နေဝင်စ ချိုးမ ရယ်ကူ

ဝီကီပီးဒီးယား မှ

နေဝင်စ ချိုးမ ရယ်ကူ ကဗျာကို အမည်မသိရှေးစာဆို ရေးသားခဲ့သည်။ ရုပ်သေးသီချင်း ကဗျာအမျိုးအစား ဖြစ်သည်။ ချစ်မြတ်နိုးရသော ချိုးဖိုသည် နွား‌ကျောင်းသားဖမ်းဆီးခြင်းကို ခံရပြီး ရှားမီးခဲဖြင့် အကင်ခံရခြင်းကို ချိုးမလေးက ကြေကွဲဝမ်းနည်းဖွယ်တွေ့မြင်ရပုံကို ရေးဖွဲ့ထားခြင်းဖြစ်သည်။

နေဝင်စ ချိုးမ ရယ်ကူ[ပြင်ဆင်ရန်]

နေဝင်စ
ချိုးမရယ်ကူ
တောသူမလေး အဝေး။

စာကိုသာ စာကိုငတ်လို့
ကူရှာသလော ကူသလော။

ရေကိုသာ ရေကိုငတ်လို့
ကူရှာလော ကူသလော။

နွားကျောင်းသားရယ်
ကျော့ကွင်းရယ်တည်
ဘယ် ... ဘယ်ကို ... ဘယ်ကိုရယ်မိ
ခြေကိုမိလို့။

ဘယ် ... ဘယ်ကို ... ဘယ်ကိုရယ်နှက်
လည်ပင်းအထက်
ခေါင်းကိုနှက်လို့။

ဘယ် ... ဘယ်ကို ... ဘယ်ကိုရယ်ခွဲ
ရင်ကိုခွဲလို့။

ရှားမီးခဲတွင်၊ ရဲရဲငယ်ကင်
အကျွန်မမြင်ဝံ့ပါပြီကလား။

ရွှေချိုးဖိုရယ်လေ
မယ့်လင်သား။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ကူ = ချိုးငှက်တွန်မြည်သည်။

၂။ အဝေး = လွမ်းဆွတ်မြည်တမ်းသော အသံ။

၃။ ကျော့ကွင်း = သားရဲတိရစ္ဆာန်ကို ကျော့ဖမ်းရန် ကြိုးကွင်း။

၄။ ရှားမီးခဲ = ရှားသားကို မီးရှို့၍ရသော အလွန်ပူပြင်းသည့် မီးခဲ။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာကဗျာလက်ရွေးစင် − သတ္တမတန်း