နိုင်ငံတကာ ငွေကြေး ဈေးကွက်

ဝီကီပီးဒီးယား မှ

နိုင်ငံတကာ ငွေကြေးဈေးကွက် (forex, FX သို့ နိုင်ငံခြားငွေ ဈေးကွက်) သည် တကမ္ဘာလုံးတွင် ဗဟိုချုပ်ကိုင်မှု စနစ်မရှိဘဲ ဝယ်သူရောင်းသူ အချင်းချင်း နိုင်ငံတကာငွေကြေးများကို ရောင်းဝယ်ဖောက်ကားကြသော ဈေးကွက် ဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရှိ ငွေကြေးဆိုင်ရာ စင်တာများသည် ၂၄ နာရီပတ်လုံး စနေတနင်္ဂနွေနေ့များမှ လွဲ၍ ဝယ်သူများနှင့် ရောင်းသူ အမျိုးမျိုးတို့ ကြားတွင် ကြားခံဆက်သွယ်ရာ နေရာ အဖြစ် ရပ်တည်ပေးသည်။ နိုင်ငံတကာငွေကြေး ဈေးကွက်သည် နိုင်ငံတကာတွင် သုံးစွဲသော ငွေကြေး အမျိုးမျိုးတို့ကြားရှိ တန်ဖိုးကွာခြားမှု ကို အဆုံးအဖြတ်ပေးသည်။

နိုင်ငံတကာ ငွေကြေးဈေးကွက်၏ အဓိက လုပ်ငန်းဆောင်တာမှာ နိုင်ငံတစ်နိုင်ငံတွင် သုံးစွဲသော ငွေကြေးတစ်မျိုးမှ အခြားနိုင်ငံတွင် သုံးစွဲသော ငွေကြေးတစ်မျိုးသို့ လဲလှယ်ခြင်းအားဖြင့် နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးတို့တွင် အထောက်အကူပေးရန်ဖြစ်သည်။ ဥပမာအားဖြင့် ထိုစနစ်ကြောင့် အမေရိကန် စီးပွားရေး လုပ်ငန်းတစ်ခု အနေဖြင့် ၎င်း၏ ဝင်ငွေမှာ အမေရိကန် ဒေါ်လာဖြစ်သော်လည်း အင်္ဂလန်မှ ကုန်ပစ္စည်းကို တင်သွင်းပြီး စတာလင်ပေါင်ဖြင့် ပေးချေနိုင်သည်။ ထိုစနစ်သည် ဈေးကစားခြင်းကိုလည်း ခွင့်ပြုပြီး ကယ်ရီးထရိတ်ဒ်ဟု ခေါ်သည့် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အမြတ်အစွန်းနည်းသော ငွေကြေးကို ချေးယူ၍ အမြတ်အစွန်းများသော ငွေကြေးတွင် ရင်းနှီးမြှုပ်နှံခြင်းကိုလည်း ပြုလုပ်နိုင်သည်။ အချို့ကမူ ထိုသို့ ပြုလုပ်ခြင်းကြောင့် တချို့သော နိုင်ငံများတွင် ပြိုင်ဆိုင်မှု ကျဆင်းသွားသည်ဟု ဆိုကြသည်။

ပုံမှန်အားဖြင့် နိုင်ငံခြားငွေ ရောင်းဝယ်မှု ပြုလုပ်ရာတွင် တစ်စုံတစ်ယောက်သည် နိုင်ငံခြားငွေ ပမာဏ တစ်စုံတစ်ခုကို အခြားနိုင်ငံခြားငွေ ပမာဏ တစုံတခုဖြင့် ဝယ်ယူခြင်းပင် ဖြစ်သည်။ ယနေ့ခေတ် နိုင်ငံခြားငွေ ဈေးကွက်သည် ၁၉၇၀ ပြည့်နှစ်များအတွင်း စတင်ခဲ့ပြီး နိုင်ငံများ ယခင်က ကျင့်သုံးခဲ့သော ဘရက်တန် ဝုဒ် စနစ်ပေါ်တွင် မူတည်သည့် မပြောင်းလဲသည့် ငွေလဲလှယ်နှုန်းမှ အမြဲတမ်း ဈေးအတက်အကျ ရှိနေသော ငွေလဲလှယ်နှုန်းသို့ တဖြည်းဖြည်း ပြောင်းလဲလာရာမှ စတင်သည်။

နိုင်ငံတကာ ငွေကြေးဈေးကွက်သည် အောက်ပါ အချက်များကြောင့် တသီးတသန့် ဖြစ်နေသည်။

  • ၎င်း၏ ကြီးမားများပြားလှသော အရောင်းအဝယ်ပမာဏနှင့် ထိုအကြောင်းကြောင့် အလွန်တရာ လွယ်ကူစွာ ရောင်းဝယ်ဖောက်ကားနိုင်ခြင်း
  • ပထဝီဒေသ အမြောက်အမြားတွင်ပျံ့နှံ့နေခြင်း
  • မရပ်မနား လည်ပတ်နေခြင်း (တစ်ရက်တွင် ၂၄ နာရီ လည်ပတ်နေသည်မှာ စနေတနင်္ဂနွေ ရက်များမှ လွဲ၍ ဖြစ်ပြီး ၂၀:၁၅ ဂရင်းနစ် စံတော်ချိန်မှ ၂၂:၀၀ ဂရင်းနစ် စံတော်ချိန် အထိ ဖြစ်သည်။)
  • ငွေလဲလှယ်နှုန်းကို အကျိုးသက်ရောက်စေသော အချက်အလက် အများအပြား ရှိခြင်း
  • အခြားဈေးကွက်များ၏ တသမတ်တည်း အမြတ်အစွန်းနှင့် ကွဲပြားခြားနားစွာ အနည်းအကျဉ်း ပမာဏ ရှိသော အမြတ်အစွန်း ရှိခြင်း
  • အကောင့်ပမာဏ အပေါ်တွင် မူတည်၍ အမြတ်အစွန်းပမာဏ များပြားခြင်း

ထိုအကြောင်းအချက်များကြောင့် ငွေကြေးကို ဗဟိုဘဏ်များမှ ဝင်ရောက်စွက်ဖက်မှု ရှိသော်လည်း လုံးဝပြီးပြည့်စုံသော ပြိုင်ဆိုင်ခြင်းနှင့် အနီးစပ်ဆုံးဖြစ်သည်ဟု ရည်ညွှန်းကြသည်။ နိုင်ငံတကာ အခြေချနေထိုင်မှုဘဏ်၏ အဆိုအရ ဧပြီလ ၂၀၁၀ ခုနှစ်တွင် တစ်နေ့တာ တကမ္ဘာလုံး နိုင်ငံတကာငွေကြေးဈေးကွက်၏ ပျမ်းမျှ အရောင်းအဝယ်သည် ၃.၉၈ ထရီလီယံ မျှ ရှိသည်ဟု ခန့်မှန်းရသည်။ ဧပြီလ ၂၀၁၀ ခုနှစ်တွင် ရှိသော နေ့စဉ် ငွေကြေးလဲလှယ်မှု ၃.၂၁ ထရီလီယံမှ ၂၀ ရာခိုင်နှုန်းမျှ တိုးတက်လာခြင်းပင် ဖြစ်သည်။ ယခုအခါ ၅.၃ ထရီလီယံထိ ရောက်ရှိနေပြီဖြစ်သည်