နိုင်ငံရေးဓလေ့
နိုင်ငံရေးဓလေ့ (Political Culture) ဝေါဟာရ၏ အကောက်အယူကိုစနစ်တကျလေ့လာခဲ့သည်မှာ ၁၉၃၀ ပြည့်လွန် နှစ်များလောက်ကတည်းကဖြစ်သည်။ အထူးသဖြင့် ဗြိတိသျှလူမျိုးပညာရှင် လီယိုနစ်ဝု(ဖ်)၏ ဒီရေလှိုင်းအလွန် (After the Deluge) အမည်ရှိ ကျမ်းတွင် အကျယ်အပြန့် ဖွင့်ဆိုရှင်းပြခဲ့သည်။ ထိုစဉ်ကမူ နိုင်ငံရေးဓလေ့ ဟုမသုံး။ အသိုင်းအဝိုင်းစိတ်အခံ (communal psychology) ဟုသုံးသည်။ အချို့သောပညာရှင်များက၊ လူမှုရေးစိတ်အခံ (social psychology) သုံးကြသည်များလည်းရှိသည်။
နိုင်ငံရေးဓလေ့၏ သဘောသဘာဝ (၅) ရပ်
[ပြင်ဆင်ရန်]- နိုင်ငံရေးဓလေ့ဆိုသည်မှာနေချင်းညချင်းပေါ်ထွက်လာသောစိတ်သဘာဝသက်သက်မျှ မဟုတ်။
- ရှည်ကြာသောသမိုင်းကို ဖြတ်သန်းရင်း၊ လူအများ၏ စိတ်ထဲတွင် စူးစူးနစ်နစ် နေရာယူထားသော၊ ခါးသီးသည့် နိုင်ငံရေးအတွေ့အကြုံများ၏ ထင်ဟပ်ချက်ဖြစ်သည်။
- သို့တစေ၊ နိုင်ငံရေးဓလေ့ကိုတရားဝင်ဖော်ပြခွင့်ရသောကျောက်စာ၊ ပေစာ၊ ပုံနှိပ်စာများတွင် တွေ့နိုင် မည်ကားမဟုတ်။ ရိုးရာပုံပြင်များ၊ ဒဏ္ဍာရီများ၊ စကားပုံများထဲတွင် ငုပ်ဝင်နေသော “အတွေးပုံစံ” (though pattern) များတွင်သာတွေ့နိုင်ပေသည်။
- နိုင်ငံရေးဓလေ့မှာလူမျိုးတစ်မျိုး၏ “အမှတ်အသားသရုပ်” (identity)တွင် အတွင်းအကျဆုံး အပိုင်းထိစူးဝင်နေသည်ဖြစ်၍၊ အများထင်သည်ထက် ပို၍ စွဲခိုင်တတ်သည်။
- နိုင်ငံရေးဓလေ့မှာ၊ လူ့အဖွဲ့အစည်းတစ်ရပ် ဖွံ့ဖြိုးရေးအတွက် တွန်းအားဖြစ်နိုင်သလို၊ အဟန့်အတား လည်း ဖြစ်နိုင်ပေသည်။
(ဤသို့တပြီးကား၊ မြန်မာ့နိုင်ငံရေးဓလေ့ကိုပုံသွင်းပေးလိုက်သည့် ရေခံ၊ မြေခံမှာဘာဖြစ်မည်နည်း။ မြန်မာတွေ ဖြတ်သန်းခဲ့ရာ မြန်မာ့သမိုင်းပင် ဖြစ်ပါလိမ့်မည်။) ရာစုနှစ်ပေါင်းများစွာ ဖြစ်တည်စွဲခိုင်လာခဲ့သောခါးသီးသည့် နိုင်ငံရေးအတွေ့အကြုံများသည်ပင်၊ “မြန်မာ့နိုင်ငံရေး ဓလေ့” ကိုပုံသွင်းလိုက်ခြင်း ဖြစ်တန်ရာသည်။ ဤသဘောကို၊ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြသော မြန်မာ့ရိုးရာစကားပုံများတွင်၊ ဆဝါးနိုင်စရာရှိသည်။ အဆိုပါ ရိုးရာစကားပုံများ ငုပ်ဝင်နေသော “အတွေးပုံစံ” (though pattern) များသည်ပင်၊ မြန်မာ့နိုင်ငံရေးဓလေ့၏ ဖော်ပြချက်များဟုဆိုနိုင်ကောင်းပါသည်။
- “နိုင်ငံအရေး၊ ပေါက်နှင့်ကျေးကား၊ ငှက်ခါးအရောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်၏။”
- “ဘုရင်တို့ဘုန်း၊မိုးသို့ချုန်း၊ လူပုန်းတောမှာ၊ မနေသာ”
- “ကြွေးတင် ရှင်ဘုရင်ဆပ်လိမ့်မယ်”
- “မင်းနား တစ်ထောင်၊ မင်းမြောင်တစ်သိန်း”
- “မင်းတို့မျက်စောင်း၊ အကြောင်းမရွေး”
- “အရှင်မွေး၊ နေ့ချင်းကြီး”
- “မင်းသုံးတော့၊ ဓာမတုံးတောင်ထက်”
- “မင်းခယောက်ျား၊ ကမ်းနားသစ်ပင်”
- “ဇက်ကောင်းလို့၊ ဓားတောင်း”
- “မင်းလှေမျောလည်းမဆယ်နှင့်၊ ခြေနှစ်ချောင်းလည်းမကယ်နှင့်”
- “မင်းဆိုသမျှ ကွင်းရှောင်မယ်၊ ထမင်းတောင် စားချင်ဘူးလေး”
- “ပျံလေတဲ့ငှက်ခါး၊ နားခါမှသိမယ်”
- “နေသေးသပ၊ ချုံထဲက၊ ချို(ဂျို)သွေးသပ၊ တမြမြ”
- “သေလျှင်မြေကြီး၊ ရှင်လျှင်ရွှေထီး”
- “ပေဖြစ်ခံ၊ တူဖြစ်နှံ”
- “မစားရအရှင်း၊ စားရဆီထမင်း”
လူမှုနိုင်ငံရေးတန်ဖိုး (Socio-political value)
[ပြင်ဆင်ရန်]တိုင်းပြည်တစ်ပြည်၏ စီးပွားရေး၊ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများမှာ၊ သက်ဆိုင်ရာလူ့အဖွဲ့အစည်းများ၏ “လူမှုနိုင်ငံရေးတန်ဖိုး” (socio-political value) နှင့် နီးနီးကပ်ကပ် ဆက်စပ်လျက်ရှိသည်။ လူမှုနိုင်ငံရေးတန်ဖိုးဆိုရာတွင်၊ နိုင်ငံရေးဓလေ့သာမက “လူမှုရေးဓလေ့” (social culture) ပါအကျုံးဝင်သည်။ လူမျိုးတိုင်းမှာပင် ၎င်း၏သက်ဆိုင်ရာကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဆက်ဆံမှုများအလိုက်၊ မတူသောလူမှုဓလေ့များရှိကြသည်သာဖြစ်သည်။ ဤအမြင်ဖြင့် မြန်မာ့လူမှုဓလေ့ကိုဆန်းစစ်ကြည့်လိုက်ရာ၊ ထူးခြားလက္ခဏာ (၃) ရပ်ကိုအောက်ပါအတိုင်း တွေ့ရှိရသည်။
- (၁) နှုန်းစံအခြေပြု ချဉ်းကပ်နည်း (normative approach)
- (၂) အလွန်တိုသောယုံကြည်မှု အချင်းဝက် (very short radius of trust) နှင့်
- (၃) ပုဂ္ဂိုလ်ကိုးကွယ်မှု (personal cult) တို့ဖြစ်သည်။
လူမှုနိုင်ငံရေးဓလေ့နှင့် မတ်ဝါဒတို့တွင်၊ တူညီစွာရှိနေသောရယ်ဒီကယ်တိမ်းညွှတ်မှုနှင့် နှုန်းစံအခြေပြုစဉ်းစားနည်းတို့၊ အပြန်အလှန် ကျေးဇူးပြုကြရာမှ “တရားသေဝါဒ” (dogmatism) ထွက်ပေါ်လာသည်။ တဖန် လူမှုနိုင်ငံရေးဓလေ့ အားနည်းသောယုံကြည်မှုနှင့် ပုဂ္ဂိုလ်ကိုးကွယ်မှု စိတ်အခံဖြင့် မတ်ဝါဒကိုအကောင်အထည်ဖော်ကြရာ၊ “ဂိုဏ်းဂဏဝါဒ” (factionalism) ပေါ်ထွက်လာပြန်သည်။ အဆိုပါ တရားသေဝါဒနှင့် ဂိုဏ်းဂဏဝါဒတို့သည်ပင်၊ မြန်မာ့နိုင်ငံရေးတွင် အကြိမ်ကြိမ်အခါခါ ထပ်ကျော့တွေ့နေရသောအဆိုးကျော့သံသရာ ဖြစ်သည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကျော်ဝင်း/မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် (၁၉၄၈-၁၉၈၈)/အခန်း (၁) မြန်မာ့နိုင်ငံရေးဓလေ့