နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ
မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် နိုင်ငံရေးစနစ် ပြောင်းလဲမှုများနှင့်အတူ ပြောင်းလဲတိုးတက်လာခဲ့သော ဥပဒေတစ်ရပ် ဖြစ်ပါသည်။ နိုင်ငံရေးပါတီများ တရားဝင်ရပ်တည်ခွင့်၊ ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်တို့ကို ထိန်းညှိပေးသည့် ဤဥပဒေ၏ သမိုင်းကြောင်းကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည်။
| ဥပဒေအမည် | ဥပဒေနံပါတ် | ပြဋ္ဌာန်းသည့် ရက်စွဲ | မှတ်ချက် |
|---|---|---|---|
| နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ | နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၂/၂၀၁၀ | ၈ မတ် ၂၀၁၀ | ရုပ်သိမ်းပြီ။ |
| နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၀ | ၁၇ မတ် ၂၀၁၀ | |
| နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ | ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁ | ၁ နိုဝင်ဘာ ၂၀၁၁ | |
| နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ | ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၈ | ၃၀ ဩဂုတ် ၂၀၁၄ | |
| နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၅/၂၀၂၃ | ၂၆ ဇန်နဝါရီ ၂၀၂၃ | |
| နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
အမိန့်ကြော်ငြာစာအမှတ်၊ ၁၀/၂၀၂၃ |
၃၁ ဇန်နဝါရီ ၂၀၂၃ | [၁] |
| နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာအမှတ် (၁၂ / ၂၀၂၄) | ၅ မတ် ၂၀၂၄ | [၂] |
| နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာအမှတ် (၄၉/၂၀၂၅) | ၇ ဩဂုတ် ၂၀၂၅ | [၃] |
| နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ | အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ် ၃/၂၀၂၅ | ၂၁ စက်တင်ဘာ ၂၀၂၅ | [၄] |
၁၉၈၈ ခုနှစ် မတိုင်မီကာလ
[ပြင်ဆင်ရန်]၁၉၈၈ ခုနှစ် မတိုင်မီကာလတွင် မြန်မာနိုင်ငံသည် တစ်ပါတီစနစ် (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ကို ကျင့်သုံးခဲ့သောကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသည် လက်ရှိကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ပါ။ ထိုစဉ်က နိုင်ငံရေးပါတီများ တည်ထောင်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားခွင့် မရှိခဲ့ပေ။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဥပဒေ
[ပြင်ဆင်ရန်]၁၉၈၈ ခုနှစ် အရေးအခင်းအပြီးတွင် တပ်မတော်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အမည်ဖြင့် အာဏာရယူခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု ကြေညာခဲ့သည်။ ထိုရွေးကောက်ပွဲအတွက် ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေသည် ပါတီများအား တရားဝင် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးခဲ့သည်။ သို့သော် ရွေးကောက်ပွဲရလဒ်ကို နဝတက အသိအမှတ်မပြုခဲ့ပေ။
၂၀၁၀ ပြည့်နှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ
[ပြင်ဆင်ရန်]၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန် ရည်ရွယ်၍ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲအတွက် ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၈ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အသစ်ကို ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေသည် ပါတီများ မှတ်ပုံတင်ခြင်း၊ ပါတီဝင်အင်အား၊ ရန်ပုံငွေ စသည်တို့ကို တင်းကျပ်စွာ သတ်မှတ်ခဲ့ပြီး၊ ပါတီများအနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုများကို ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေအရ ပါတီများစွာ မှတ်ပုံတင်ခဲ့ကြပြီး ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
၂၀၁၂ ခုနှစ် ဥပဒေပြင်ဆင်ချက်များ
[ပြင်ဆင်ရန်]၂၀၁၀ ဥပဒေတွင် ပါတီများအတွက် တင်းကျပ်သော ကန့်သတ်ချက်အချို့ ပါဝင်ခဲ့ရာ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကဲ့သို့သော ပါတီများအတွက် အခက်အခဲများ ရှိခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီတွင် NLD ပါတီ ရွေးကောက်ပွဲဝင်ရောက်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ဤပြင်ဆင်ချက်များကြောင့် NLD ပါတီသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီး အောင်ပွဲများ ရရှိခဲ့သည်။
ဥပဒေကိုပြန်လည်ပြင်ဆင်ခြင်း
[ပြင်ဆင်ရန်]နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ နိုဝင်ဘာလ ၄ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး အတည်ပြု ထုတ်ပြန်ခဲ့သည်။ မူလက ပြဋ္ဌာန်းထားသော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ အချက်သုံးချက်ကို ပြင်ဆင်ထားသည်။ ထို့ပြင်ဆင်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- ပါတီဝင်များသည် ထောင်ဒဏ်ကျခံရသူများ မဟုတ်ရဟူသော ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ခြင်း။
- ပါတီတစ်ခုသည် ရွေးကောက်ပွဲများတွင် အနည်းဆုံး သုံးနေရာ ဝင်ပြိုင်ရမည် ဟူသော ကန့်သတ်ချက်ကို ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော ပါတီအသစ်များနှင့် သက်ဆိုင်မှုမရှိ ဟု ပြင်ဆင်လိုက်ခြင်း။
- ဖွဲ့စည်းပုံအခြေခံဥပဒေကို “ထိန်းသိမ်း စောင့်ရှောက်ရမည်” ဟူသော စကား ရပ်အား “လေးစားလိုက်နာရမည်” ဟု ပြင်ဆင်လိုက်ခြင်း။ [၅]
ဥပဒေပြင်ဆင်ပြီးနောက်အကျိုးသက်ရောက်မှု
[ပြင်ဆင်ရန်]အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အမီ ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သော်လည်း အဆိုပါကိစ္စရပ်ကို နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို အတည်ပြု ပြီးနောက်မှသာ အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုထားကြောင်း Weekly Eleven News Journal တွင် ဖော်ပြထားသည်။ [၆]
၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေအသစ်သည် ယခင်ဥပဒေများထက် ပိုမိုတင်းကျပ်သော စည်းကမ်းချက်များ၊ ပါတီဝင်အင်အားနှင့် ရုံးခန်းတည်ရှိမှုဆိုင်ရာ သတ်မှတ်ချက်များကို ချမှတ်ခဲ့သည်။ ဤဥပဒေအရ လက်ရှိမှတ်ပုံတင်ထားပြီးသော နိုင်ငံရေးပါတီများသည် သတ်မှတ်ထားသော ကာလအတွင်း ပြန်လည်မှတ်ပုံတင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။ ပြန်လည်မှတ်ပုံတင်ခြင်းမပြုသော သို့မဟုတ် သတ်မှတ်ချက်များနှင့် မကိုက်ညီသော ပါတီများကို ဖျက်သိမ်းခဲ့သည်။ ဤဥပဒေသည် လာမည့်ရွေးကောက်ပွဲများအတွက် နိုင်ငံရေးပါတီများ၏ ရပ်တည်မှုကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့တွင် နစကက ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို တစ်နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့တွင် ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။ ဥပဒေသစ်တွင် အခန်း ၅ ခန်းနှင့် ပုဒ်မ ၂၇ ခု ပါဝင်ပြီး ပါတီများဖွဲ့စည်းမှတ်ပုံတင်ရန် စံနှုန်းများကို သိသိသာသာ တိုးမြှင့်သတ်မှတ်ထားသောကြောင့် နိုင်ငံရေးပါတီများအကြား ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အဓိကအားဖြင့် အခန်း (၂)၊ ပါတီတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ပုဒ်မများကို ဝေဖန်ခဲ့ကြခြင်း ဖြစ်ပါသည်။[၇]
ဥပဒေသစ်အရ ပါတီတည်ထောင်လိုပါက အနည်းဆုံး လူ ၁၅ ဦး ရှိရမည်ဖြစ်ပြီး တည်ထောင်သူများသည် အသက် ၂၅ နှစ် ပြည့်ရမည်။ ထို့ပြင် သာသနာ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ထောင်ကျနေသူ၊ သောင်းကျန်းသူ/အကြမ်းဖက်/မတရားအသင်းအဖွဲ့ဝင်၊ မူးယစ်ဆေးပြစ်မှုနှင့် ငြိစွန်းသူ၊ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ မဟုတ်ရဟု သတ်မှတ်ထားသည်။[၇]
ပါတီဝင်ဦးရေ၊ ရန်ပုံငွေနှင့် ရုံးခန်းဆိုင်ရာ သတ်မှတ်ချက်များ
[ပြင်ဆင်ရန်]နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်၏ ပုဒ်မ ၅ (စ) အရ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀,၀၀၀ (တစ်သိန်း) စည်းရုံးရမည်ဖြစ်သည်။ ယခင်ဥပဒေတွင် ၁၀၀၀ သာ လိုအပ်ခဲ့ရာ အဆ ၁၀၀ တိုးမြှင့်ထားသည်ကို တွေ့ရသည်။ တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဆိုလျှင် ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမည်ဟု ပြဋ္ဌာန်းထားရာ ယခင် ၅၀၀ မှ နှစ်ဆ တိုးမြှင့်ထားသည်။
ပုဒ်မ ၅ (ဆ) တွင် ပါတီရန်ပုံငွေနှင့်ပတ်သက်၍ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဆိုလျှင် ကျပ်သိန်း ၁၀၀၀ နှင့် တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဆိုလျှင် ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခု၌ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အထားပြရမည်ဟု ပြဋ္ဌာန်းထားသည်။ ဤပြဋ္ဌာန်းချက်သည် ဥပဒေဟောင်းတွင် မပါဝင်ဘဲ အသစ်ထည့်သွင်းထားခြင်း ဖြစ်သည်။
ပါတီရုံးခန်း ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ပုဒ်မ ၅ (ဇ) တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက ရက်ပေါင်း ၁၈၀ အတွင်း မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ ၏ အနည်းဆုံးထက်ဝက်ဖြစ်သော မြို့နယ် ၁၆၀ ကျော် (၁၆၅ မြို့နယ်) တွင် ရုံးခန်းများ ဖွင့်လှစ်ရန် လိုအပ်ကြောင်း ပြဋ္ဌာန်းထားသည်။ တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဆိုလျှင် အဆိုပါ တိုင်းနှင့် ပြည်နယ်အတွင်းရှိ အနည်းဆုံး ငါးမြို့နယ် တွင် ပါတီရုံးခန်းများ ဖွင့်လှစ်ရမည် ဖြစ်သည်။ ဤပြဋ္ဌာန်းချက်သည်လည်း ယခင်ဥပဒေဟောင်းတွင် ပါဝင်ခြင်းမရှိသည့် အချက်ဖြစ်သည်။
သတ်မှတ်ချက်များ လျော့ချခြင်း
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှ တင်းကျပ်သည့် အချက်အချို့ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်တွင် ပြင်ဆင်ထုတ်ပြန်ခဲ့သည်။ ဤပြင်ဆင်ချက်များသည် ပါတီများအတွက် လိုအပ်သည့် စံနှုန်းအချို့ကို ဖြေလျှော့ပေးခဲ့သည်။[၈]
ပြင်ဆင်ထားသည့် အဓိကအချက်များမှာ ပါတီဝင်အရေအတွက်နှင့် ပါတီရုံးခန်း ဖွင့်လှစ်ထားရှိမှုတို့ဖြစ်သည်။ ယခင်က ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အရေအတွက် တစ်သိန်းရှိရမည်ဟု သတ်မှတ်ထားရာမှ ငါးသောင်းအထိ လျှော့ချခဲ့သည်။ ထို့ပြင် ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံတစ်ဝန်းရှိ မြို့နယ်သုံးပုံတစ်ပုံ၌ ပါတီရုံးခန်းများ ဖွင့်လှစ်ထားရှိရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြင်ဆင်ခဲ့သည်။ [၉]
ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေအား ဇူလိုင် ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။အဆိုပါပြင်ဆင်မှုအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ(က) တွင် ပုဒ်မခွဲငယ် (၁၁) အဖြစ် "ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်ကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိခြင်း" ဟူသော စာသားကို စစ်ကောင်စီက ထပ်မံဖြည့်စွက်လိုက်ခြင်း ဖြစ်သည်။ မူလက အခန်း ၃ (ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း) ၏ ပုဒ်မ ၁၂ ပုဒ်မခွဲ (က) တွင် ပုဒ်မခွဲငယ် (၁၀) ထိသာ ရှိခဲ့သည်။[၁၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများ။ Myawaddy Portal။ 2025-7-28 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ။ Ministry of Information။ 2025-7-28 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ။ Ministry of Information။ 7 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ။ ပြန်ကြားရေးဝန်ကြီးဌာန။ 22 September 2025 တွင် ပြန်စစ်ပြီး။
- ↑ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ၊ (၅)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ [[လင့်ခ်သေ]]
- ↑ Home - Eleven Media Group
- 1 2 နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ဘယ်အချက်တွေကို ပြင်ဆင်လိုက်သလဲ။ Eleven Media။ 2025-6-11 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ။ Ministry of Information။ 2025-6-27 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ဘယ်အချက်တွေကို ပြင်ဆင်လိုက်သလဲ။ Eleven Media။ 2025-6-27 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်ပြဋ္ဌာန်း။ DVB Burmese။ 2025-7-28 တွင် ပြန်စစ်ပြီး။