နိုင်ငံတည်ဆောက်ရေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြန်မာနိုင်ငံတွင် နိုင်ငံတည်ဆောက်ရေးကို အမှန်တကယ် အာရုံစူးစိုက် စတင်တော့မည်ဟုဆိုလျှင် မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ မူဝါဒများကို ဝိုင်းဝန်း စဉ်းစားပေးသူ နိုင်ငံသားများ စီးပွားရေး အသင်းအဖွဲ့များ၊ မူဝါဒ အဆုံးအဖြတ်ပေးရသူ အချုပ်အခြာ အာဏာများတွင် ပေါ်ထွန်းလာသည့် Institutions များရှိ ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်များ အုပ်ချုပ်ရေးအာဏာရှိ အစိုးရအဖွဲ့ဝင် များသည် အောက်ပါအချက်များကိုမူ အသေအချာ သဘောပေါက်ရန် လိုအပ်ပါသည်။

(၁) နိုင်ငံတည်ဆောက်ရေး၏ အဓိပ္ပာယ်

(၂) ဈေးကွက်စီးပွားရေးနှင့် နိုင်ငံတော်များ၏ အခန်းကဏ္ဍ

(၃) မက်ခရိုစီးပွားရေး စီမံခန့်ခွဲမှု

(၄) ခေတ်မီနိုင်ငံတည်ဆောက်ရေး၏ အဓိပ္ပာယ်

(၁) နိုင်ငံတည်ဆောက်ရေး၏ အဓိပ္ပာယ်

အတိုချုပ်ပြောရလျှင် နိုင်ငံတည်ဆောက်ရေးဆိုသည်မှာ နိုင်ငံ၏စီးပွားရေးကို တည်ဆောက်ပေးရခြင်း ဖြစ်သည်။ နိုင်ငံစီးပွားရေး တည်ဆောက်ပေးရခြင်းဆိုသည်မှာ နိုင်ငံသားတိုင်းကို အလုပ်လုပ်ခွင့်ပေးပြီး နိုင်ငံသားတိုင်းကို ချမ်းသာကြွယ်ဝစေကာ နိုင်ငံကိုလည်း ချမ်းသာကြွယ်ဝအောင် လုပ်ပေးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် နိုင်ငံ၏ GDP ကို မြင့်တက်လာအောင် အစိုးရက ပြုလုပ်လိုက်သည့်အခါ လူတစ်ဦးချင်းဝင်ငွေ ( GDP ကို လူဦးရေနှင့် စားထားခြင်းဖြစ်သည်) တက်လာသည့် သဘောလည်း ဖြစ်ပေသည်။ ထိုသို့ဖြစ်ပေါ်စေရန် နိုင်ငံတော်ထံတွင် နိုင်ငံသားတိုင်းကို 'ပေး...စား'" မည်ဟူသော သဘောထားရှိရန် လိုအပ်ပါသည်။ တစ်နည်းအားဖြင့် နိုင်ငံသားတိုင်းကို စီးပွားရေး အခွင့်အလမ်းများ တန်းတူရည်တူ ပေးပါမည်ဟု သဘောထားရှိရန် လိုအပ်ပါသည်။

နိုင်ငံသားများကို စီးပွားရေး အခွင့်အလမ်းများ တန်းတူရည်တူ ပေးအပ်မည်ဟုဆိုလျှင် စီးပွားရေး အခွင့်အလမ်းများကို 'မူဝါဒ' အားဖြင့် ဆုံးဖြတ်၍ ခွင့်ပြုထားရန် လိုအပ်ပြီး ကုန်သွယ်မှု/ရင်းနှီးမြှုပ်နှံမှု တာဝန်ရှိသူတစ်ဦးက Case by Case ဆုံးဖြတ်သည့် 'လူ'ဆုံးဖြတ်သော နည်းလမ်းကို အသုံးမပြုမိရန် လိုအပ်ပါသည် (လူဆုံးဖြတ်လျှင် အဂတိနှင့် ဘက်လိုက်မှု ရှိတတ်သောကြောင့် ဖြစ်သည်)။ နိုင်ငံသားတိုင်း အလုပ်လုပ်ခွင့်ရလာ၍ နိုင်ငံသားတိုင်း ချမ်းသာကြွယ်ဝလာစေရေးအတွက် နိုင်ငံသားတိုင်း အေးချမ်းသာယာစွာ အလုပ်လုပ်နိုင်ရန် လိုအပ်သည်ဖြစ်ရာ ထိုကိစ္စများအတွက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများ လိုအပ်လာပါသည်။ ဆိုလိုသည်မှာ နိုင်ငံတည်ဆောက်ရေးတွင် စီးပွားရေးတည်ဆောက်မှုသည် ပဓာနကိစ္စဖြစ်ပြီး လုံခြုံရေးသည် ထိုပဓာနကိစ္စကို အထောက်အပံ့ပြုပေးသည့် ကိစ္စသာဖြစ်သည်ဟု အခြေခံကျကျ သဘောပေါက်ရေးဖြစ်သည်။

ခြုံ၍ပြောရလျှင် နိုင်ငံတည်ဆောက်ရေးသည် နိုင်ငံစီးပွားရေး တည်ဆောက်ပေးရခြင်းဖြစ်၍ သက်ဆိုင်ရာအစိုးရထံတွင် နိုင်ငံသားတိုင်း အလုပ်လုပ်ခွင့်ရရှိစေရန် မူများ မြင်သာထင်သာ ပြဋ္ဌာန်းထားပြီး စီးပွားရေး အခွင့်အလမ်းများ ပေးအပ်ထားခြင်း ဖြစ်ပါသည်။ ထိုသို့ နိုင်ငံသားတိုင်း စီးပွားရေးအခွင့်အလမ်းများ အလွယ်တကူရရှိရန် အစိုးရ၏ အတွင်းစိတ်သဘောထား အခရာကျသည်ကို တွေ့ရသည်။ အစိုးရ၏ သဘောထားသည် နိုင်ငံသားတိုင်းကို အလွယ်တကူ အလုပ်လုပ်ခွင့် ပေးချင်သော သဘောထားရှိမှသာလျှင် နိုင်ငံတည်ဆောက်ရေး၏ အလုံးစုံသဘောကို စတင်နိုင်မည် ဖြစ်ပေသည်။

(၂) ဈေးကွက်စီးပွားရေးနှင့် နိုင်ငံတော်များ၏ အခန်းကဏ္ဍ

နိုင်ငံတည်ဆောက်ရေးသည် နိုင်ငံစီးပွားရေး တည်ဆောက်ခြင်းဖြစ်သည်ဟုဆိုလျှင် ဒုတိယအရေးကြီးသည်မှာ ဈေးကွက်စီးပွားရေးစနစ်ဖြင့် နိုင်ငံတည်ဆောက်ရေးတွင် နိုင်ငံတော် (အစိုးရ) များ၏ အခန်းကဏ္ဍ ဖြစ်ပေသည်။

ဈေးကွက်စီးပွားရေးစနစ်ဖြင့် နိုင်ငံကိုတည်ဆောက်ရာတွင် နိုင်ငံတော်များ၏အခန်းကဏ္ဍသည် နိုင်ငံသားတိုင်း စီးပွားရေး အခွင့်အလမ်းများ ရရှိစေရန်၊ ထိုမှတစ်ဆင့် နိုင်ငံသားတိုင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အဖွဲ့အစည်းများ (Institutions) မြင်သာထင်သာ ထူထောင်ပေးရခြင်း၊ ထူထောင်ခွင့်ပြုခြင်း ဖြစ်သည်။ လူမဆုံးဖြတ်တော့ဘဲ မူက ဆုံးဖြတ်သည့်သဘော ဖြစ်စေရန် မြင်သာထင်သာ စည်းမျဉ်းများ ပြဋ္ဌာန်း၍ နိုင်ငံသားတိုင်း စီးပွားရှာခွင့် လွယ်ကူအောင် စီမံပေးရခြင်း ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတည်ဆောက်ရေး သို့မဟုတ် နိုင်ငံစီးပွားရေး တည်ဆောက်ရေးတွင် နိုင်ငံတော်များ၏ တာဝန်မှာ နိုင်ငံသားအားလုံးကို မြင်သာထင်သာရှိပြီး တန်းတူရည်တူဖြစ်သည့်

(က) ကုန်လုပ်စွမ်းအားစုများ ရယူသုံးစွဲခွင့် သို့မဟုတ် 'ပိုင်ခွင့်' အမျိုးမျိုး ပေးအပ်ခြင်း၊

(ခ) ဥပဒေအရ စီးပွားရေးအခွင့်အလမ်းများ ပေးအပ်ခြင်း၊ ကြီးကြပ်ခြင်း၊ အခွန်ကောက်ယူခြင်းများ ပြုလုပ်ရာတွင် မလိုအပ်သည့် စရိတ်ပိုများ လျှော့ချပေးခြင်း စသည်များကို ထောက်ပံ့ရန်တာဝန်ရှိသည်။

(က) ကုန်လုပ်စွမ်းအားစုများ ဆိုသည်မှာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်အတွက် လိုအပ်သော လုပ်ငန်းလိုင်စင်၊ သွင်းကုန်ထုတ်ကုန်လိုင်စင်၊ အခြေခံစီးပွားရေး အဆောက်အဦ၊ တယ်လီဖုန်း၊ လျှပ်စစ်မီး၊ ယာဉ်တင်သွင်းခွင့် စသည်တို့ကို စရိတ်မကြီးဘဲ အလွယ်တကူ ရရှိအောင် စီစဉ်ပေးခြင်းကို ဆိုလိုပါသည်။ တစ်နည်းအားဖြင့် နိုင်ငံသားတိုင်း အလုပ်လုပ်နိုင်အောင် မက်လုံးပေးပြီး အလုပ်လုပ်စေခြင်းပင် ဖြစ်ပါသည်။

(ခ) ဥပဒေအရ စီးပွားရေးအခွင့်အလမ်းများ ပေးအပ်ခြင်း၊ ကြီးကြပ်ခြင်း၊ အခွန်အကောက် ကောက်ယူခြင်း စသည်တို့ကို နိုင်ငံတော်ဘက်မှ လုပ်ဆောင်ရာတွင် စရိတ်စက ကြီးမားသွားခဲ့လျှင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အမြတ်အစွန်း မရနိုင်တော့သောကြောင့် ပေးကားပေး၏ မရ ဖြစ်တတ်ပေသည် (transaction costs)။ အစိုးရက ခရီးသည်တင်ဘတ်စ်ကားများ တင်သွင်းခွင့်ကို ဘယ်မောင်းအသစ်သာ တင်သွင်းရမည်ဟု ကန့်သတ်လိုက်ပါက ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း လုပ်သူအားလုံး အရင်းအနှီးကြီး လိုအပ်သွားကာ သိန်းတစ်ထောင်မရှိလျှင် ကားတစ်စီး မရသော အခြေအနေ ဖြစ်သွားနိုင်ပေသည်။ လွန်ခဲ့သော ဆယ်နှစ်က ထုတ်လုပ်ထားသော ကားဟောင်းတင်သွင်းခွင့်မပြုခြင်းသည် အစိုးရဘက်မှ မလိုအပ်သော စရိတ်ပို (transaction cost) ဖြစ်အောင် ဖန်တီးလိုက်သကဲ့သို့ ဖြစ်စေပါသည်။

ဤနေရာတွင် အရေးကြီးသည်မှာ Supply Chain သဘောတရား ဖြစ်သည်။ Supply Chain ဆိုသည်မှာ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုကို စတင်ထုတ်လုပ်ချိန်မှစ၍ end user ခေါ် စားသုံးသူများ လက်ဝယ်ရောက်ရှိသည်အထိ အဆင့်ဆင့် လက်လွှဲပို့ဆောင်ခြင်း ကွင်းဆက်ကို ဆိုလိုသည်။ ပြည်သူ့ရေးရာ ဝန်ဆောင်မှုများတွင်လည်း Supply Chain သဘောတရား အမြဲတစေ ရှိနေပါသည်။ မူဝါဒတစ်ခုကို စတင်စဉ်းစားချိန်မှ ပြည်သူ့ထံရောက်ရှိချိန်အထိ လုပ်ငန်းအဆင့်ဆင့်သည် Supply Chain ဖြစ်သည်။

ဆန်စပါးကို စတင်စိုက်ပျိုးချိန်မှ စားသုံးသူပြည်သူ၏ ပါးစပ်ပေါက်အတွင်းသို့ ရောက်ရှိချိန်အထိ လွှဲပြောင်းမှု အဆင့်ဆင့်ကို Supply Chain ဟုခေါ်ပါသည်။ ထိုလွှဲပြောင်းမှုအဆင့်ဆင့်တွင် ရှိသင့်ရှိထိုက်သော အဆင့်များ၊ ထိုရှိသင့်ရှိထိုက်သော အဆင့်တွင် ထုတ်ယူသွားသော အမြတ်အစွန်းများ ရှိနေသည်မှာ ပြဿနာ မဟုတ်သော်လည်း၊ အစိုးရက အဆင့်ပိုတစ်ရပ် ထည့်သွင်းလိုက်သောအခါ ထိုအဆင့်ပိုတစ်ရပ်ကြောင့် ကုန်ကျစရိတ်တစ်ခု ရှိသွားခဲ့လျှင် အဆုံးသတ် end user ခေါ် စားသုံးသူထံတွင် ဈေးကြီးသွားသည်ကို တွေ့ရမည် ဖြစ်သည် (Transaction Cost)။ ဒေသဆိုင်ရာ အာဏာပိုင်တစ်ဦး၏အမိန့်အရ ဆန်စပါးကို နယ်ကျော်ခွင့် မရှိသောအခါ နယ်ကျော်သယ်ရန် လာဘ်ပေးရသောကြောင့် စရိတ်ပိုဖြစ်သွားပြီး အဆုံး end user ထံတွင် ဈေးကြီးသွားခြင်းမျိုးကို ဆိုလိုသည်။

မြန်မာနိုင်ငံအပေါ်တွင် ပြည်ပမှ ပိတ်ဆို့အရေးယူမှု အားလုံးသည် သွင်းကုန်ဖြစ်သည့် ဒီဇယ်၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများတွင် စရိတ်ပိုကုန်ကျမှု ဖြစ်စေသောကြောင့် ထုတ်လုပ်မှုဘက်တွင် စရိတ်စက များစွာ ဖြစ်စေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုစရိတ်ပိုအားလုံးသည် အဆုံးသတ် end user စားသုံးသူထံတွင် စရိတ်စကကြီးမြင့်မှုကို ဖြစ်စေပါသည်။ ထိုသို့မဖြစ်စေရန် အစိုးရက ဆန်ဈေးကို ကန့်သတ်ခဲ့လျှင် back fire ဖြစ်ပြီး ထုတ်လုပ်မှု၊ တောင်သူလယ်သမားများထံတွင် ဈေးနှိမ်၍ ဝယ်ယူမှုမျိုးကို ဖြစ်စေပြန်သည်။

ခြုံငုံ၍ပြောရလျှင် ဈေးကွက်စီးပွားရေးတွင် နိုင်ငံတော်များ၏ အဓိကတာဝန်မှာ နိုင်ငံသားများကို စရိတ်စက မကြီးမြင့်စေဘဲ စီးပွားရေး အခွင့်အလမ်းများ ရှောရှောရှူရှူ ရရှိစေခြင်းဖြစ်ပေသည်။ ဤစရိတ်စက ကိစ္စကို အစိုးရများက သဘောမပေါက်လျှင် Supply Chain တွင် ကန့်သတ်မှုအမျိုးမျိုး အစိုးရက ပြုလုပ်တော့မည်ဖြစ်ပြီး စရိတ်ပိုများစွာ ဖြစ်ပေါ်စေကာ စားသုံးသူ သို့မဟုတ် ထုတ်လုပ်သူတွင် ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မည် ဖြစ်သည်။ ထိုအခါ ပေးကာပေး၏ မရ ဆိုသော အခြေအနေမျိုးကို ကြုံတွေ့ရမည်ဖြစ်သည်။ ပိတ်ဆို့အရေးယူမှုများ (Sanctions) ရှိနေသောကြောင့် အစိုးရလျှော့ချပေးရန် မဖြစ်နိုင်သော စရိတ်ပိုများ မြန်မာနိုင်ငံတွင် ရှိနေပြီးဖြစ်ရာ အစိုးရကြောင့် နောက်ထပ် ဝန်ထုပ်ဝန်ပိုး မဖြစ်ရေးသည် များစွာ အရေးကြီးပါသည်။

(၃) မက်ခရိုစီးပွားရေးစီမံခန့်ခွဲမှု

နိုင်ငံတည်ဆောက်ရေးကို အစိုးရက စီမံခန့်ခွဲရာတွင် မက်ခရိုစီးပွားရေး စီမံခန့်ခွဲမှုသည်လည်း အရေးကြီးပါသည်။ မက်ခရို စီးပွားရေး စီမံခန့်ခွဲမှုသည် နားလည်ရန် ခက်ခဲသော်လည်း မူဝါဒချမှတ်သူများ နားလည်သဘောပေါက်ရန် အရေးကြီးပါသည်။

အခြေခံကျကျပြောရလျှင် မက်ခရိုစီးပွားရေး စီမံခန့်ခွဲမှုသည် နိုင်ငံတွင်း ရောင်းစရာပစ္စည်း (GDP) နှင့် ဝယ်စရာငွေ (money in circulation) ကို ဈေးနှုန်း'အငြိမ်' မျှခြေဖမ်းပေးရခြင်း ဖြစ်သည်။ (GDP) တက်လျှင် ဝယ်စရာငွေတိုးပေးခြင်း၊ GDP ကျလျှင် ဝယ်စရာ ငွေလျော့ပေးခြင်းဖြင့် ဈေးငြိမ်အောင် လုပ်ပေးရခြင်း ဖြစ်သည်။

GDP = C + I + G + NX

GDP သည် (C) နိုင်ငံသားတို့၏ သုံးစွဲမှု Consumption၊ (I) ခေါ် နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု Investment၊ (G) အစိုးရ၏သုံးစွဲမှု Government Spending နှင့် (NX) ခေါ် ကုန်သွယ်မှုပိုငွေ Net Export တို့၏ အစုအဝေးဖြစ်ရာ အစိုးရမှ နိုင်ငံသားများ ဝင်ငွေတိုး၍ သုံးစွဲမှု တိုးတက်စေရန်၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရန်၊ အစိုးရ၏အခွန်ဝင်ငွေတိုးပြီး သုံးစွဲမှု မြင့်တက်စေရန်၊ ကုန်သွယ်မှု ပိုငွေတိုးတက်စေရန် နိုင်ငံရေးအဆုံးအဖြတ်များ ပြုရခြင်းဖြစ်သည်။

ပြည်ပမှတင်သွင်းလျှင် ကျပ်သိန်း ၂ဝ ခန့်သာကျသင့်မည့် သာမန် ဆလွန်းကားတစီးကို ကျပ်သိန်း ၅ဝဝ ပေးဝယ်ရအောင် ပြုလုပ်ထားခြင်းသည် GDP တက်စေမည့် ရင်းနှီးမြှုပ်နှံမှု Potential ကျပ်သိန်း ၄၈ဝ ဆုံးရှုံးအောင် နိုင်ငံရေးအဆုံးအဖြတ် ပြုလုပ်ထားရာ ကျပေသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုများ စိတ်ချမ်းသာစွာ ဝင်ရောက်လာအောင် မူဝါဒများ ချမှတ်ဆွဲဆောင်နိုင်ခဲ့ပါလျှင် ထိုသို့ရင်းနှီးမြှုပ်နှံလိုသူများက စီးပွားရေးပိတ်ဆို့မှုများ (Sanctions) ကို တွန်းဖွင့်သွားပါလိမ့်မည်။

(၄) ခေတ်မီနိုင်ငံတည်ဆောက်ရေး၏ အဓိပ္ပာယ်

နိုင်ငံတစ်ခု၏အသက်သည် Rule of Law ခေါ် ဥပဒေစိုးမိုးရေး ဖြစ်သည်ဟုဆိုလျှင် ခေတ်မီနိုင်ငံတစ်ခု၏ အသက်သည် စိုးမိုးမည့်ဥပဒေများကို မျှတ၍ ခေတ်မီအောင် စီရင်ပေးခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ခေတ်မီသောဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ တည်ဆောက်ခြင်းသည် ယနေ့နိုင်ငံတည်ဆောက်ရေး၏ အဓိပ္ပာယ် ဖြစ်ပြီးဘာသာရပ်အခေါ် Institutional capacity building ဟုခေါ်သည်။

State ဟု အများခေါ်ကြသည့် နိုင်ငံတော်ဆိုသည်မှာ အစိုးရ၊ ပြည်သူနှင့် အချုပ်အခြာ အာဏာပိုင်နယ်နိမိတ်တို့ကို ပေါင်းစုခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။ အစိုးရဆိုသည်မှာ နိုင်ငံတော်ဆိုသော ယာဉ်ကြီးကို ပန်းတိုင်သို့ရောက်အောင် မောင်းပို့ပေးရသော ယာဉ်မောင်းနှင့် တူပေသည်။ အစိုးရများသည် နိုင်ငံသား တစ်ဦးချင်းစီ ပန်းတိုင်ရောက်အောင်၊ နိုင်ငံသားတစ်ဦးချင်း အလုပ်လုပ်နိုင်အောင် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ စီးပွားရေးအခွင့်အလမ်းနှင့် ကုန်လုပ်စွမ်းအားစုများ ထောက်ပံ့ပေးပြီး နိုင်ငံသားတိုင်း ချမ်းသာကြွယ်ဝမှုမှတစ်ဆင့် နိုင်ငံ၏ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ပေးရခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရလျှင် အထက်ပါကိစ္စရပ်များနှင့် ပတ်သက်၍ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း အမျိုးမျိုး ပြဋ္ဌာန်းပေးရခြင်း ဖြစ်သည်။ နိုင်ငံသားတိုင်း အလုပ်လုပ်ခွင့်ကို အစိုးရများက စီရင်ပေးရခြင်းသည် နိုင်ငံတော်များ၏ တာဝန်ဖြစ်သည်။ ထိုအလုပ်လုပ်ခွင့်ကို လူဆုံးဖြတ်သည့်စနစ်သည် မျှတခြင်းမရှိနိုင်၍ မူဆုံးဖြတ်သည့်စနစ်ကို ကျင့်သုံးရခြင်း ဖြစ်သည်။ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ စီးပွားရေး အခွင့်အလမ်းများနှင့် ပတ်သက်၍ ဥပဒေများ ပြဋ္ဌာန်းပေးရခြင်းကို မူဆုံးဖြတ်သည့် စနစ်အဖြစ် နားလည်လွယ်အောင် ရှင်းပြခြင်းဖြစ်သည်။ ခေတ်မီနိုင်ငံ၊ ခေတ်မီ Institutions များ တည်ဆောက်ခြင်းဆိုသည်မှာ ထို Institutions များ ခေတ်မီအောင် ပြုပြင်စီရင်ပေးရခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ခေတ်မီသည့် မူများကိုအခြေခံ၍ ဥပဒေအဖြစ် ပြဋ္ဌာန်းပေးရခြင်းသဘော ဖြစ်သည်။

၁၉၈၈ မတိုင်မီက မြန်မာနိုင်ငံတွင် ကျင့်သုံးသည့် စီးပွားရေးစနစ်သည် ဆိုရှယ်လစ်စီးပွားရေးစနစ် ဖြစ်ခဲ့သောကြောင့် ပုဂ္ဂလိကကဏ္ဍ၏ တည်ရှိခွင့်သည် တရားမဝင်ချေ။ ပြည်သူလူထုကြီးတစ်ရပ်လုံး၏ လိုအပ်ချက်အားလုံးကို နိုင်ငံတော်ကိုယ်စား အစစအရာရာ အစိုးရက ထောက်ပံ့သောစနစ် ဖြစ်သည်။ ပြည်သူလူထုသည် end user သက်သက်သာဖြစ်ပြီး အစိုးရက အရာရာထောက်ပံ့သည့် စနစ်သည် လူဦးရေ သိသိသာသာ များပြားလာချိန်တွင် လိုအပ်ချက်များ ကွာဟဖြစ်ပေါ်သွားပြီး မှောင်ခိုဈေးကွက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

ခေတ်မီနိုင်ငံတည်ဆောက်ရေးကို သဘောမပေါက်နိုင်ခဲ့သောကြောင့် မိမိ၏ဟာကွက်ကို ကွက်လပ်ဖြည့်ပေးသူများအား နိုင်ငံတော်က မလိုလားသော ကိစ္စအဖြစ် ရှုမြင်နေခြင်းကို အချိန်မီမပြင်နိုင်ခဲ့၍ State တစ်ခုလုံး လှုပ်ခတ်သွားရသော ၁၉၈၈ အရေးအခင်းကို ကြုံတွေ့ခဲ့ရသည်။

ယခုအခါ ပုဂ္ဂလိကကဏ္ဍကြီး တရားဝင် တည်ရှိခွင့် ရှိလာသောကြောင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများစွာ တရားဝင် တည်ရှိနေကြပြီ ဖြစ်ပါသည်။ သို့တိုင်အောင် အဆိုပါ ပုဂ္ဂလိကလုပ်ငန်း အားလုံးလိုလို၏ လုပ်နည်းလုပ်ဟန် အားလုံးသည် Rule of Law ခေါ် ဥပဒေနှင့် ညီညွတ်ကြသည် မဟုတ်ပါ။ ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံအသီးသီးတွင် ရေစီးကြောင်းဖြစ်သည်။ ထိုရေစီးကြောင်းအတွက် လိုအပ်သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်များ၊ အဖွဲ့အစည်းများ စသည့် Institutions များခေတ်မီအောင် စီရင်မပေးနိုင်လျှင် ထိုရေစီးကြောင်းသည် စီးချင်သလို စီးလိမ့်မည်။ ထိုရေစီးကြောင်းကို ၁၉၈၈ မတိုင်မီ ကာလကကဲ့သို့ ရပ်တန့်ခိုင်းရန်မှာလည်း သဘာဝမကျချေ။ ဆိုလိုသည်မှာ နိုင်ငံ၏ စီးပွားရေးတွင် အဓိကအင်ဂျင်ဖြစ်သည့် ပုဂ္ဂလိကကဏ္ဍ ရေစီးကြောင်းအတွက် ခေတ်မီဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အဖွဲ့အစည်းများ စီရင်ပေးရခြင်းသည် ခေတ်မီနိုင်ငံ တည်ဆောက်ရေး ဖြစ်သည်ဆိုသော အချက်ဖြစ်သည်။ တစ်နည်းအား ဖြင့် ပြောရလျှင် ခေတ်မီနိုင်ငံတည်ဆောက်ရေးသည် ထိုရေစီးကြောင်း ကို အလိုက်သင့် စီးနိုင်အောင် စီစဉ်ပေးရခြင်းဖြစ်ပြီး ခေတ်မီနိုင်ငံတည်ဆောက်ရေး၏ အနှစ်သာရ ဖြစ်ပေသည်။ (စင်ကာပူနိုင်ငံမှ ပြည်သူ့ရေးရာမူဝါဒ တာဝန်ရှိသူတစ်ဦး ပြောခဲ့သော ဥပမာတစ်ခုကို ဤနေရာတွင် ရှင်းပြလိုပါသည်။

စင်ကာပူအစိုးရသည် လူသွားလမ်းတစ်ခုကို စီစဉ်ပေးထားသည် ဆိုပါစို့။ ပြည်သူလူထုသည် ထိုလမ်းလေးအတိုင်း မသွားဘဲ ဖြတ်လမ်းတစ်ခုကို ရှာဖွေတွေ့ရှိသွားရာတွင် အစိုးရက ထိုဖြတ်လမ်းကို လမ်းဖြစ်အောင် ဖောက်ပေးလိုက်သည်ဆိုသော ဥပမာ ဖြစ်သည်။)

ခေတ်မီ Institutions များ တည်ဆောက်ရေး ဆိုရာတွင် ယနေ့ခေတ်မီ ဒီမိုကရေစီနိုင်ငံများကိုကြည့်လျှင် အသေးအဖွဲဟု ယူဆဖွယ်ရာရှိသည့် အစိုးရအဖွဲ့အတွင်း အမျိုးသမီးပါဝင်မှု အချိုးအစား၊ လွှတ်တော်များတွင် အမျိုးသမီးပါဝင်မှု အချိုးအစား စသည့်ကိစ္စရပ်များကိုပါ စနစ်တကျ စီရင်ကြရလေ့ ရှိပေသည် (Civilization)။

ခေတ်မီနိုင်ငံတည်ဆောက်ရေးသည် ယနေ့နိုင်ငံတည်ဆောက်ရေး၏ အနှစ်သာရဖြစ်ပြီး ထို Rationalization of modern state building ကို Stakeholders အားလုံး သဘောပေါက်မှသာလျှင် ခေတ်မီနိုင်ငံ တည်ဆောက်ရေးသည် ဖြစ်နိုင်ခြေ ရှိပေလိမ့်မည်။