နေမျိုး၊ မောင် (စာရေးဆရာ)

ဝီကီပီးဒီးယား မှ
မောင်နေမျိုး
အမည်ရင်းမောင်စိန်ညွန့်
မွေးဖွား၁၉၃၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်
ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်
လူမျိုးဗမာ
နိုင်ငံသား မြန်မာ
မိဘဦးဝင်း + ဒေါ်လှရင်

စာရေးဆရာ ဒါရိုက်တာ မောင်နေမျိုး (၁၉၃၂-၂၀၁၀)[ပြင်ဆင်ရန်]

မောင်နေမျိုးကို ၁၉၃၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် အဖ ဦးဝင်း၊ အမိ ဒေါ်လှရင်တို့က ကြည့်မြင်တိုင်မြို့နယ်တွင် မွေးဖွားခဲ့သည်။ မွေးဖွားပြီး ၁ နှစ်သား အရွယ်မှစ၍ ဦးလေးဖြစ်သူ ဦးပြုံးချို - ဒေါ်သိန်းနှင့် အဒေါ် ဒေါ်အမာတို့က ပြုစုကျွေးမွေး စောင့်ရှောက်ခဲ့သည်။ အမည်ရင်း မောင်စိန်ညွန့် ဖြစ်သည်။


မွေးချင်း ၄ ယောက်အနက် ဒုတိယသား ဖြစ်သည်။ ၁၉၅၂ ခုနှစ်မှ စ၍ သတင်းထောက်လုပ်ခဲ့ပြီး ရှေ့ဆောင်၊ ဟံသာဝတီ သတင်းစာများတွင် သတင်းများ စတင် ရေးသားခဲ့သည်။ ရှေ့ဆောင်၊ စီးပွားရေး၊ အိုးဝေ၊ သံတော်ဆင့်၊ ပြည်တော်စိုး၊ ကြေးမုံ သတင်းစာများတွင် အလုပ်သင် သတင်းထောက်၊ သတင်းထောက်၊ အယ်ဒီတာ၊ ညအယ်ဒီတာ တာဝန်များ ယူရင်း စာများရေးသားခဲ့သည်။


ထိုကာလက မဂ္ဂဇင်းခေတ် ဖြစ်သော်လည်း မဂ္ဂဇင်း အယ်ဒီတာ အချို့၏ စာမူ ထိန်ချန်မှု၊ ဘက်လိုက်မှုကို မခံချင်၍ လုံးချင်းလောကသို့ ဝင်ရောက်ခဲ့ပြီး စာရေးဆရာ ဖြစ်လာသူ ဖြစ်သည်။ ပထမဆုံး လုံးချင်းဝတ္ထုမှာ ကိုတင်အောင် မစန်း စာပေမှ 'နှောင်းခဲ့ပါပြီ' (၁၉၅၃) ဖြစ်သည်။ ထို့နောက် မြင်းမိုရ် စာအုပ်တိုက်၏ ပင်တိုင် စာရေးဆရာ ဖြစ်ခဲ့ပြီး လုံးချင်းဝတ္ထု ၁၀၀ ကျော် ရေးသား ထုတ်ဝေခဲ့သည်။ ထိုဝတ္ထုများအနက် 'ခယ်မ'၊ 'အပျိုကြီးမမ'၊ 'မိန်းမ'၊ 'သမီးတစ်ထောင်'၊ 'ဟိုဘက်ခြံက အပျိုဖျန်း'၊ 'မြီးကောင်ပေါက်'၊ 'ချောင်းကိုပစ်၍ မြစ်ကိုရှာ'၊ 'မိစံ' တို့မှာ ထင်ရှား အောင်မြင်သော ဝတ္ထုများ ဖြစ်ခဲ့သည်။


၁၉၆၂ ခုနှစ်မှ စ၍ ကေသီပန် မဂ္ဂဇင်း၊ နဝဒေး မဂ္ဂဇင်းများတွင် တာဝန်ခံ အယ်ဒီတာ လုပ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဖင်လန်နိုင်ငံ ဟယ်လီစကီးမြို့၌ ကျင်းပသော လူငယ်ပွဲတော်သို့ အကယ်ဒမီ မြတ်လေး၊ စန္ဒရားချစ်ဆွေ၊ တက္ကသိုလ်မြတ်သူ၊ တေးသံရှင် ရီလေး တို့နှင့်အတူ တက်ရောက်ခဲ့သည်။


၁၉၆၅ ခုနှစ်တွင် ကြေးမုံ သတင်းစာ ရုပ်ရှင်သတင်း တာဝန်ခံ အဖြစ်မှ အနားယူခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ရုပ်ရှင်လောကသို့ 'ပျော်ရွှင်စရာ ရွှင်စရာ' ဇာတ်ကားဖြင့် ဝင်ရောက်ခဲ့သည်။ ယင်းရုပ်ရှင်ကားမှာ ကေသီပန် ရုပ်ရှင်ကုမ္ပဏီ အတွက် ပထမဆုံး ရေးသားပေးသည့် ရုပ်ရှင်ဇာတ်ညွှန်း ဖြစ်သည်။ ထင်ရှားသော ရုပ်ရှင်များမှာ 'မြီးကောက်ပေါက်'၊ 'ဘာလိုလို'၊ 'တမာချိုချို'၊ 'မခုတ်တတ်တဲ့ကြောင်'၊ 'ကညာပျိုနဲ့ ဇရာအို'၊ 'သမီးတစ်ကောင်'၊ 'ချောင်းကိုပစ်၍ မြစ်ကိုရှာ'၊ 'ရှင်နဲ့ ကျွန်မ'၊ 'ပဝါဖြူ'၊ 'မိုးထိအောင် လှေကားထောင်'၊ 'မိုးပေါ်က မမ'၊ 'ဟိုဘက်ခြံက အပျိုဖျန်း' တို့ ဖြစ်သည်။ 'ချောင်းကိုပစ်၍ မြစ်ကိုရှာ' ရုပ်ရှင်တွင် မင်းသမီး ဝါဝါဝင်းရွှေကို ဒုတိယအကြိမ်မြောက် အကယ်ဒမီဆုကို ရရှိစေခဲ့သည်။


ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားများမှာ 'အချစ်ရယ် အမုန်းရယ် အပြုံးရယ်'၊ 'ချစ်ရတဲ့ သူရယ်'၊ 'ဝါသနာကို မတားနဲ့ရှင်'၊ 'ပဝါဖြူ'၊ 'မိုးထိအောင် လှေကားထောင်'၊ 'မောင်မောင်ဆိုလေ ထီးရိုးရှည်' စသည့် ဇာတ်ကားများ ဖြစ်သည်။


ဗီဒီယို ပေါ်ဦးစတွင် ဒါရိုက်တာ ဦးခင်ဇော်နှင့် တွဲဖက်၍ ရိုက်ကူးခဲ့သည့် 'မမုန်းကြေး၊ မမေ့ကြေး' မှာ မြန်မာပြည်၏ ပထမဆုံး ဗွီဒီယို ဇာတ်ကား ဖြစ်ခဲ့သည်။


ကက်ဆက်၊ တိတ်ခွေဇာတ်လမ်းများ ခေတ်စားသော ကာလတွင် စာရေးဆရာ မင်းသိင်္ခ၏ 'ပုဏ္ဏားဘကွန်း'၊ 'ပရောဖက်ဆာ ဒေါက်တာဆိတ်ဖွား'၊ 'မနုစာရီ'၊ 'မြိုင်ရာဇာတာတေ'၊ 'ပုဂံသား မောင်ဘမော်' စသည့် ဝတ္ထုတို့ကို လည်းကောင်း၊ စာရေးဆရာ နွမ်ဂျာသိုင်း၏ 'ရက်ရွေးမနေပါနဲ့ ကိုကိုရယ်'၊ 'တခါတုန်းက တက္ကသိုလ်မှာ' စသည့် ဝတ္ထုတို့ကို လည်းကောင်း၊ စာရေးဆရာ ချစ်ဦးညို၏ 'လင်္ကာဒီပချစ်သူ' နှင့် 'နှင်းကေသရာချစ်တဲ့ သူရဲကောင်း' စသည့် ဝတ္ထုတို့ကို လည်းကောင်း ကက်ဆက်တိတ်ခွေ ဇာတ်လမ်းများ အဖြစ် ဖန်တီးခဲ့ရာ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည်။


'ကလောင်သစ်အဖွဲ့'၊ 'စာပေလေ့လာရေးအဖွဲ့'၊ 'မြန်မာနိုင်ငံ စာရေးဆရာ အသင်း' စသည့်တို့တွင် စာပေတာဝန်များ ယူခဲ့ပြီး စာရေးဆရာအသင်း စာဆိုတော်နေ့ ဟောပြောပွဲ ကော်မတီ အခမ်းအနားမှူး တာဝန်များ ယူခဲ့သည်။ ကွယ်လွန်ချိန်အထိ သင်္ဃန်းကျွန်းမြို့နယ် စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဥက္ကဋ္ဌနှင့် စာပေညီလာခံ ကိုယ်စားလှယ် ဖြစ်ခဲ့သည်။


ရုပ်ရှင် အဖွဲ့အစည်းတွင် ရုပ်ရှင် အစည်းအရုံး ဇာတ်လမ်း ဇာတ်ညွှန်း အတွင်းရေးမှူးနှင့် ၁၉၉၅ ခုနှစ်တွင် မြန်မာ့ရုပ်ရှင် စိန်ရတုသဘင်ပွဲ၌ တက်ကြွစွာ ပါဝင်ခဲ့ပြီး ရုပ်ရှင်သမိုင်း ပြုစုရေး တာဝန် ယူခဲ့သည်။


စာပေတွင် ဦးသိန်းဖေမြင့်၊ ဆရာဇဝန၊ အောင်လင်း၊ သတင်းစာတွင် စီးပွားရေး မြင့်ဦး၊ စိန်ခင်မောင်ရီ၊ ရုပ်ရှင်တွင် လူရွှင်တော် သန်းနွဲ့၊ ဦးခင်ဇော် (ကေသီပန်) တို့သည် ကျေးဇူးရှင်များ ဖြစ်သည်။


မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ရုပ်ရှင်သရုပ်ဆောင် သင်တန်း၊ မြဝတီ ရုပ်သံ၊ ရုပ်ရှင်သင်တန်းနှင့် စကားဝါ ရုပ်ရှင် သင်တန်းတို့တွင် ရုပ်ရှင်သမိုင်းနှင့် ဇာတ်ညွှန်းရေးသားနည်း သင်ခန်းစာများကို ပို့ချခဲ့သည်။ ထို့အပြင် ရုပ်ရှင်သမိုင်း ပြတိုက်တွင် အဖွဲ့ဝင် အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။


ရန်ကုန်တိုင်း၊ သင်္ဃကျွန်းမြို့နယ်နှင့် အရှေ့ပိုင်းခရိုင် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများတွင် ၁၉၉၉ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ၁၀ နှစ်တိုင် ဒိုင်လူကြီး အဖြစ် ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးတွင် အကန်တော့ခံ သက်ကြီးဆရာ တဦးလည်း ဖြစ်ခဲ့သည်။


ကွယ်လွန်ချိန်တွင် ကွယ်လွန်သူ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ သုမောင်အား သတိတရဖြင့် မောင်ဗလ အလွမ်းပြေ အမှတ်တရာ စာအုပ်၊ ဂန္ထဝင် ရသစုံ မဂ္ဂဇင်းတွင် လစဉ် ရေးသားခဲ့သည့် စာပေခရီး၊ နီးနီးဝေးဝေး ဆောင်းပါး ၃၃ ပုဒ်ကို စုစည်း၍ 'စာပေခရီး နီးနီးဝေးဝေး' အမည်ဖြင့် စာအုပ် ထုတ်ဝေခဲ့သည်။


ဇနီးဖြစ်သူ ဒေါ်ခင်နုနှင့် သမီး တဦးမှာ ကွယ်လွန်ခဲ့ပြီး ဖြစ်သဖြင့်၊ သားတဦး၊ သမီး ၂ ဦး၊ မြေးများနှင့် အတူတကွ နေထိုင်လျက် အနုပညာ စာပေလုပ်ငန်းများကို လုပ်ကိုင်နေစဉ် နှလုံးရောဂါဖြင့် ၃၀၊ ၆၊ ၂၀၁၀ ရက်တွင် ကွယ်လွန်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်နေမျိုးရဲ့ 'စာပေခရီး နီးနီးဝေးဝေး' စာအုပ်မှ