နိုင်ဇော် (စာရေးဆရာ)

ဝီကီပီးဒီးယား မှ

ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန စာတည်းအဖွဲ့မှ စုဆောင်း ပြုစုပြီး၊ ရွှေဟင်္သာ စာအုပ်တိုက်က ၂၀၀၈ စက်တင်ဘာမှာ ပထမအကြိမ် ပုံနှိပ် ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း (ပဥ္စမတွဲ)' စာအုပ်မှနေ "နိုင်ဇော် (၁၉၅၇)" အတ္ထုပ္ပတ္တိအကျဉ်းနဲ့ စာစုစာရင်းကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။



နိုင်ဇော် (၁၉၅၇)[ပြင်ဆင်ရန်]

၁။ အမည်ရင်း - ဦးခင်ဇော် ၂။ မိဘအမည် - ဦးမြသောင်း ၃။ မွေးသက္ကရာဇ် - ၁၃၊ ၂၊ ၁၉၅၇ ၄။ မွေးဖွားရာဒေသ - မန္တလေးတိုင်း၊ ပြင်ဦးလွင်(မေမြို့)

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

ဆရာနိုင်ဇော်ကို မန္တလေးတိုင်း၊ ပြင်ဦးလွင်(မေမြို့)တွင် အဘဦးမြသောင်း၊ အမိဒေါ် မမကြီး တို့မှ ၁၉၅၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင်မွေးဖွားသည်။ ၁၉၇၄ ခုနှစ်တွင် ပြင်ဦးလွင်မြို့ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းမှ ဒသမတန်း အောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ် မန္တလေးသို့ တက်ရောက်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် M.B., B.S. ဘွဲ့ကို ရရှိခဲ့သည်။


၁၉၈၅ ခုနှစ်တွင် တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ရာ တပ်မတော် ဆေးရုံကြီး မင်္ဂလာဒုံတွင် (ကြည်း - ၁၈၉၀၇) ဖြင့် ဆေးမှူး၊ ဗိုလ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၆-၈၉ ခုနှစ် အထိ အမှတ် (၁) စစ်မြပြင် ဆေးရုံ (ခုတင် - ၁၀၀) တွင် အမှုထမ်းခဲ့ရာ ၁၉၈၈ ခုနှစ်၌ ဆေးမှူး၊ ဗိုလ်ကြီး အဖြစ် အဆင့် တိုးမြှင့်ခြင်း ခံရသည်။ ၁၉၈၉ ခုနှစ်တွင် အမှတ် (၁) ရှေ့တန်း အခြေချ စစ်ဆေးရုံ (ခုတင် - ၇၅) သို့ ပြောင်းရွှေ့ခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၌ ဘွဲ့လွန်သင်တန်း တက်ရောက်ခဲ့ရာ ၁၉၉၂ ခုနှစ်တွင် ရောဂါဗေဒ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။


၁၉၉၂-၉၅ ခုနှစ် အထိ အမှတ် (၂) တပ်မတော် ဆေးရုံ (ခုတင်-၅၀၀) နှင့် တပ်မတော် ဆေးရုံကြီး မင်္ဂလာဒုံတို့တွင် ရောဂါဗေဒ ပါရဂူ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ရောဂါဗေဒ ပါရဂူ၊ ဗိုလ်မှူး အဖြစ် အဆင့် တိုးမြှင့်ခြင်း ခံရသည်။ ၁၉၉၅ ခုနှစ်တွင် တပ်မတော် ဆေးတက္ကသိုလ် ဆေးပညာ သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ၁၉၉၅-၉၇ ခုနှစ် အထိ အမှတ် (၁) တပ်မတော် ဆေးရုံ (ခုတင် - ၅၀၀) ၌ ဌာနမှူး၊ ရောဂါဗေဒ ပါရဂူ အဖြစ် ဓာတ်ခွဲခန်းကို တာဝန် ယူခဲ့ရသည်။ ၁၉၉၇-၂၀၀၀ ပြည့်နှစ် အထိ တပ်မတော် ဆေးရုံကြီး မင်္ဂလာဒုံတွင် ရောဂါဗေဒ ပါရဂူ အဖြစ် အမှုထမ်းခဲ့သည်။ ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလမှ စ၍ တပ်မတော် ဆေးတက္ကသိုလ် ကိုယ်ခံစွမ်းအား ဗေဒဌာန၌ လက်ထောက် ကထိက၊ ရောဂါဗေဒ ပါရဂူ အဖြစ် ပူးတွဲ တာဝန် ထမ်းဆောင်ခဲ့ရသည်။


၁၉၉၉ ခုနှစ်၊ ဩဂုတ်လမှစ တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင်-၅၀၀) တွင် ခေတ္တ ဌာနမှူး၊ ရောဂါဗေဒ ပါရဂူ အဖြစ် တာဝန်ယူ ပေးခဲ့ရသည်။ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလတွင် ဒုတိယဗိုလ်မှူးကြီး အဖြစ် အဆင့် တိုးမြှင့်ခဲ့သည်။ ၂၀၀၂-၀၆ ခုနှစ် အထိ တပ်မတော် အသည်းရောဂါ အထူးကု ဆေးရုံကြီးတွင် ဌာနမှူး၊ ရောဂါဗေဒ ပါရဂူ တာဝန် ထမ်းဆောင် ခဲ့ရသည်။ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလတွင် တပ်မတော် ဆေးတက္ကသိုလ် ကိုယ်ခံစွမ်းအား ဗေဒဌာန၏ ပါမောက္ခ၊ ဌာနမှူး အဖြစ် တာဝန် ယူခဲ့ရသည်။ ၂၀၀၀ ပြည့်နှစ်တွင် ဆေးတက္ကသိုလ် (၂) ရန်ကုန်သို့ တက်ရောက်ခဲ့ရာ ၂၀၀၃ ခုနှစ်တွင် ပါရဂူ Ph.D. ဘွဲ့ကို ရရှိခဲ့သည်။


၂၀၀၃ ခုနှစ်၊ ဩဂုတ်လတွင် တပ်မတော် အသည်းရောဂါ အထူးကု ဆေးရုံကြီး၌ ခေတ္တ တပ်မှူး တာဝန် ထမ်းဆောင်ခဲ့ရသည်။ ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ အထိ စစ်ဦးစီး တက္ကသိုလ် သင်တန်း အမှတ်စဉ် (၅၅) သို့ တက်ရောက်ခဲ့ရသည်။ ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၀၇ ခုနှစ်၊ မတ်လ အထိ တပ်မတော် ဆေးတက္ကသိုလ် စာပေဌာနတွင် ခေတ္တ လက်ထောက် စာပေ ညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူ ပေးခဲ့ရသည်။ ၂၀၀၆ ခုနှစ်တွင် အမှတ် (၂) တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀) ၏ ရာဂါဗေဒ ပါရဂူ အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၂၀၀၇ ခုနှစ်တွင် အမှတ် (၁) တပ်မတော် ဆေးရုံ (ကုတင်-၃၀၀) ၏ တပ်မှူး (ဗိုလ်မှူးကြီး) အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ဇနီးမှာ ပါမောက္ခ ဒုတိယ ဗိုလ်မှူးကြီး ကေသီထွန်း (ဌာနမှူး) ကလေး ကျန်းမာရေး ပညာဌာန၊ တပ်မတော် ဆေးတက္ကသိုလ် ဖြစ်ပြီး သမီး မနှင်းဦးမွန်နှင့် သား မောင်မြတ်အောင်တို့ ဖြစ်ကြသည်။


နိုင်ဇော်သည် ဆေးတက္ကသိုလ် မန္တလေး ကျောင်းသား ဘဝက ဆေးတက္ကသိုလ် (မန္တလေး) နှစ်လည် မဂ္ဂဇင်း ၁၉၇၉ ခုနှစ်တွင် စတင် ရေးသားရာမှ စာပေ လောကသို့ ရောက်ရှိခဲ့သည်။ ၁၉၉၂ ခုနှစ်မှ စ၍ လုံးချင်း စာအုပ်နှင့် ဘာသာပြန် စာအုပ်များ ရေးသား ထုတ်ဝေခဲ့သည်။ လစဉ်ထုတ် မဂ္ဂဇင်းများတွင် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားလျက်ရှိရာ ဆရာ၏ စာပေများသည် လူ့အဖွဲ့အစည်းနှင့် လူ့ပတ်ဝန်းကျင် အတွက် အကျိုးရှိစေမည့် စာပေ လက်ရာများ ဖြစ်သည်။

နိုင်ဇော် ရေးသားပြုစုခဲ့သည့် စာအုပ်များ[ပြင်ဆင်ရန်]

၁။ အသဝနီနက္ခအလင်း ၁၉၉၂

၂။ ခြင်္သေ့ဆီမီး ၁၉၉၂

၃။ စောလမွန်သီချင်း (Song of Songs by Solomon) ၁၉၉၃

၄။ ခြေဦးတည့်ရာ (Wandering by Hermann Hesse) ၁၉၉၄

၅။ အလိုခပ်သိမ်း ပြီးငြိမ်းစေသူ အလင်းသခင် ၁၉၉၅

၆။ ဇီဗာဂိုး ကဗျာများ (ပထမအကြိမ်) (Zhivago’s) Poems by Boris Pasternak ၁၉၉၆

၇။ အဇ္ဈတ္တအတွင်း စူးစိုက်ခြင်း (ပထမအကြိမ်) (Meditation by Krisnamurti) ၁၉၉၆

၈။ ဂန္ထဝင်ဂီတနှင့် အခြားဝတ္ထုတိုများ ၁၉၉၆

၉။ နဂါးငွေ့တန်းသုံးစင်း ၂၀၀၁

၁၀။ အဇ္ဈတ္တအတွင်း စူးစိုက်ခြင်း (ဒုတိယအကြိမ်) (Meditation by Krisnamurti) ၂၀၀၂

၁၁။ အိလျဒ်နှင့် ဩဒဈေ ၂၀၀၂ (Homer’s Lliad and Odessey)

၁၂။ အဖော်မဲ့ လျှောက်လှမ်း ခရီးကြမ်း (Who Walk alone by perry Buygess) ၂၀၀၂

၁၃။ တားရပ်စ် ဘူလ်ဘာ (Taras Bulba by Nikolai Gogol) ၂၀၀၃

၁၄။ အာရေဗျ ပြောက်ကျားသူရဲကောင်း (Lawrence of Arabia) ၂၀၀၅

၁၅။ စွက်ဖက်မှုဝါဒီ၊ ဒိုမီနိုသီအိုရီနှင့် လနှစ်သစ်ကူး ထိုးစစ် သင်ခန်းစာ ၂၀၀၅

၁၆။ မြို့တော်ဝန်၏ ခေါင်းဆောင်မှု (Leadership by Guiliani) ၂၀၀၅

၁၇။ (၂၁) ရာစု၏ စိန်ခေါ်မှုအသစ်၊ ဆေးပညာကျင့်ဝတ် (Medical Ethics) ၂၀၀၆

၁၈။ ခွင့်လွှတ်ခြင်းသည် လာဘ်တပါးနှင့် ရာစုသစ်၏ ဆေးပညာ ဆောင်းပါးများ ၂၀၀၆

၁၉။ အရှေ့တောင်ဘက်သို့ တစေ့တစောင်း ၂၀၀၇