နာရေစွမ် ရုပ်ရှင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
နာရေစွမ်မင်း
KingNaresuanposter.jpeg
နာရေစွမ်မင်း ရုပ်ရှင် ပိုစတာ
ဒါရိုက်တာHSH Prince Chatrichalerm Yukol
ထုတ်လုပ်သူKunakorn Sethi
စာရေးသူHSH Prince Chatrichalerm Yukol
Sunait Chutintaranond
သရုပ်ဆောင်Wanchana Sawatdee
Chatchai Plengpanich
Intira Jaroenpura
Sorapong Chatree
Sompop Benjatikul
ဂီတမှူးRichard Harvey
ထုတ်ဝေသူPrommitr International Production
Sahamongkol Film International
ဖြန့်ချိသည့်နေ့
Part I - January 18, 2007
Part II - February 15, 2007
Part III Cancelled
နိုင်ငံထိုင်းနိုင်ငံ
ဘာသာစကားထိုင်း
ကုန်ကျငွေထိုင်းဘတ်ငွေ သန်း ၇၀၀

နာရေစွမ်မင်းအမည်ရှိ ရုပ်ရှင်ဇာတ်ကားကို နာမည်ကြီး ထိုင်းသမိုင်း ရုပ်ရှင် ဇာတ်ကား တစ်ကားဖြစ်သည့် Suriohtai (ဆူရီယိုထိုင်း) ဇာတ်ကား၏ ထိုင်းလူမျိုး ဒါရိုက်တာ အမ်မ်စီချာတရီချာလန် သန်းမွီယုကိုး က ရိုက်ကူးထားသည်။ ဘုရင် နာရေစွမ် Naresuan the Great ဟု အမည်ပေးထားသည့် ဇာတ်ကားသည် ၁၅ ရာစုနှစ်၊ ထိုင်းနိုင်ငံ သမိုင်းအချက်အလက်များကို အခြေခံကာ ရိုက်ကူးထားခြင်း ဖြစ်သည်။ ၂၀ဝ၇ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ တစ်နိုင်ငံလုံး၊ ရုပ်ရှင်ရုံများ၌ ယင်းဒဏ္ဍာရီ သမိုင်းရုပ်ရှင်ဇာတ်ကားကို တပြိုင်နက် ပြသလိုက်သောအခါ တစ်နိုင်ငံလုံးက ထိုင်းလူမျိုး ရုပ်ရှင်ကြည့်ပရိသတ်များ အလွန် နှစ်ခြိုက်သဘောကျသဖြင့် ဤဇာတ်ကားမှာ ထိုင်းနိုင်ငံတလွှား အောင်ပွဲခံနိုင်ခဲ့သည်။

သုံးပိုင်းတွဲဇာတ်ကား[ပြင်ဆင်ရန်]

ဤဇာတ်ကားသည် အစမှအဆုံး ခုနစ်နာရီခွဲ ကြာမြင့်သည့် သုံးကားတွဲ (Trilogy) ဇာတ်လမ်းရှည်ကြီးဖြစ်ပြီး တစ်ပိုင်းစီခွဲ၍ ရုံတင်ပြသ ခဲ့သည်။ ဤဇာတ်ကား၏ ပထမပိုင်းသည် မင်းသားနာရေစွမ် ( မြန်မာအခေါ် ဗြနရာဇ်) ၏ ကလေးဘဝဖြစ်စဉ်ကို အဓိက ပုံဖော်ထားပြီး ဘုရင့်နောင်၏ သားတော်နှင့် အပေါင်းပါများ၏ လုပ်ကြံမှုက လွတ်မြောက်အောင် အယုဒ္ဓယသို့ အခြွေအရံများနှင့် တိတ်တဆိတ်ပြန်သွားပုံဖြင့် ဇာတ်သိမ်းထားသည်။

ဒုတိယပိုင်းမှာ အရွယ်ရောက်လာသည့် မင်းသားနာရေစွမ်က ဘုရင့်နောင်နတ်ရွာစံအပြီး မြန်မာလက်အောက်မှ အယုဒ္ဓယကို လွတ်မြောက်အောင် ကြိုးပမ်းပုံ ဖြစ်ပါသည်။ နောက်ဆုံးပိုင်း (တတိယပိုင်း) မှာမူ ၂၀ဝ၇ ဒီဇင်ဘာလ ထိုင်းဘုရင်၏ အသက် ၈၀ ပြည့်မွေ့နေ့ အထိမ်းအမှတ်နှင့် တိုက်ဆိုင်ပြီး ရုံတင်ပြသရန် ကြေညာထားသော်လည်း အပြီးမသတ်နိုင်သေး၍ မပြဖြစ်ခဲ့ချေ။

ထိုင်းသမိုင်းဇာတ်ကား ရိုက်ကူးရာမှာ နာမည်ကြီးသည့် ဤရုပ်ရှင်၏ ဒါရိုက်တာ သန်းမွီသည် ရှုပ်ထွေးပွေလီသော ထိုင်းနန်းတွင်း ရေးရာများ၊ ထီးနန်းအတွက် လျှို့ဝှက်ကြံစည်မှုများ အကြောင်းကို ဆူရီယိုထိုင်း အမည်ရှိ ဒဏ္ဍာရီဆန်ဆန် ရုပ်ရှင်ဇာတ်ကားကိုလည်း ၂၀ဝ၁ ခုနှစ်က ရိုက်ကူးခဲ့သည်။ King Naresuan မှာ ဆူရီယိုထိုင်း ဇာတ်ကား၏ နောက်ဆက်တွဲဟုလည်း ဆိုနိုင်ပါသည်။

အကြောင်းမှာမူ ဆူရီယိုထိုင်း ကို ရိုက်ကူး ထုတ်လုပ်အပြီး၌ ထိုင်းသူရဲကောင်း နာရေစွမ် အကြောင်းကို ဆက်လက်ရိုက်ကူးရန် စိတ်ကူးရခြင်းကြောင့်ဟု ဆိုသည်။ ဤဇာတ်ကားကို ဒါရိုက်တာက သုံးနှစ်ကြာ သမိုင်းဆိုင်ရာ အထောက်အထားများကို ရှာဖွေပြီးမှ အချိန်ယူ ရိုက်ကူးခဲ့ကြောင်း သိရပါသည်။

သုံးစွဲမှုနှင့် ကုန်ကျစရိတ်[ပြင်ဆင်ရန်]

ဒီဇာတ်ကားကတော့ ရာဇဝင် စစ်ဇာတ်ကြမ်းရုပ်ရှင် ကားတစ်ကားနဲ့ ပိုတူပါတယ်။ သရုပ်ဆောင်အင်အား တစ်သိန်း ကျော်၊ ဇာတ်ဝင်အခမ်းအနားဝတ်စုံ ၆၀ဝ၀ဝ (ခြောက်သောင်း)၊ စစ်လက်နက်ကိရိယာ ၄၀ဝ၀ (လေးထောင်) နဲ့ ရိုက်ကူးထုတ်လုပ် မှု ကုန်ကျစရိတ် ဘတ် သန်း ၇၀ဝ ရှိတယ်လို့ ဆိုတာမို့ ထိုင်းရုပ်ရှင် သမိုင်းမှာတော့ အကုန်အကျ အများဆုံးနဲ့ အခမ်းနား အကြီးကျယ်ဆုံး ပြင်ဆင် ရိုက်ကူးထားတဲ့ ဇာတ်ကားပါပဲ။

ဇာတ်လမ်းကျောရိုး[ပြင်ဆင်ရန်]

ဇာတ်ကားရဲ့ အဓိက အကြောင်းအရာကတော့ ဒီလိုပါ။ ၁၅ ရာစုနှစ်လယ်လောက်က ဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံက ဟံသာဝတီရွှေနန်းရှင် ဘုရင့်နောင်မင်းတရားကြီး အယုဒ္ဓယကို သိမ်းပိုက်အောင်မြင်စဉ်က အသက် ကိုးနှစ်အရွယ် မင်းသားနာရေစွမ်နဲ့ တကွ ထိုင်းမှူးမတ်တွေ၊ လက်မှုပညာသည်တွေကို ဟံသာဝတီရွှေနန်းတော်သို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဘုရင့်နောင်မင်း တရားကြီးနတ်ရွာစံပြီးနောက် နန္ဒဘုရင်လက်ထက်မှာ နာရေစွမ်က ထိုင်းလူမျိုးတွေကို စုစည်း၊မြန်မာဘုရင်ကိုပုန် ကန်ခြားနားပြီး အယုဒ္ဓယကိုပြန်လည်ရယူတဲ့အကြောင်း ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းကျောရိုးကို စိတ်ကူးနဲ့ထပ်ဖြည့် ထားတဲ့ဇာတ်ကောင်တွေ ထပ်ထည့်ပြီး ဒဏ္ဍာရီပုံပြင်ဆန်ဆန် ခမ်းခမ်းနားနား ရိုက်ကူးတင်ဆက် ထားတာပါ။

ပြင်ဆင်မှု[ပြင်ဆင်ရန်]

ဒါရိုက်တာကလည်း သူ့ရဲ့ ဒီရုပ်ရှင်ဇာတ်လမ်းဟာ သမိုင်းထဲက အဖြစ်အပျက်တချို့ကို အခြေခံပြီး တခြားဇာတ်ကောင်၊ ဇာတ်ကွက်တွေကို စိတ်ကူးနဲ့ဖြည့်စွက်ဖန်တီးထားတဲ့ ဒဏ္ဍာရီ ဇာတ်လမ်း တစ်ခု လို့ဘန်ကောက်ပို့စ်သတင်း စာမှာပါရှိတဲ့ Siamese Saga ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြ ထားပါတယ်။ ဒါကြောင့် ဒီဇာတ်ကားကို Legends of the King Naresuan လို့လည်း အမည်ပေးထားပါတယ်။ ဒါရိုက်တာသန်းမွီဟာ ဒီဇာတ်ကားရဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေအတွက် ချူလာလောင်ကွန်တက္ကသိုလ်က ထိုင်း-မြန်မာရေးရာကျွမ်းကျင်သူ ထိုင်းပါမောက္ခတစ်ဦးရဲ့အကူအညီ ယူခဲ့ပြီး မြန်မာနိုင်ငံအတွင်းနဲ့ နယ်စပ်ဒေသတွေကိုလည်း သွားရောက် လေ့လာခဲ့တယ်လို့ အဲဒီဆောင်းပါး မှာဖော်ပြထား ပါတယ်။ နှစ်နိုင်ငံစစ်တပ်တွေ စစ်စခန်းချရာ နေရာတွေ၊ စစ်ချီတက်ရာ လမ်းကြောင်းတွေနဲ့ တိုက်ပွဲဖြစ်နိုင်တဲ့ နေရာတွေကို ခန့်မှန်းဖို့အတွက် နှစ်နိုင်ငံသမိုင်းကြောင်းတွေကို သာမက ဂြိုဟ်တု က ရိုက်ယူထားတဲ့ ကောင်းကင်ဓာတ်ပုံ တွေကိုလည်း အသုံးပြုခဲ့တယ်လို့ သိရတယ်။ သူဟာ နှစ်နိုင်ငံစစ် တပ်တွေရဲ့ တိုက်ပွဲတွေ အဖြစ်နိုင်ဆုံး နေရာတစ်ခုကို စစ်တောင်းမြစ်လို့ ယူဆပါတယ်။

နည်းပညာအကူအညီ[ပြင်ဆင်ရန်]

ဒီဇာတ်ကားရိုက်ကူးဖို့အတွက် အတတ်ပညာ၊ နည်းစနစ်ပိုင်း ဆိုင်ရာတွေကို ဟောလိဝုဒ်ရဲ့Troy, Lords of the Rings စတဲ့ ကြီးကျယ်ခမ်းနားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ထုတ်လုပ်ခဲ့ကြတဲ့ နိုင်ငံခြားသား ကျွမ်းကျင်သူတွေက အကူအညီပေးခဲ့ကြပါတယ်။ ဒီဇာတ်ကားရဲ့ နောက်ခံတေးဂီတကလည်း ထိုင်းရိုးရာပုံစံရော၊ အနောက်တိုင်းပုံစံပါ ပေါင်းစပ်အသုံးပြုထားတာ သတိထားမိပါတယ်။ နောက်ခံတေးဂီတ ဖန်တီးသူက Lion King, Luther, The Da Vinci Code နဲ့ Kingdom of Heaven ဇာတ်ကားတွေအတွက် နောက်ခံ တေးဂီတ တွေဖန်တီးခဲ့တဲ့ ဗြိတိသျှ လူမျိုး ဂီတမှူး ရစ်ချတ်ဟာဗေး ဖြစ်ပါတယ်။ (ဆူရီယိုထိုင်းကိုလည်း သူပဲ နောက်ခံတေးဂီတ အတွက် တာဝန်ယူခဲ့တာပါ။)

ရိုက်ကွင်း[ပြင်ဆင်ရန်]

၁၅ ရာစုနှစ် မြန်မာဘက်က ဟံသာဝတီမင်းနေပြည်တော် နဲ့ ဆိုင်းယမ် (ထိုင်း) တို့ရဲ့ အယုဒ္ဓယ နန်းတွင်းအပြင်အဆင်၊ မြန်မာဘုရား၊ စေတီ၊ ကျောင်းကန်၊ ဟံသာဝတီနန်းတော်၊ နန်းတော်ရှေ့က ခြင်္သေ့ရုပ်တုကြီးတွေ၊ ကျုံး၊ နန်းမြို့ရိုး၊ ပြသာဒ်၊ စတဲ့ အဆောက်အဦတွေအားလုံးကို ထိုင်းနိုင်ငံ အနောက်ပိုင်း၊ ကန်ချနာဘူရီဒေသမှာ ပုံစံတူမော်ဒယ်တွေ တည်ဆောက်ပြီး ခမ်းခမ်းနားနားရိုက်ကူး ထားတာဖြစ်ပါတယ်။ ဒီဒေသဟာ နာရေစွမ်ရဲ့ ဘဝနဲ့ ထိုင်းနိုင်ငံသမိုင်းမှာ အရေးကြီးတဲ့ ဖြစ်ရပ်တွေဖြစ်ခဲ့တဲ့ နေရာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တောင်း မြစ်ဝှမ်း ဒေသမှာ နှစ်ဘက်စစ်သည်ရဲမက်တွေ အများကြီး ဆင်၊ မြင်း၊ လေး၊ မြား၊ အမြောက်တွေနဲ့ ထိုးခုတ်တိုက်ခိုက်ကြပုံတွေ၊ ပေါက်ကွဲ မီးလောင်ပျက်စီးခန်းတွေ ကတော့ ဟောလိဝုဒ်ရဲ့ ရာဇဝင် စစ်ဇာတ်ကားကြီးတွေလောက် မမီပေမယ့် တော်တော်အားထုတ်ထားတာ သိသာပါတယ်။

ဘန်ကောက်ပို့စ် သတင်းစာမှာပါရှိတဲ့ ဒါရိုက်တာနဲ့ အင်တာဗျူးမှာ ဒါရိုက်တာသန်းမွီက “ဘုရင်နာရေစွမ် အကြောင်း ကိုရေးသားရိုက်ကူးရာမှာ ကျနော်တို့ ထိုင်း အမျိုးသားရေးစိတ်ဓာတ် ဆိုတဲ့ စိတ်အခံနဲ့ ချဉ်းကပ်လို့ မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက တစ်စုတစ်စည်းတည်း ပေါင်းစည်းနေတဲ့ နိုင်ငံတော်ဆိုတဲ့ သဘောသဘာဝ မရှိသေးလို့ပါပဲ။ ၁၆ ရာစုနှစ် လောက်က ဒေသတွင်းမှာ မြို့ပြတွေ အများကြီး ပြန့်ကျဲတည်ရှိ ခဲ့ကြတယ်။ အဲဒီအချိန်က အင်မတန် အင်အားကြီးမား၊ ဘုန်းတန်ခိုးကြီးတဲ့ မြန်မာဘုရင် ဘုရင့်နောင်ဟာ အဲဒီ မြို့ပြနိုင်ငံတော် (City-state) တွေကို အောင်နိုင်ခဲ့တာပါ။ ဇာတ်ကားမှာ ဘုရင့်နောင်ကို အယုဒ္ဓယကို အောင်နိုင်ခဲ့တဲ့ ဘုန်းကြီး မြတ်တဲ့ မင်းတစ်ပါးအဖြစ် ရိုက်ကူး ပုံဖော်ထားတာဖြစ်ပါတယ်။ သူတို့ကို (မြန်မာတွေ) ကို ကျနော်တို့ရဲ့ ထာဝရရန်သူတွေဆိုပြီး ရိုက်ကူးထားတာ မဟုတ်ပါဘူး” လို့ ရှင်းပြထားတာ တွေ့ရပါတယ်။

ဇာတ်လမ်းပုံဖော်မှု[ပြင်ဆင်ရန်]

ခြုံငုံပြီး ပြောရရင်တော့ ဇာတ်လမ်းက သာမန် ထိုင်းသမိုင်း ရုပ်ရှင် ဇာတ်ကားတွေရဲ့ ပုံစံကျ လမ်းကြောင်းကနေ အနည်းငယ် ခွဲထွက်တယ်လို့ မြင်ပါတယ်။ မြန်မာတွေကို အင်အားကြီး နိုင်ငံတစ်ခု ဆိုတာကို ပြပါတယ်။ နရေစွမ်က ဟံသာဝတီ လက် အောက်က ထိုင်းလူမျိုးတွေ လွတ်မြောက်အောင်သာ ကြိုးပမ်းပြီး ဟံသာဝတီကိုသိမ်းယူဖို့အထိ မကြံစည်ဘူး ဆိုတာကို ပြထားပါတယ်။ ဘုရင့်နောင်နဲ့ ပတ်သက် ပြီး နာရေစွမ်ရဲ့ ထင်မြင်ချက် ကိုလည်း ဘုရင့်နောင်ကို လေးစားဖွယ် ဖခင် အရင်း တစ်ယောက်လို့ သဘောထားတဲ့ကြောင်း မကြာခဏ ထုတ်ဖော်ပြော တာတွေ့ရတယ်။

ဇာတ်ကားရဲ့ ဒုတိယပိုင်းမှာ ဘုရင့်နောင်ဟာ ပိသလောက်မှာရောက်နေတဲ့ မင်းသားနာရေစွမ်ကို ခေါ်ယူစေပြီး ဟံသာဝတီကို တိုက်ခိုက်သိမ်းယူစေဖို့ ဘုန်းကြီးကို ပြောကြားခဲ့တဲ့ အခန်းကတော့ ဘဝင်မကျစရာပါ။ အင်အားကြီး မားတဲ့ မြန်မာဘုရင်တစ်ပါးဟာ မိမိသွေးသားရင်း ဖြစ်တဲ့ နန္နဘုရင်ကိုကျော်ပြီး မွေးစားထားသား သဘောဖြစ်တဲ့ နရေစွမ်ကို ထီးနန်းဆက်ဆံဖို့ မှားကြားမှုဟာ ဖြစ်နိုင်ပါ့မလား ဆိုတာပါ။ မြန်မာဇာတ်ကောင်တွေဖြစ်တဲ့ ဘုရင့်နောင်၊ နန္နဘုရင်၊ အိမ်ရှေ့မင်းသား မဟာဥပရာဇာတို့နေရာမှာ သရုပ်ဆောင်တဲ့ ထိုင်းသရုပ်ဆောင်တွေကလည်း မြန်မာတွေရဲ့ ရုပ်ရည်နဲ့ အတော်ဆင်တူပါတယ်။ မြန်မာမင်းသားတွေကို ခက်ထန် ကြမ်းတမ်းတဲ့ စရိုက်သဘာဝ ရှိတဲ့သူတွေလို့ မြင်အောင် ဇာတ်ရုပ်ချထား ပါတယ်။ ဇာတ်ကားထဲမှာ သူတို့ ထိုင်းစကားပဲ ပြောပါတယ်။ ဘုရင့်နောင် အဖြစ် သရုပ်ဆောင်တဲ့သူက ဝါရင့် ထိုင်းသရုပ်ဆောင် တစ်ဦးဖြစ်ပြီး နှုတ်ခမ်းမွေး၊ တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ လက်ပိုက်ပြီး လေးနက်တည် ကြည်ခန့်ညားတဲ့ အမူအရာ တွေ့ရပါတယ်။

ဒါပေမယ့် ထိုင်းမင်းသမီး ဆုပန်ကလျာကို ချစ်ကြိုက်မိပုံကို ရာဇအိန္နြေတောင် ပျက်ယွင်းလောက်အောင် ပြထားပါတယ်။ ဟံသာဝတီ ရွှေနန်းတော်မှာ ဘုရင့်နောင်ရှေ့မှောက် ခစားနေကြတဲ့ ရံရွေတော် မြန်မာမင်းသမီးလေးတွေအဖြစ် သရုပ်ဆောင်တဲ့ လှပငယ်ရွယ်တဲ့ ထိုင်း အမျိုးသမီးငယ်လေးတွေရဲ့ ဝတ်စားဆင် ယင်မှုကတော့ ကျွန်တော်တို့ မြင်တွေနေကျနဲ့ ကွဲပြားပါတယ်။ သူတို့က နန်းတွင်းဝတ်စုံကို (ထိုင်းအမျိုးသမီးတွေလို) ပခုံးသား ဖော်ပြီး ဝတ်ထားတာပါ။ မြန်မာမှတ်တမ်းတွေက တောင်ငူခေတ် ဝတ်စားဆင်ယင်ပုံနဲ့ကွဲပြားမှုရှိမရှိ သမိုင်းပညာရှင်တွေမှ သိနိုင်မှာပါပဲ။ ဟံသာဝတီရွှေနန်းတော်မှာ မြန်မာ့စောင်းတီးဖျော်ဖြေတဲ့ အခန်းတွေ၊ မြန်မာမင်းသား တွေနဲ့ နာရေစွမ်တို့ ကြက်တိုက် ကစား ကြတဲ့ ပြကွက်တွေလည်း တွေ့ရပါတယ်။

ရုပ်ရှင်နှင့် နောက်ဆက်တွဲ[ပြင်ဆင်ရန်]

ဒီဇာတ်ကား ရုပ်ရှင် ပိုစတာက မှိန်ပျပျ ပုံဂံဘုရား စေတီ ပုထိုးတွေနောက်ခံမှာ အဓိကဇာတ်ကောင်တွေရဲ့ ပုံတွေနဲ့အတူ အလွင့်လွင့်ဖြစ်နေတဲ့ အောက်ခံအနီရောင်အလံပေါ်မှာ လူတစ်ယောက် မြင်းတစ်စီးနဲ့ လှံတံကိုကိုင်ပြီး ဝံ့ကြွားနေတဲ့ပုံကို ထိုင်းရိုးရာ ပုံစံ ကနုတ်တွေနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။ 'နိုင်ငံ၏ ကံကြမ္မာကို ရဲဝံ့စွာ ပြောင်းလဲစေနိုင်ခဲ့သော ဘုရင်' ဆိုတဲ့ ဇာတ်ကားရဲ့ စာစုလေးနဲ့ ဒီရုပ်ရှင်ဇာတ်ကားအကြောင်းကို ဝက်ဘ်ဆိုက် [၁] တစ်ခုလည်း ပြုလုပ်ထားပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်တဲ့သတင်းတွေ၊ ဇာတ်လမ်း အကျဉ်းချုပ်၊ သမိုင်းကြောင်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်တွေနဲ့ အင်တာဗျူးတွေ၊ ရိုက်ကွင်း ပြင်ဆင်ကြတာတွေ၊ ပုံစံတူမော်ဒယ်တွေ တည်ဆောက်ကြတာတွေ၊ ဆင်မြင်းတွေကို လေ့ကျင့်သင်ကြားပေးနေကြပုံနဲ့ ရုပ်ရှင်ကား ပိုစတာတွေ၊ ဇာတ်ကားပိုင်း နမူနာထွေလာတွေ၊ e-Card ၊ ဘလော့ဂ်ရုပ်ရှင်ဇာတ်ဝင်ခန်း ပုံတွေအစရှိသဖြင့် စုံစုံလင်လင် တွေ့ရပါတယ်။

အခု နာရေစွမ်ရုပ်ရှင်ဇာတ်ကားရိုက်ကူးရာ ရိုက်ကွင်းကို အများပြည်သူတွေ လည်ပတ်ကြည့်ရှုနိုင်ဖို့ စပြီး ဖွင့်လှစ်ထားတယ်လို့ သိရတယ်။ ထိုင်းလူမျိုးတစ်ယောက် ဘတ် ၁၀ဝ၊ နိုင်ငံခြားသား ဘတ် ၂၀ဝ နဲ့ဝင်ရောက်လေ့လာနိုင်ပါတယ်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

- ဖွဲ့တည်ရာ မဂ္ဂဇင်း၊ အတွဲ (၁)၊ အမှတ် (၁)