေးခြယ်ပြီးမှ အတွင်းပိုင်းကို အရောင်ရေးသွင်းခြင်း ဖြစ်သည်။ အဖြူရောင်ကို မြေဖြူမှ အနက်ကို ရေနံချေးမှိုင်းမှ၊ အဝါကို မြေဝါဆေးမှုန့်၊ အနီကို ဟင်္သာပြဒါးနှင့် မြေနီမှ ၊ အပြာကို မဲနယ်မှ ၊ အစိမ်းကို ဒုတ္တာစိမ်းမှ ဖော်စပ်ရယူကြသည်ဟု မှတ်သားရသည်။


ပုဂံခေတ် နံရံဆေးရေးပန်းချီတို့သည် နှစ်ပေါင်း ၆၀၀ မှ ၉၀၀ ခန့်အထိ ကြာညောင်းရှည်ကြာခဲ့ပြီဖြစ်၍ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ရသည်။ အင်္ဂတေကွာကျ၍ ပျက်စီးခြင်း ဖြစ်သကဲ့သို့ မှေးမှိန်ပွန်းပဲ့သည်များလည်း ရှိကြသည်။ မီးခိုးမှိုင်းများနှင့် အညစ်အကြေးများ စွဲကပ်၍ မည်းမှောင်နေသော အရောင်ဖြင့် မထင်မရှား ဖြစ်နေသည်များလည်း ရှိနေခဲ့သည်။ သဒ္ဓါလွန်ကဲစွာဖြင့် ဆေးရေးပန်းချီရှိသည့် နံရံများပေါ်တွင် ထုံးသင်္ကန်းကပ်လှူမှုကြောင့် ဖုံးကွယ်သွားခဲ့ရသော နံရံဆေးရေးများလည်း ရှိနေခဲ့သည်။


ပုဂံခေတ် ဆေးရေးပန်းချီလက်ရာ အများအပြားမှာ ကျန်ရှိနေပေသေးသည်။ ယခုအခါ လက်ရာအချို့ကို ပုံထပ်ကူးယူ၍ မူရင်းဆေးရောင်နှင့် ကိုက်ညီအောင် ရေးခြယ်ကာ မိတ္တူပုံများအဖြစ် ရှေးဟောင်းသုတေသနဌာနခွဲမှ ရေးဆွဲထားရှိသည်။ မှေးမှိန်နေသော ဆေးရေးပန်းချီများကို သန့်ရှင်းစေရန်နှင့် လက်ရှိအခြေအနေထက် တိုးတက်မပျက်စီးစေရန် ထိန်းသိမ်းမှုများကို ဓာတုဗေဒခေတ်မီနည်းများဖြင့် ဆောင်ရွက်လျက် ရှိသည်။ ပုဂံနယ်တဝိုက်ရှိ ဂူများအတွင်းတွင် ဆေးရေးပန်းချီများ ရှိရာ ထင်ထင်ရှားရှား ကျန်ရှိနေသေးသည့် ဆေးရေးပန်းချီများ တွေ့နိုင်သေးသည့် ဂူဘုရားများမှာ... ပုဂံတွင်ရှိသော ပုထိုးသားများဘုရား၊ မြင်းကပါအရပ်ရှိ အပယ်ရတနာဘုရား၊ နဂါးရုံဘုရား၊ ဂူပြောက်ကြီး ဘုရားအမှတ် ၄၉၆၊ သီရိပစ္စယာအရပ်ရှိ သင်္ဃရာဇာဘုရားစု၊ ဘုရားအမှတ် ၄၁၈၊ ပုဂံရှိ လောကထိပ်ပန်ဘုရား၊ သိမ္မစည်းဘုရား၊ ပဲနံ့သာဂူဘုရားစု၊ သယမ္ဘူဘုရား၊ ပုဂံ ဝက်ကြီးအင်းရပ်ရှိ ဂူပြောက်ကြီးဘုရား၊ ညောင်ဦးရှိ သကျမုနိဘုရား၊ ကုန်းတော်ကြီးဘုရား၊ ကျန်စစ်သားဥမင်၊ မင်းနန်သူအရပ်ရှိ နန္ဒမညဘုရား၊ ဘုရားသုံးဆူ၊ သမ္ဘူလဘုရား၊ ဝိနည်းဓိုရ်ဘုရားစု စသည့် ဂူဘုရားအတွင်းများတွင် ဆေးရေးပန်းချီများကို တွေ့မြင်ကြည့်ရှုနိုင်ကြပါသေးသည်။ ဤဆေးရေးပန်းချီလက်ရာများသည် ၁၁ ရာစုမှ ၁၃ ရာစုအထိ ခေတ်လက်ရာများ ဖြစ်ကြသည်။


၁၄ မှ ၁၅ ရာစုခေတ် လက်ရာများကို မတွေ့ရှိရဘဲ ဒုတိယအင်းဝခေတ် ၁၆ ရာစုမှ ၁၇ ရာစုအတွင်း ဆေးရေးပန်းချီလက်ရာများကိုမူ ပင်းယ ရွှေစည်းခုံအနီးရှိ ဂူဘုရား၊ စစ်ကိုင်းတောင်ရိုးရှိ တိလောကဂုရုလိုဏ်ဂူ၊ လောကမှန်ကင်းဘုရား၊ မီးပေါက်ကြီးဘုရား၊ မုံရွာခရိုင်ရှိ ဖိုဝင်တောင်ဂူများ၊ ပုဂံတောင်တီရှိ ပိဋကတ်တိုက်၊ အမရပူရရှိ ရွှေဂူသာဘုရား၊ ပုဂံရှိ ဥပါလိသိမ်၊ ပုဂံတောင်တီရှိ ကမ္မကျောင်းဦးဘုရား၊ ပုဂံရှိ စူဠာမဏိဘုရား စသည့် ဂူဘုရားလိုဏ်များအတွင်းတွင် တွေ့ရှိလေ့လာနိုင်သည်။


ကုန်းဘောင်ခေတ်ဦး ၁၈ ရာစု ဆေး‌ရေးပန်းချီလက်ရာများကိုမူ မုံရွာခရိုင် ချောင်းဦးမြို့နယ် ခင်မွနရွာရှိ အောင်မြေလောကဘုရား၊ ရုပ်စုံဘုရား၊ ပြာသာဒ်ဘုရား၊ ပုဂံရှိ အာနန္ဒာအုတ်ကျောင်း စသည်တို့တွင် တွေ့ရှိနိုင်သည်။ ၁၉ ရာစု အမရပူရခေတ်လက်ရာများကို အမရပူရရှိ တောင်သမန်ကျောက်တော်ကြီးဘုရား၊ မန္တလေး ရွှေစာရံဖိုးကုလားဘုရားတို့တွင် တွေ့ရှိနိုင်ပြီး ရတနာပုံခေတ် လက်ရာများကိုမူ မန္တလေးနန်းတွင်းဥပုသ်ဆောင်၊ မန္တလေး မဟာမုနိ ဘုရားများတွင် တွေ့ရှိရပေသည်။ နံရံပန်းချီတို့သည် ထိုခေတ်ထိုအခါက ပုံရိပ်ကို အပြည့်ဝ သိရှိခွင့် ရရှိစေသော ဓာတ်ပုံတစ်မျိုးဖြစ်လေသည်။ ပုဂံရှိ နန္ဒမညာ ဘုရားအတွင်း၌ မာနတ်များဖျားယောင်းသော ဆေးရေးမှာ အလွန် ပင် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ဝက်ကြီးအင်းဂူပြောက်ကြီး၊ မြင်းကပါဂူပြောက်ကြီး၊ လောကထိပ်ပံဘုရားစသည်တို့သည် ပုဂံတွင် အကောင်းဆုံးနံရံ ပန်းချီရှိသော ဘုရားများဖြစ်သည်။ ခေမင်္ဂဘုရားစုအတွင်းတွင် အဝတ်ပန်းချီနှင့်ဘုရားတစ်ဆူရှိသည်။ နံရံပန်းချီအား ခြိမ်းခြောက် နေသော အကြောင်းတရားများစွာ အနက်မှ တိရစ္ဆာန်၊ ရာသီဥတု ၊ သဘာဝဘေး နှင့် လူ့ပယောဂတို့ သည် အဆိုးရွားဆုံးဖြစ်သည်။ တိရစ္ဆာန်တို့ ကြောင့်ဖြစ်တတ်သည့် ပျက်စီးမှုများမှာ နံရံပန်းချီရှိသော ဂူများတွင် တိရစ္ဆာန်များ နေထိုင်ခြင်းဖြစ် သည်။ အထူးသဖြင့် မုံရွာဖိုလ်ဝင်တောင်ရှိ မိဖုရားဂူ အတွင်းတွင် မျောက်များ လျောင်းတော်မူ ရုပ်တုတော်ကြီးပေါ်တွင် ခုန်ပေါက် ပြေးလွားခြင်းဖြင့် ထိုဆင်းတုနှင့် ကပ်နေသော နံရံဆေးရေး ပန်းချီများ ပျက်စီးသည်ကို စာရေးသူကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။ ရာသီဥတုတွင် အပူလွန်ကဲခြင်း၊ အဆောက်အဦးယိုယွင်းကာ ရေစိမ့်ဝင်ခြင်း ၊ ဆားဓာတ်ပါဝင်မှုများသော လေတိုက်ခြင်းတို့ ဖြစ်သည်။ လူ့ပယောဂတွင် ပန်းချီတန်ဖိုးကိုနားမလည် လက်ဆီ ပြန်များဖြင့် ထိတွေ့ ကိုင်တွယ် ပွတ်သတ်ခြင်း၊ ပတ်ဝန်းကျင်အနီး အမှိုက်သရိုက်များစုပုံခြင်း နံရံတွင် အပေါစား မှင်ဖျက်ဆေး( Correction Pen) တို့ဖြင့် မည်သူ + မည်သူ အမှတ်တရ စသဖြင့်သော တိမ်ဖျဉ်းသော စာများရေးသားခြင်း၊ ရေရှည်တွင် အပူဖြစ်စေသော အလင်းများသော လျပ်စစ်မီးရောင်များ (ဥပမာ) နံရံပန်းချီလိုက်လံကြည့်သည့် အပူထွက်လွန်သော မီးသီးထွန်းခြင်း နှင့် ( Lux – 150 ) ထက်ပိုသော ကင်မရာ ( Flash ) မီးဖွင့်ရိုက်ကူး ခြင်း၊ မှိန်နေသောဆေးများ ကြည်ညိုဖွယ်အသွင် ဆောင်နိုင်ရန် ထုံးသုတ်ခြင်းစသည့် အသိတရားခေါင်းပါးမှု တို့ကြောင့် ကြီးမားသော အဖိုးမဖြတ်နိုင်သည့် ပန်းချီများ ဆုံးရှုံးရ သည်။ ဥပမာ အာနန္ဒာဘုရားလှိုင်အတွင်း ခေတ်အဆက် ဆက် ထုံးသုတ်သဖြင့် ထုံး(၇) လွာအောက်တွင် နံရံဆေးရေးများ ဝမ်းနည်းဖွယ်ရာ တွေ့ရှိခဲ့ရသည်။ အခြားတစ်ခုမှာ တန်ဖိုးနားလည် လွန်းကာ ပျက်စီး၊ ပျောက်ဆုံးခြင်းလည်း ရှိသည်။ ၁၈၉၉ ခုနှစ်က ချောက်ရေနံမြေတွင် တာဝန်ကျသော ဂျာမန်လူမျိုး ထိုမန်( Th H Thoman ) နှင့် Dr Fritz Von Noetlin ဆိုသူနှစ်ယောက် တို့ ဝက်ကြီးအင်းဂူပြောက်ကြီးဘုရား၌ သုတေသနပြုလုပ်ရန် အကြောင်းပြကာ နံရံပန်းချီရေးဆွဲထားသော အင်္ဂတေကို အကွက်ချပြီးလွှ ဖြင့်တိုက်၍ ခိုးယူသွားခဲ့သည်။ ဖွားစောရွာ သူကြီး ဦးထွန်းက နွားပျောက်၍လိုက်ရှာစဉ် လွှသံကြား၍ ဝင်ကြည့်ရာမှ ၎င်းအားတားမြစ်သည်။ ဖြတ်လက်စတန်းလန်းကို သတင်းစာ ကပ်လျက် ၁၈၊ ၉၊ ၁၈၉၉ နေ့စွဲပါ ဂျာမာန်သတင်းစာ ( Evening Time Glascow ) ကပ်လျက် ကျန်ခဲ့သည်။ ၎င်းခိုးယူ သွားပါကြောင်းကို ခေမင်္ဂဘုရားစု ဘုရားအမှတ်(1844) တွင် ခံဝန်လက်မှတ်ထိုး သွားခဲ့ဖူးသည်။ ထိုခိုးယူမှုအတွက် ဖွားစောရွာသူကြီး မှ ပခုက္ကူအရေးပိုင် Mr. Scovell အား တိုင်တန်းခဲ့သည်။ ထို့ကြော င့်အင်္ဂလိပ်တို့က ထိုမန်အား ပြည်ဝင်ခွင့်ပိတ်ကာ နိုင်ငံသားကခိုးယူလျှင် ထောင်ဒဏ် ( ၃) လ ချမှတ်သည့် ဥပဒေကို ရေးဆွဲပေးခဲ့သည်။

နံရံပန်းချီအပျက်စီးများကို မည်သို့ကာကွယ်ရမည်နည်း

[ပြင်ဆင်ရန်]

အက်ကွဲကာ အတွင်းတွင် လေခိုနေသော နံရံကို ရေဖြင့် အခေါင်းပေါက် အတွင်းဆေးချရသည်။ ထိုအတွင်းသို့ ကော်ဖြင့် ထိုးထည့်ကာ လေဟာနယ်ကို ထိန်းသိမ်းနိူင်မည်။ အပေါ်ယံ အညစ်ကြေးများကို သန့်စင်ရာတွင် ရေ( ၁ ) လီတာအား Ammonia Carbon 4% , Indanol 1 % တို့ဖြင့်ရောကာ ဂျပန်စက္ကူတွင် စွတ်ပြီး ၂ မိနစ်ခန့်ကပ်ကာ ဝါဂွမ်းဖြင့် ပြန်လည် ဆွတ်ယူ ရသည်။ ထို့အပြင်နောက်ထပ်ပြန်မရနိူင်တော့သည့် နှစ်ပေါင်းတစ်ထောင်ခန့်ရှိလေပြီဖြစ်သော ဤနံရံပန်းချီတို့ မပျောက်ပျက်ရလေအောင် လက်တွေ့တွင်ထိန်းသိမ်းခြင်း၊ ထိတွေ့ကိုင်တွယ်ကာ မှင်ဖျက်ဆေး နှင့်ရေးခြင်းကို မြင်တွေ့ပါက တားမြစ်ကြပါ။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. #သုခုမအလင်းတန်းများ
    1. ပုရပိုက်ပန်းချီလေ့လာချက် - မောင်မောင်သိန်း