နိုင်ငံရေးဘောဂဗေဒ

ဝီကီပီးဒီးယား မှ

နိုင်ငံရေးဘောဂဗေဒ ဆိုသည်မှာ နိုင်ငံရေးနှင့် ဘောဂဗေဒ အဆက်အစပ်ကို စီးပွားရေး ရှုထောင့်မှ သော်လည်းကောင်း၊ နိုင်ငံရေး ရှုထောင့်မှ သော်လည်းကောင်း သုံးသပ်ကြည့်ရှု၍ သဘောပေါက်သိမြင် နားလည်အပ်သော ဘာသာရပ်တစ်ခု ဖြစ်လေသည်။ ယခင်က သိထားသည်မှာ စီးပွားရေးသည် စီးပွားရေး သက်သက်၊ နိုင်ငံရေးသည် နိုင်ငံရေး သက်သက်ဟုသာဖြစ်သည်။ နိုင်ငံရေး စနစ်တစ်ခုနှင့် စီးပွားရေး ဆက်စပ်ပုံ၊ စီးပွားရေးနှင့် ပတ်သက်သော ပေါ်လစီ တစ်ခုသည် နိုင်ငံရေးအပေါ်မည်ကဲ့သို့သက်ရောက်မှု ရှိသည် ဟူသော နိုင်ငံရေး ကစားကွက် များကို ပိုမိုသိရှိလာခဲ့ရသည်။ ထို့ပြင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အကျိုးစီးပွားအတွက် နှစ်ဖက်စလုံးအကျိုးရှိသည့် (Mutual Gain) ဖြင့် အပြန်အလှန် ကစားကြသည့် နိုင်ငံ တကာ နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်မှာလည်း အလွန်စိတ်ဝင်စားဖွယ်ကောင်းပါသည်။


ယနေ့ခေတ် မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို အကောင်ထည်ဖော်ဆောင်နေသော နိုင်ငံတစ်ခုဖြစ်သည်။ ၂၀၁၅ တွင်လည်း(Asean Free Trade Association,AFTA) တွင်ပါဝင်တော့မည် ဖြစ် သည်။ ထိုအချိန်တွင် ကုန်သွယ်ရေးအခွန်များ ကင်းလွတ်သွားမည်ဖြစ်၍ မိမိတို့နိုင်ငံမှ တင်ပို့သော ကုန်စည်များ၊ ဝန်ဆောင်မှုများသည် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်လေသည်။ နိုင်ငံရေး ရှုထောင့်အားကြည့်လျှင်လည်း နိုင်ငံ၏ ဂုဏ်သိက္ခာ နှင့် အကျိုးစီးပွား အတွက် ပြင်ဆင်ထားရမည် ဖြစ်သည်။ ထိုအတွက်ကြောင့် နိုင်ငံရေးဘောဂဗေဒ(Politcal Economy)၊ အမျိုးသားအဆင့် စီးပွားရေး (macro economy) နှင့် ပြည်သူ့ရေးရာ မူဝါဒ(Puplic Policy) နှင့် ပြည်သူ့ရေးရာ အုပ်ချုပ်မှု(Public Administration) သဘောတရားများကို ပိုင်ပိုင်နိုင်နိုင်သဘောပေါက်နားလည်ထားပါမှ နိုင်ငံ တည်တည် ငြိမ်ငြိမ်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ရယူနိုင်သည့် မူဝါဒရေးရော သွင်းအားစု ကောင်းများ ပေးသွင်းနိုင်မည် ဖြစ်လေသည်။ နိုင်ငံရေးဘောဂဗေဒဆိုသည်မှာ စီးပွားရေးမူဝါဒများကို နိုင်ငံရေးအရဆုံးဖြတ်ချက်ချမှတ်မှုကို (တနည်း စီးပွားရေးမူဝါဒများ အကောင်အထည်ဖော်ရာတွင် နိုင်ငံရေးပါဝါ၏ အခန်းကဏ္ဍ) လေ့လာသော် လည်း စီးပွားရေးဘာသာရပ်ပင်ဖြစ်လေရာ သမိုင်းတွင် နှစ်တရာကျော် ပြိုင်ဆိုင်ခဲ့သည့် စီးပွားရေး အိုင်ဒီ အိုလိုဂျီကြီးနှစ်ခုကို ဦးစွာသုံးသပ်ကြည့်မိလေသည်။

မျဉ်းပြိုင် အိုင်ဒီယိုလိုဂျီကြီးနှစ်ခု[ပြင်ဆင်ရန်]

ယခင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပေါ်ပြူလာ အလွန်ဖြစ်ခဲ့ဖူးသည့် စီးပွားရေးစနစ်မှာ ဆိုရှယ်လစ် စီးပွားရေး စနစ်ဖြစ်လေသည်။ ဘုံ စီးပွားရေး (Commond economy) ကို ယခင် ကွန်မြူနစ်နိုင်ငံများ ဖြစ်သော ဆိုဗီယက်ယူနီယံနှင့် တရုတ်အပါအဝင် ကမ္ဘာပေါ်ရှိ လက်ဝဲနိုင်ငံများ ကျင့်သုံး အကောင်အထည် ဖော်ခဲ့ကြလေသည်။ ဘာသာရပ်အခေါ်အဝေါ်အားဖြင့် Socialist mode of production ဟုခေါ်လေသည်။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်(၁၉၆၂-၁၉၈၈) တွင်ကျင့်သုံးခဲ့သည်။ ယင်းလက်ဝဲနိုင်ငံများသာမက ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ကျင့်သုံးသော နိုင်ငံအချို့ တွင်လည်း အမိန့်ပေးစီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ကြလေသည်။ (ဥပမာ- အိန္ဒိယနိုင်ငံ) ဆိုရှယ်လစ်ဝါဒ၏ အခြေခံအယူအဆမှာ အလုပ်သမားများ နိုင်ငံရေးအင်အားရရှိရေးဖြစ်သည်။ အလုပ်သမားများသည် ဓနကို ထုတ်လုပ်ပေးသူများ ဖြစ်ရာ ၎င်းတို့၏ ငွေကြေးဓန ကြွယ်ဝရေးအတွက် အစိုးရမှ ဓနပြန်လည်ခွဲဝေဖြန့်ဖြူးရေးများလုပ်ဆောင်နိုင်ရန် အလုပ်သမားများ နိုင်ငံရေးအင်အားရရှိမှသာ လုပ်ဆောင်နိုင်မည်ဖြစ်လေသည်။ တစ်နည်းအားဖြင့်ဆိုသော် (အစိုးရမှ ဝင်ရောက်ခြယ်လှယ်သော)အမိန့် ပေး စီးပွားရေးစနစ်၊ သာတူညီမျှ ကောင်းစားရေးစနစ် ဖြစ်လေသည်။ ဥစ္စာဓနများကို သာတူညီမျှ ခွဲဝေသောစနစ်ဖြစ်သောကြောင့် သာမန်အားဖြင့် ကြည့်သော် ဆင်းရဲချမ်းသာကွာဟမှု မရှိသည်မှာ ၊ ကောင်းသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် ကြီးပွားချမ်းသာ လာသောသူများ၏ လုပ်ငန်းများကို ပြည်သူပိုင်သိမ်းခံခဲ့ရလေသည်။ ကြိုးစားအားထုတ်မှုမရှိဘဲ ၊ဝင်ငွေ တိုးအောင် မဆောင်ရွက်လိုသော လူတန်းစားများမှာ ဘဝကို အေးဆေးသက်သာစွာဖြင့် အချောင်ခိုလိုစိတ် ကိုပိုမိုဖြစ် ထွန်းစေခဲ့သည်။ အားလုံးသာတူညီမျှ မွဲကြလေသတည်း ဆိုသကဲ့သို့ဖြစ်နေသည်။ ဆိုရှယ်လစ် စနစ်သည် အရင်းရှင်စနစ်ကို တရားကိုယ်အားနည်းချက်ဖြစ်သော မညီမျှမှုကို တိုက်ဖျက်လိုပြီး အခြေခံလူတန်းစားများ ဘက်မှ ရပ်တည်လိုသည့် သဘောအပေါ်အခြေခံ၍ ပေါ်ပေါက်လာသည်။

၁၉၉၀ ပြည့်နှစ်တွင် ဆိုဗီယက်ယူနီယမ်ကြီး ပြိုလဲအပြီး ယင်းနှင့် တနွယ်ငင်တစ်စင်ပါ အမိန့်ပေးစီးပွားရေးစနစ်မှာလည်း လက်တွေ့ အလုပ်မဖြစ်တော့သည့် စနစ်ဖြစ်ကြောင်း မြင်ဝါးထင်ထင် တွေ့လိုက်ကြသည်ဖြစ်ရာ မည်သည့်နိုင်ငံမှ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ကျင့်သုံးခြင်းမျိုးမပြုလုပ် တော့ပေ။ သို့နှင့် အရင်းရှင်စီးပွားရေးစနစ်ကို နိုင်ငံများ ဦးလှည့် သွားကြသော်လည်း အရင်းရှင်စနစ်ဆို သော နာမည်ကိုတော့မသုံး။ ယင်းအစား ဈေးကွက်စီးပွားရေးစနစ်ဟု သုံးနှုန်းခေါ်ဝေါ်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် အရိုင်းဘဝမှ ယဉ်ကျေးလာသည့် အရင်းရှင်စနစ်၏ မညီမျှတက်မှုအပေါ် သံသယမျက်လုံးများဖြင့် ကြည့်နေကြဆဲကြောင့်ဖြစ်လေသည်။ အရင်းရှင်စနစ်ဆိုသည်မှာ ကုန်စည်ခွဲဝေဖြန့်ဖြူးမှုကို ဈေးကွက်အင်အားက အဆုံးအဖြတ်ပြုသည့် ပုဂ္ဂလိက ပိုင်ဆိုင်မှု(Private Sector) ဦးစားပေးစနစ်ဖြစ်သည်။ အရင်းရှင်စနစ်အောက်တွင် (Capitalist mode of production) အရင်းစုဆောင်းမှုကို တစ်သီးပုဂ္ဂလများ၊ ကော်ပိုရေးရှင်းကြီးများက ကြီးကြီး မားမားထိန်းချုပ် ထားလေသည်။ သို့သော် တကယ့်လက်တွေ့တွင် မည်သည့်နိုင်ငံမှ အရင်းရှင်စနစ်ချည်း သီးသန့် ကျင့်သုံးကြသည်တော့ မဟုတ်ပါ။ ပုဂ္ဂလိကပိုင်းရော၊ ပုဂ္ဂလိကပိုင်းပါပါဝင်သည့် အရောအစပ် (mixed economy) ပုံစံမျိုးကို နိုင်ငံအများစုက ကျင့်သုံးကြလေသည်။ အများစုသော အရင်းရှင် စီးပွားရေးစနစ်ကျင့်သုံးသော နိုင်ငံများတွင် အစိုးရများမှ အရင်းရှင်စနစ်၏ ဓနခွဲဝေမှုနှင့် ပတ်သတ်သော မညီမျှမှုကို ညီမျှမှုရှိစေရန် အစိုးရမှ ဝင်ငွေဖြန့်ခွဲမှု မူဝါဒကောင်းကို ချမှတ် အကောင်အထည်ဖော်ခြင်း မျိုးလည်းရှိသည်။ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်အစရှိသော စကင်ဒီနေးဗီးယားနိုင်ငံများသည် (Scandinavia Countries) ပြည်တော်သာနိုင်ငံများ “Welfare state” နိုင်ငံများဖြစ်ကြလေသည်။ အဆိုပါ ပြည်တော်သာနိုင်ငံများသည် ပြည်သူများအတွက် စရိတ်မျှပေးကျန်းမာရေးခံစားခွင့်များ၊ သက်ကြီးရွယ်အို လူမှုစောင့်ရှောက်ရေးအစီအစဉ်များ၊ အငြိမ်းစားဝန်ထမ်း ပင်စင်လစာ ခံစားခွင့်များ၊ အခမဲ့ပညာရေး အစီအစဉ်များ ၊ အလုပ်သမားလက်မဲ့များအတွက် အကျိုးခံစားခွင့်များကို နိုင်ငံတော်မှ လူမှုဖူလုံရေး မူဝါဒများချမှတ် (Welfare Policy) အကောင်အထည်ဖော်ကြလေသည်။ ၂၀ဝ၈ ဘဏ္ဍရေး အကျပ်အတည်း ပြီးသည်နောက်တွင် အကျဉ်းအတည်းဒဏ်ကို ခံရမှုအနည်းဆုံးနိုင်ငံများမှာ အထက်ပါ လူမှုလုံခြုံရေးပိုက်ကွန်ကို အခိုင်အမာ တည်ဆောက်ထားသည့် နိုင်ငံများဖြစ်နေကြောင်းကို တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင်လည်း ပါလီမန်ဒီမိုကရေစီခေတ်က လူအများ ဖြစ်နိုင်ဖွယ် မရှိဟုဆိုကာ လှောင်ပြောင်ခဲ့ကြသည့် လူတကိုယ်၊ တစ်တိုက်လုံး ကားတစ်စီး ပိုင်ဆိုင်ရမည်ဟူသော ပြည်တော်သာ စီမံကိန်းကဲ့သို့သော မူဝါဒမျိုးကို ကျင့်သုံးအကောင်အထည်ဖော်ခဲ့ကြဖူးလေသည်။ အရှင်းရှင်စနစ်တွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်း သို့မဟုတ် စီးပွားရေးလုပ်ငန်းကြီးများက ဈေးကွက်ကို အဓိက လွှမ်းမိုး ခြယ်လှယ်မှုများ (monopoly) ရှိခြင်းကြောင့် ဆင်းရဲချမ်းသာ လူတန်းစားကွာဟ မှုပို၍ ဖြစ်ပေါ်စေသည်။ ယခုကဲ့သို့ Globalization ခေတ်ကြီးတွင် အရင်းရှင်စနစ်၏ သဘောတရားမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စနစ်ကြီးအတွက် ပိုမိုဖွံ့ဖြိုးတိုးတက်မှုကို ရောက်သွားမည်လော သို့မဟုတ် ဆင်းရဲချမ်းသာကွာဟ မှုကြီး ထွားလာလေမည်လောဟု မေးစရာများပင်ရှိလာသည်။ ဆင်းရဲချမ်းသာကွာဟမှု အမှန်ပင်ကြီးထွား လာသော်လည်း ယင်း Globalization ကို အသုံးပြုပြီး ဖွံ့ဖြိုးဆဲနိုင်ငံ (တတိယကမ္ဘာနိုင်ငံ) မှ ဖွံ့ဖြိုးပြီး ပထမနိုင်ငံသို့တက်လှမ်းသွားသည့် နိုင်ငံများလည်းရှိလေသည်။ ယင်းနိုင်ငံများမှာ အရှေ့အာရှဒေသမှ အာရှကျားများပင်ဖြစ်လေသည်။

အသစ်ဖြစ်ထွန်းလာသော စက်မှုနိုင်ငံများနှင့်အာရှကျားများ[ပြင်ဆင်ရန်]

တတိယကမ္ဘာနိုင်ငံမှ အချို့သောနိုင်ငံများသည် အရင်းအနှီးစုဆောင်းမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း ကြောင့် အဆိုပါနိုင်ငံများကို အသစ်ဖြစ်ထွန်းလာသော စက်မှုနိုင်ငံများဟု ဝိဂြိုဟ်ပြုကြလေသည်။ ယင်းနိုင်ငံများသည် ၁၉၈၀နှင့် ၁၉၉၀ အစောပိုင်း ကာလများတွင် ပို့ကုန်အဓိက မူဝါဒကို ချမှတ်ကာ ကုန်စည်အများအပြားကို ကမ္ဘာ့ဈေးကွက်သို့ ထုတ်လုပ်တင်ပို့နိုင်ခြင်းကြောင့် ခိုင်မာသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်ခဲ့လေသည်။ အအောင်မြင်ဆုံးသော နိုင်ငံများမှာ အရှေ့အာရှမှ ကျားလေးကောင်ဖြစ်သော တောင်ကိုရီယား၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် စင်ကာပူတို့ ဖြစ်ကြလေသသည်။ တစ်နိုင်ငံချင်းစီသည် ယင်းတို့အားသန်ရာ၊ အရင်းအမြစ်ကောင်းရှိရာ လုပ်ငန်းစုများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရင်း ကမ္ဘာ့ဈေးကွက်တွင် အခြားဖွံ့ဖြိုးပြီးနိုင်ငံများကို ယှဉ်ပြိုင်နိုင်သည်အထိ အောင်မြင်မှုရရှိခဲ့လေသည်။ ဥပမာ သံနှင့်ကျောက်မီးသွေး အရင်းအမြစ်များ ကြွယ်ဝသော တောင်ကိုရီးယားဆိုလျှင် စတီးနှင့် မော်တော်ကားလုပ်ငန်းစုများကို ဖွံ့ဖြိုးအောင်ဆောင်ရွက်ပြီး ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြင့် ကုန်သွယ်မှု အမြတ်ထွက်အောင် ဆောင်ရွက်နိုင်ခဲ့လေသည်။ အမှန်စင်စစ် အဆိုပါ အာရှကျားများသည် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတိုင်း လိုက်ပါသွားကြသည့် နိုင်ငံများ ဖြစ်လေသည်။ ယင်းကို ပညာရှင်များက ဗျိုင်းအုပ်ပုံစံ ဖွံ့ဖြိုးရေးလမ်းကြောင်းဟု ခေါ်ဝေါ်သတ် မှတ်ကြလေသည်။ အာရှကျားလေးကောင်နောက်တွင် နောက်ထပ် ကျားပေါက်များ ဖြစ်သော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့ ဆက်လက်လိုက် ပါသွားကြပြီး၊ ယင်းနောက်တွင်မူ ဗီယက်နမ်၊ ကမ္ဘာဒီးယား၊ လာအို၊ မြန်မာတို့ လိုက်ပါလာကြ လေသည်။

စက်မှုဖွံ့ဖြိုးရေး အရယူနိုင်ခဲ့သည့်အတွက် အာရှကျားများဟု တင်စားခေါ်ဝေါ်ခဲ့ကြသော အဆိုပါ နိုင်ငံများ၏ ဖွံ့ဖြိုးရေး ဖြစ်စဉ်ကြီးကို လေ့လာ သုံးသပ်ကြည့်ပါက ခေါင်းဆောင်မှု အခန်းကဏ္ဍ၏ အရေးပါပုံကို ထင်ထင်ရှားရှားကြီး တွေ့ရှိရမည်ဖြစ်သည်။ ကိုလိုနီစနစ်အောက်မှ လွတ်လပ်ရေး ရပြီးခါစ နိုင်ငံများတွင် နိုင်ငံ၏ စီးပွားရေးမူဝါဒကို ဦးဆောင်ခဲ့သူများမှာ စစ်နှင့်တော်လှန်ရေးကို ဖြတ်သန်းခဲ့သည့် နိုင်ငံရေး အစွဲသန်သည့် ပထမမျိုးဆက် ခေါင်းဆောင်များ ဖြစ်ခဲ့သည်။ ယင်း ပထမ မျိုးဆက်ခေါင်းဆောင်များမှာ စီးပွားရေးတိုးတက်ဖို့ စိတ်အခံထက် နိုင်ငံရေး ကစားကွက်များတွင် အာရုံရခဲ့သည့် ဖွံ့ဖြိုးမှုကို ယင်းတို့မျိုးဆက်အတွင်း အရယူပေးနိုင်ခဲ့ခြင်း မရှိပါ။ ဖွံ့ဖြိုးမှုနည်းသော စီးပွားရေးများတွင်ကား တက္ခနိုခရက်များ ခေါင်းဆောင်မှုနေရာကို ရရှိခဲ့ခြင်းမရှိပါ။ အဆိုပါ တက္ခနိုခရက်များမှာ စီးပွားရေးဖွံ့ဖြိုးမှု ဆောင်ကြဉ်းပေးနိုင်ခဲ့ သည့် ဒုတိယမျိုးဆက် ခေါင်းဆောင်များ ဖြစ်လာခဲ့လေသည်။ မြင့်မြင့်မားမား စွမ်းဆောင်ရည်ရှိသည့် စီးပွားရေးတွင် အဆိုပါ ဒုတိယမျိုးဆက်ခေါင်းဆောင် တက္ခနိုခရက်များကို မူဝါဒချမှတ်ရေးနယ်ပယ်တွင် လုပ်ပိုင်ခွင့် ပိုမိုပေးအပ်စေခဲ့သည်။ အာရှကျားလေးကောင် နိုင်ငံ၏ အရေးကြီးသော မဟာဗျူဟာမြောက် စီးပွားရေး မူဝါဒချမှတ်ရေးဖြစ်စဉ်များတွင် တက္ခနိုခရက်များမှာ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်စမြဲဖြစ်ကြောင်း တွေ့မြင်ရလေသည်။ အချို့သော နိုင်ငံရေး ဘောဂဗေ ဒပညာရှင်များက နောက်ပေါက် အာရှကျားများအတွက် စီးပွားရေး မူဝါဒများ၊ သီအိုရီပိုင်း၊ လက်တွေ့နည်း စနစ်ပိုင်းနားလည်သည့် တက္ခနိုခရက်များလောက်ဖြင့် မလုံ လောက်တော့ပါ။ ယင်းတက္ခနိုခရက်များ၏ အရည်အချင်းများအပြင် နိုင်ငံရေးအရပါ ဆွဲဆောင်စည်းရုံးနိုင်သော တက္ခနိုပိုလီ(technopoly) အရည်အချင်း များပါ လိုအပ်သည်ဟု သုံးသပ်ပြောကြားသွားလေရာ အာရှနောက်ပေါက် ကျားအဖြစ် အားယူမည့် မြန်မာနိုင်ငံအဖို့ အထူးအလေးထား ဆင်ခြင်စရာပင် ဖြစ်လေသည်။

အာရှအံ့ဘနန်း၏ နိုင်ငံရေးဘောဂဗေဒ(Political Economy of Asia Miracle)[ပြင်ဆင်ရန်]

ယင်းနိုင်ငံများ၏ ဖွံ့ဖြိုးမှုနိုင်ငံရေးဘောဂဗေဒကို လေ့လာကြည့်ပါက လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းကြောင်း သိရလေသည်။ အစိုးရက နောက်ကွယ်မှ ထောက်ပံ့ထားသော စီးပွားရေးလုပ်ငန်းစုကြီးများ၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုတွင် မိမိငွေကြေးကို တည်ငြိမ်နေအောင် ထိန်းသိမ်း ထားနိုင်မှုကြောင့် ကုန်သွယ်မှု ပိုငွေရရှိမှုများ၊ ပြည်ပရင်းနှီးမြုပ်နှံမှုများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးအလွယ်တကူ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ရန် ဥပဒေ၊ နည်းဥပေဒ၊ လုပ်ထုံးလုပ်နည်းများ စနစ်တကျ ပြဋ္ဌာန်းထားမှုများ၊ ဥပဒေမှ အပြည့်အဝ ကာကွယ် ပေးထားမှုများဖြင့် အရှေ့အာရှ နိုင်ငံများသည် ဖွံ့ဖြိုးရေးပန်းတိုင်များသို့ ပန်းဝင်ခဲ့ကြလေသည်။

ယင်းတို့အနက် စီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်ပေးသည့်အပိုင်းသည် နိုင်ငံတော်အတွက်ရော၊ လူ့အဖွဲ့အစည်းအပိုင်းအတွက်ပါ လွန်စွာ အရေးကြီးသည့် အစိတ်အပိုင်းဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာနည်းသည့် ကိုယ်ကျိုးစီးပွား အတွက်သာ ကြည့်သော၊ သို့မဟုတ် စီးပွားရေး မလုပ်တတ်သည့် လုပ်ငန်းရှင်များကိုသာ စီးပွားရေးလုပ်ပိုင်ခွင့်ပေးခဲ့လျှင် နိုင်ငံ၏ကုန်ထုတ်လုပ်မှု စွမ်းအားများ တိုးတက်မှု နည်းမည်သာ ဖြစ်လေသည်။ နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်တွင် ယင်းကို Rent seeking ဟု ခေါ်လေသည်။ စီးပွားရေး လုပ်ချင်သည့် နိုင်ငံသားတိုင်းကို လုပ်ပိုင်ခွင့် (သို့) တစ်နည်း တန်းတူညီတူ ယှဉ်ပြိုင်နိုင်ခွင့် ပေးရမည်ဖြစ်သော်လည်း (Level Playing Field) ဈေးကွက်ကို လက်ဝါးကြီးအုပ်သွားနိုင်သည့် အရင်းကြီးကြီးမားမားရှိသည့် စီးပွားရေးလုပ်ငန်းရှင်များလည်း ရှိသောကြောင့် Rent Free ထားဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပါ။ ထိုအတွက်ကြောင့် စက်မှုဖွံ့ဖြိုး တိုးတက်သည့် OECD နိုင်ငံများတွင်သာ Rent Free ထားရှိသော်လည်း ယခုမှ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် ရောက်ရှိလာသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် Rent Free ထားရှိဖို့မှာ မဖြစ်နိုင်ပေ။ အာရှကျားများကို ကြည့်ပြန်လျှင်လည်း အာရှကျားများသည် မိမိနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းစေချင်သည့် စေတနာရှိသော စီးပွားရေးစွန့်ဦးတီတွင် လုပ်ကိုင် တတ်သော စီးပွားရေးသမားများကို လုပ်ကိုင်စေခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု ရှိလာခြင်းဖြစ်လေသည်။

အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၏ ဆက်ဆံရေး (Government and Business relation)[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၏ ဆက်ဆံရေး (Government and Business relation) မှာ လာဘ်ပေးလာဘ်ယူပေါများခြင်း၊ မလိုလားအပ်သည့် အဆင့်ပိုများရှိနေခြင်း၊ အရှင်မွေး သူကောင်းပြုမှုများကြောင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် စွမ်းဆောင်ရည်နိမ့်ပါးသည့် ဆက်ဆံရေးမျိုး ဖြစ်နေပါသည်။ အထူးသဖြင့် ခေတ်နှင့်မလျော်ညီတော့သော စီးပွားရေးလုပ်ငန်းများ၏ ယဉ်ကျေးမှုကို (Business Culture) ကို ပြင်ဆင်ရမည် ဖြစ်လေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် မိသားစုပိုင် စီးပွားရေးလုပ်ငန်းများသာများပြီး အများပိုင် စီးပွားရေး လုပ်ငန်းများအဖြစ် အသွင် မပြောင်းသေးပါ။ ထိုအတွက်ကြောင့် နိုင်ငံတော်အစိုးရမှ နိုင်ငံတော်အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ ရှယ်ယာများကို အရင်းအနှီးဈေးကွက် (Capital market) တစ်ခု တည်ထောင်၍ ပြည်သူများထံ ၂၀၁၂ မတိုင်ခင် ရောင်းချသွားနိုင်ရန် ကြိုးစားလျက် ရှိလေသည်။ သို့မှသာ တရားဝင်စီးပွားရေးလုပ်ငန်းများလည်း မိမိ စီးပွားရေးလုပ်ငန်း၏ အရင်းအနှီးဈေးကွက်တွင် ရှယ်ယာရောင်းစေခြင်းဖြင့် လုပ်ငန်းတိုးချဲ့နိုင်မှာ ဖြစ်သလို တရားမဝင် စီးပွားရေးလုပ်ငန်းများလည်း ချေးငွေအပါအဝင်၊ အရင်းအနှီးရရှိရန် တရားဝင် စီးပွားရေးလုပ်ငန်းများအဖြစ်သို့ အသွင် ကူးပြောင်းလာမည် ဖြစ်သည်။ သို့မှသာ နိုင်ငံ၏ အရင်းအနှီး စုဆောင်းမှုကို တိုးတက်စေနိုင်ရုံမျှမက အမျိုးသား စုစုပေါင်း ကုန်ထုတ်လုပ်မှုလည်း တိုးတက်လာမှာဖြစ်ပြီး ကောင်းမွန်သည့် အခွန်စနစ်ကို ကျင့်သုံး အကောင်အထည် ဖော်စေခြင်းဖြင့် အစိုးရ၏ တာဝန်ယူမှုနှင့် တာဝန်ခံမှုလည်း ပိုလာစေမှာဖြစ်သည်။


( အသစ်ဖြစ်ထွန်းလာသော စက်မှုနိုင်ငံများနှင့်အာရှကျားများ )


တတိယကမ္ဘာ့နိုင်ငံမှ အချို့သောနိုင်ငံများသည် အရင်းအနှီးစုဆောင်းမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းကြောင့် အဆိုပါနိုင်ငံများကို အသစ်ဖြစ်ထွန်းလာသော စက်မှုနိုင်ငံများဟု ဝိဂြိုဟ်ပြုကြလေသည်။ ယင်းနိုင်ငံများသည် ၁၉၈၀နှင့် ၁၉၉၀ အစောပိုင်း ကာလများတွင် ပို့ကုန်အဓိက မူဝါဒကို ချမှတ်ကာ ကုန်စည်အများအပြားကို ကမ္ဘာ့ဈေးကွက်သို့ ထုတ်လုပ်တင်ပို့နိုင်ခြင်းကြောင့် ခိုင်မာသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်ခဲ့လေသည်။

အအောင်မြင်ဆုံးသော နိုင်ငံများမှာ အရှေ့အာရှမှ ကျားလေးကောင်ဖြစ်သော တောင်ကိုရီယား၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် စင်ကာပူတို့ ဖြစ်ကြလေသည်။ တစ်နိုင်ငံချင်းစီသည် ယင်းတို့အားသန်ရာ၊ အရင်းအမြစ်ကောင်းရှိရာ လုပ်ငန်းစုများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရင်း ကမ္ဘာ့ဈေးကွက်တွင် အခြားဖွံ့ဖြိုးပြီးနိုင်ငံများကို ယှဉ်ပြိုင်နိုင်သည်အထိ အောင်မြင်မှုရရှိခဲ့လေသည်။

ဥပမာ သံနှင့်ကျောက်မီးသွေး အရင်းအမြစ်များ ကြွယ်ဝသော တောင်ကိုရီးယားဆိုလျှင် စတီးနှင့် မော်တော်ကားလုပ်ငန်းစုများကို ဖွံ့ဖြိုးအောင်ဆောင်ရွက်ပြီး ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြင့် ကုန်သွယ်မှု အမြတ်ထွက်အောင် ဆောင်ရွက်နိုင်ခဲ့လေသည်။ အမှန်စင်စစ် အဆိုပါ အာရှကျားများသည် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတိုင်း လိုက်ပါသွားကြသည့် နိုင်ငံများ ဖြစ်လေသည်။ ယင်းကို ပညာရှင်များက ဗျိုင်းအုပ်ပုံစံ ဖွံ့ဖြိုးရေးလမ်းကြောင်းဟု ခေါ်ဝေါ်သတ် မှတ်ကြလေသည်။ အာရှကျားလေးကောင်နောက်တွင် နောက်ထပ် ကျားပေါက်များ ဖြစ်သော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့ ဆက်လက်လိုက် ပါသွားကြပြီး၊ ယင်းနောက်တွင်မူ ဗီယက်နမ်၊ ကမ္ဘာဒီးယား၊ လာအို၊ မြန်မာတို့ လိုက်ပါလာကြ လေသည်။

စက်မှုဖွံ့ဖြိုးရေး အရယူနိုင်ခဲ့သည့်အတွက် အာရှကျားများဟု တင်စားခေါ်ဝေါ်ခဲ့ကြသော အဆိုပါ နိုင်ငံများ၏ ဖွံ့ဖြိုးရေး ဖြစ်စဉ်ကြီးကို လေ့လာ သုံးသပ်ကြည့်ပါက ခေါင်းဆောင်မှု အခန်းကဏ္ဍ၏ အရေးပါပုံကို ထင်ထင်ရှားရှားကြီး တွေ့ရှိရမည်ဖြစ်သည်။ ကိုလိုနီစနစ်အောက်မှ လွတ်လပ်ရေး ရပြီးခါစ နိုင်ငံများတွင် နိုင်ငံ၏ စီးပွားရေးမူဝါဒကို ဦးဆောင်ခဲ့သူများမှာ စစ်နှင့်တော်လှန်ရေးကို ဖြတ်သန်းခဲ့သည့် နိုင်ငံရေး အစွဲသန်သည့် ပထမမျိုးဆက် ခေါင်းဆောင်များ ဖြစ်ခဲ့သည်။ ယင်း ပထမ မျိုးဆက်ခေါင်းဆောင်များမှာ စီးပွားရေးတိုးတက်ဖို့ စိတ်အခံထက် နိုင်ငံရေး ကစားကွက်များတွင် အာရုံရခဲ့သည့် ဖွံ့ဖြိုးမှုကို ယင်းတို့မျိုးဆက်အတွင်း အရယူပေးနိုင်ခဲ့ခြင်း မရှိပါ။ ဖွံ့ဖြိုးမှုနည်းသော စီးပွားရေးများတွင်ကား တက္ခနိုခရက်များ ခေါင်းဆောင်မှုနေရာကို ရရှိခဲ့ခြင်းမရှိပါ။ အဆိုပါ တက္ခနိုခရက်များမှာ စီးပွားရေးဖွံ့ဖြိုးမှု ဆောင်ကြဉ်းပေးနိုင်ခဲ့ သည့် ဒုတိယမျိုးဆက် ခေါင်းဆောင်များ ဖြစ်လာခဲ့လေသည်။ မြင့်မြင့်မားမား စွမ်းဆောင်ရည်ရှိသည့် စီးပွားရေးတွင် အဆိုပါ ဒုတိယမျိုးဆက်ခေါင်းဆောင် တက္ခနိုခရက်များကို မူဝါဒချမှတ်ရေးနယ်ပယ်တွင် လုပ်ပိုင်ခွင့် ပိုမိုပေးအပ်စေခဲ့သည်။ အာရှကျားလေးကောင် နိုင်ငံ၏ အရေးကြီးသော မဟာဗျူဟာမြောက် စီးပွားရေး မူဝါဒချမှတ်ရေးဖြစ်စဉ်များတွင် တက္ခနိုခရက်များမှာ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်စမြဲဖြစ်ကြောင်း တွေ့မြင်ရလေသည်။ အချို့သော နိုင်ငံရေး ဘောဂဗေ ဒပညာရှင်များက နောက်ပေါက် အာရှကျားများအတွက် စီးပွားရေး မူဝါဒများ၊ သီအိုရီပိုင်း၊ လက်တွေ့နည်း စနစ်ပိုင်းနားလည်သည့် တက္ခနိုခရက်များလောက်ဖြင့် မလုံ လောက်တော့ပါ။ ယင်းတက္ခနိုခရက်များ၏ အရည်အချင်းများအပြင် နိုင်ငံရေးအရပါ ဆွဲဆောင်စည်းရုံးနိုင်သော တက္ခနိုပိုလီ(technopoly) အရည်အချင်း များပါ လိုအပ်သည်ဟု သုံးသပ်ပြောကြားသွားလေရာ အာရှနောက်ပေါက် ကျားအဖြစ် အားယူမည့် မြန်မာနိုင်ငံအဖို့ အထူးအလေးထား ဆင်ခြင်စရာပင် ဖြစ်လေသည်။

စီးပွားရေးအသင်းအဖွဲ့များနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ[ပြင်ဆင်ရန်]

အာရှကျားများ၏ စီးပွားရေးတိုးတက်မှုဖြစ်စဉ်ကို လေ့လာသုံးသပ်ကြည့်ပါက စီးပွားရေးအသင်း အဖွဲ့များ၏ အခန်းကဏ္ဍမှာ လွန်စွာ အရေးကြီးကြောင်း တွေ့ရလေသည်။ နယ်ပယ်အသီးသီး စီးပွားရေး လုပ်ငန်းစုကြီးများသည် ယင်းတို့ လုပ်ငန်းစုအကျိုးကို သယ်ဆောင်မှု အမှုဆောင်အရာရှိချုပ်များ (CEOs) ကို ရွေးချယ်၍ သက်ဆိုင်ရာ အစိုးရအင်ဂျင်စီများနှင့် ပုံမှန်တွေ့ဆုံခြင်းမျိုးကို ပြုလုပ်လေ့ရှိသည်။ ထိုသို့ မူဝါဒချမှတ်သူများနှင့် စီးပွားရေး ကောင်စီများမှ အမှုဆောင်များအရာရှိချုပ်များ ပုံမှန်တွေ့ဆုံခြင်းဖြင့် သတင်းအချက်အလက်များ ဖလှယ်နိုင်မှု၊ မူဝါဒနှင့် စီးပွားရေးလုပ်ငန်းများ၏ ပတ်ဝန်းကျင်ကို မှန်မှန်ကန်ကန်သိမြင်နားလည် ခန့်မှန်းနိုင်မှု၊ ယှဉ်ပြိုင်မှုပြင်းထန်သည့် လုပ်ငန်းစုများကို တည်ငြိမ်ရေးနှင့် ပုံမှန်ဖွံ့ဖြိုးစေမှု အစရှိသည့် အမျိုးအဆင့် မူဝါဒ (Macro Level Policies) များကို ချမှတ်ရာ၌ ထိရောက်ထက်မြက်မည်ဖြစ်သည်။


မြန်မာနိုင်ငံမှာလည်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ငါးလုပ်ငန်း အဖွဲ့ချုပ်ကဲ့သို့ စီးပွားရေး အသင်းအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များလည်းရှိလေရာ ယင်း အသင်းအဖွဲ့များမှာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု၊ လူမှုရေးညီမျှမှုကို စွမ်းဆောင်ပေးနိုင်သည့် အကျိုးစီးပွား အုပ်စုများ ဖြစ်လေသည်။ စီးပွားရေးအသင်းအဖွဲ့များသည် ယင်းတို့ကြုံတွေ့နေရသော သက်ဆိုင်ရာ စီးပွားရေးကဏ္ဍအလိုက် လိုအပ်သော နိုင်ငံတော် အပိုင်းမှ လုပ်ဆောင်ပေးသင့်သည့် မူဝါဒဆိုင်ရာ သွင်းအားစုများကို ပေးသွင်းခြင်းဖြင့် အမျိုးသားယှဉ်ပြိုင်နိုင်စွမ်း တိုးတက်အောင် ဆောင်ရွက်ကြလေသည်။ လူမှုရေးအသင်း အဖွဲ့အစည်းများသည်လည်း နိုင်ငံ၏ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ ဆင်းရဲမှုလျော့ချရေး၊ Capacity မြှင့်တင်ရေး အစရှိသည့်တို့ကို ဆောင်ရွက်ခြင်းဖြင့် လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှမှုကို ဖြစ်ပေါ်စေသည်။ အာရှကျားနိုင်ငံများတွင်လည်း နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့များလည်းအပြိုင်အဆိုင် ထွက်ပေါ်လာပြီး အမျိုးသားလူမှုလှုပ်ရှားမှုအသွင်ဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် သွားကြလေသည်။

( အာရှစီးပွားရေးအကျပ်အတည်း )

၁၉၉၇ ခုနှစ်တွင် အာရှအံ့ဘနန်းကို အဆုံးသတ်သွားစေသည့် ဖြစ်ရပ်ကြီးတစ်ခုသည် ထိုင်းနိုင်ငံတွင် ဖြစ်ပွားသွားလေသည်။ Gorge Soros ဟုခေါ်သော အမေရိကန် ငွေကြေးရင်းနှီးမြုပ်နှံမှုလုပ်ကိုင်သူ ဘီလီယံနာတစ်ဦး၏ Quntum Fund မှာ ထိုင်းဘတ်ငွေများကို ပြည်ပသို့ ထုတ်ယူသွားရာမှ ထိုင်းငွေများ ငွေကြေးဈေး ကွက်အတွင်း ဝယ်လိုအား တက်လာကာ ထိုင်းငွေတန်ဖိုး လွန်စွာမာသွားလေသည်။ ထိုင်း၏ ကုန်ပစ္စည်းများလည်း ပြင်ပနိုင်ငံ ဈေးကွက်များတွင် ဈေးကြီးသွားသဖြင့် ဝယ်လိုအား တဟုန်ထိုး ထိုးကျသွားလေသည်။ အခြေခံအဆောက်အအုံဖြစ်သော စီးပွားရေး မတည်ငြိမ်မှုသည် အပေါ်ထပ် အဆောက်အအုံဖြစ်သော နိုင်ငံရေးအပေါ် သက်ရောက်မှုရှိလာတော့သည်။

တစ်ခုပြိုလျှင် အားလုံးပြိုသည့် ဒိုမီနိုသီအိုရီအရ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ရှရှား နိုင်ငံ များသို့ အဆင့်ဆင့်ကူးဆက်သွားကာ စတော့ ဈေးကွက်များ ပြိုကျကုန်လေသည်။ တောင်ကိုရီးယား၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ IMF မှ ဒေါ်လာ ၄၀ ဘီလီယံ ထောက်ပံ့ရေးအစီအစဉ်များဖြင့် ကုစားခဲ့ရလေသည်။ ယခင် မလေးရှား ဝန်ကြီးချုပ် မဟာသီယာက "နှစ်လေး ဆယ်ကျော်ကြာ တည်ဆောက်ခဲ့သော အာရှစီးပွားရေးမှာ တစ်ရက်တည်းနှင့်ပြိုလဲသွားသည်" ဟု နာနာကျည်းကျည်း ပြောရသည်အထိ ဖြစ်သည်။

ယင်းသို့ဖြစ်ရသည်မှာ အာရှယဉ်ကျေးမှုကြောင့်ဖြစ်သည်ဟု အချို့သော ပညာရှင်များက သုံးသပ်ကြသည်။ အထက်အမိန့်ကို လေးစား လိုက်နာသော အာရှယဉ်ကျေးမှု(တနည်း ကွန်ဖြူးရှပ်ယဉ်ကျေးမှု) မှာ အရှင်မွေးတပည့်မွေး အရှင်းရှင်စနစ် (Crony Capitalism) ကို ထွန်းကားစေခဲ့သည်။ မျှတစွာ ယှဉ်ပြိုင်ခြင်းမျိုး မရှိသည့် လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ပေးသည့် အသွင်အပြင်များ(Rent-seeking activities) မှာ အကျပ်အတည်းတစ်ခု ဝင်ရောက်လာသည့်အခါ ဖြေရှင်းနိုင်ခြင်းမရှိကြောင်းကို ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများ၏ အကျပ်အတည်းကို ကြည့်၍ သိမြင်နိုင်လေသည်။ မြန်မာနိုင်ငံတွင်လည်း လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ရှာသည့် စီးပွားရေး လုပ်ငန်းစုကြီးများသာ ကြီးစိုးလျက်ရှိနေပါသည်။ သို့သော် စိတ်ချမ်းသာစရာ ကောင်းသည့်အချက်မှာကား နိုင်ငံတော်သမ္မတကြီးမှ မတ်လ ၃၀ နေပြည်တော် ပြည်ထောင်စုလွှတ်တော် တွင်ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဈေးကွက်ရဲ့ လွတ်လပ်မှုကို ထိန်းချုပ်လိုတဲ့ သဘောမျိုး မဟုတ်ဘဲ အရင်းရှင်၊ ဓနရှင်ကြီးများ၊ အခွင့်ထူးခံများက လက်ဝါးကြီးအုပ် ခြယ်လှယ်တာမျိုးမဖြစ်ရအောင် ထိန်းကျောင်း တည့်မတ်ပေးခြင်းမျိုး ပြုလုပ်သွားမည်ဟု ကတိပေးသွားခဲ့လေသည်။

သို့နှင့် အာရှဘဏ္ဍရေး အကျပ်အတည်းကာလအပြီးတွင် အာရှနိုင်ငံများတွင်ကြီးစိုးခဲ့သည့် မိသားစုဆန်ဆန်စီးပွားရေးလုပ်ငန်းများသာမကအရှင်မွေးသူကောင်းပြုခြင်းခံရသည့်အရင်းရှင်စနစ်မှာလည်းအလွန်အားပျော့သွားလေသည်။

ထိုင်း၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနိုင်ငံများတွင် စီးပွားရေး အကျပ်အတည်းအတွင်း ကျေနပ်မှုမရှိသည့် ပြည်သူများကြောင့် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာကာ ပို၍ လွတ်လပ် ပွင့်လင်းလာသာ ဒီမိုကရေစီနိုင်ငံများ ဖြစ်လာကြလေသည်။

နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်သည် စီးပွားရေးနှင့် နိုင်ငံရေးအဆက်အစပ်ကို နားလည်သဘောပေါက်အောင် Maxist theory ရှုထောင့်မှ သော်လည်းကောင်း၊ Neo Classical economy ရှုထောင့်မှသော်လည်းကောင်း ကြည့်ရှုသုံးသပ်ရသည့် ဘာသာရပ်ဖြစ်လေသည်။ Maxist theory အရ ပြောရလျှင် အခြေခံ စီးပွားရေးအဆောက်အအုံများ ပြောင်းလဲခြင်းကြောင့်၊ အပေါ်ထပ်အဆောက်အအုံများဖြစ်သည့် နိုင်ငံရေး အင်အားစုဖွဲ့များလည်း မည်သို့မည်ပုံပြောင်းလဲသွားခြင်းကို လေ့လာရခြင်းဖြစ်လေသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် မူဝါဒမည်ကဲ့သို့ချမှတ်မည်၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေများကို မည်သို့သတ်မှတ်မည် Institutional framework များ၏ အခန်းကဏ္ဍကို လေ့လာရသည့် ဘာသာရပ်လည်းဖြစ်လေသည်။ နိုင်ငံရေး ဘောဂဗေဒဘာသာရပ်ကိုလေ့လာခြင်းဖြင့် မြန်မာနိုင်ငံ၏ ယခင် ကိုလိုနီခေတ်၊ ပါလီမာန်ခေတ်၊ ဆိုရှယ်လစ်ခေတ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်တို့၏ နိုင်ငံရေးဘောဂဗေဒ ဖြစ်စဉ်များကိုသာမက ယခု အုပ်ချုပ်ရေးအသစ်ပြောင်းလဲသွားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ နိုင်ငံဖွံ့ဖြိုးတိုတက်ရေးအတွက်ပါ အသုံးဝင်ပါကြောင်း...။