နာမ်ပစ္စည်း
နာမ်၊ နာမ်စား တို့၏ အဓိပ္ပာယ်ကို ထူးခြားလေးနက်အောင် ကူညီထောက်ပံ့ပေးသော ပစ္စည်း ကို နာမ်ပစ္စည်း ဟု ခေါ်သည်။
နာမ်ပစ္စည်း (၉) မျိုး
[ပြင်ဆင်ရန်](က) မျိုးပြပစ္စည်း
(ခ) လိင်ညွှန်းပစ္စည်း
(ဂ) ကိန်းညွှန်းပစ္စည်း
(ဃ) သင်္ချာပစ္စည်း
(င) နာမ်ထောက်ပစ္စည်း
(စ) ဉပမာပစ္စည်း
(ဆ) ရူပကပစ္စည်း
(ဇ) အာလုပ်ပစ္စည်း
(ဈ) ဝိစ္ဆာပစ္စည်း
သင်္ချာပစ္စည်း (၄) မျိုး
[ပြင်ဆင်ရန်]သင်္ချာပစ္စည်း (၄) မျိုးရှိသည်။ ၎င်းတို့မှာ ’
(က) သင်္ချာလေးနက်ပစ္စည်း
(ခ) ပမာဏပြပစ္စည်း
(ဂ) အကြိမ်ပြပစ္စည်း
(ဃ) အစဉ်ပြပစ္စည်း
သင်္ချာလေးနက်ပစ္စည်း
[ပြင်ဆင်ရန်]အရေအတွက်ကို အတိအကျပြခြင်းဖြင့် လေးနက်စေသော ပစ္စည်းကို သင်္ချာလေးနက်ပစ္စည်း ဟု ခေါ်သည်။
ဥပမာ။ ။ တိတိ၊ ကျ၊ စီ၊ ကျစီ၊ စလုံး၊ တည်း၊ လျှင်။
(၁) တိတိ။ ။ အပိုအလိုမရှိ၊ အတိအကျဖြစ်ကြောင်းကို ပြသည်။
- အမေသည် ငါးခြောက်တစ်ပိဿာတိတိ ဝယ်လာသည်။
- မန္တလေးအမြန်ရထားသည် ညနေ (၆) နာရီတိတိတွင် ဆိုက်သည်။
- ဤကြိုးသည် (၃၅) တောင်တိတိ ရှည်၏။
(၂) ကျ၊ စီ၊ ကျစီ။ ။ အညီအမျှ ခွဲဝေခြင်းကို ပြသည်။
- အဘိုးက ကျွန်တော်တို့ကို တစ်ယောက်တစ်ကျပ်ကျ မုန့်ဖိုးပေးသည်။
- သမဝါယမဆိုင်က တစ်အိမ်ထောင်လျှင် သကြားတစ်ပိဿာစီ ရောင်းသည်။
- လူတစ်ယောက်လျှင် ရုပ်ရှင်လက်မှတ် (၂) စောင်ကျစီ ရောင်းမည်။
(၃) လုံး၊ စလုံး။ ။ တစ် တစ်လုံးတည်းရှိကြောင်း၊ ဖြစ်ကြောင်းကို ပြသည်။
- တစ်အိမ်သားလုံး ရုပ်ရှင်သို့ သွားကြသည်။
- နှစ်ယောက်စလုံး စာမေးပွဲကို ဂုဏ်ထူးနှင့် အောင်ကြသည်။
(၄) တည်း။ ။ အရေအတွက်နည်းကြောင်း၊ ပိုင်းခြားကန့်သတ်ကြောင်းကို ပြသည်။
- အဖေက မုန့်ဖိုးတစ်ကျပ် တည်း ပေးသည်။
- တစ်တန်းလုံး၌ သူတစ်ယောက် တည်း စာမေးပွဲ ကျသည်။
(၅) လျှင်။ ။ အချိုးနှုန်းကို ပြသည်။
- သူသည် ကားကို တစ်နာရီလျှင် မိုင် (၂၀) နှုန်းဖြင့် မောင်းသည်။
- အင်္ကျီစ တစ်ကိုက်လျှင် (၁၅) ကျပ် ပေးရသည်။
ပမာဏပြပစ္စည်း
[ပြင်ဆင်ရန်]အရေအတွက်ကို ခန့်မှန်းပြခြင်းဖြင့် လေးနက်စေသော ပစ္စည်းကို ပမာဏပြပစ္စည်း ဟု ခေါ်သည်။
ဥပမာ။ ။ ကျော်၊ ခန့်၊ လောက်။
(၁) ကျော်။ ။ ဖော်ပြထားသော အရေအတွက်သည် အနည်းငယ် ပိုလွန်ကြောင်းကို ပြသည်။
- ဤအတန်း၌ ကျောင်းသားလေးဆယ် ကျော် ရှိသည်။
- ဤရေကန်သည် အတောင် (၂၀) ကျော် နက်သည်။
(၂) ခန့်၊ လောက်။ ။ အတိအကျမဟုတ်သော ခန့်မှန်းခြေအရေအတွက်ကို ပြသည်။
- ကျွန်တော်တို့အိမ်သည် ကျောင်းနှင့် မိုင်ဝက် ခန့် ဝေးသည်။
- ဤအခန်းသည် လူငါးရာ ခန့် ဆံ့သည်။
- ဤသေတ္တာကို လူ (၄) ယောက် 'လောက် မရမည်။
- ကြက်သား ငါးဆယ်သား လောက် ဝယ်ခဲ့ပါ။
အကြိမ်ပြပစ္စည်း
[ပြင်ဆင်ရန်]အရေအတွက်၊ အကြိမ်အခါကို ပြသော ပစ္စည်းကို အကြိမ်ပြပစ္စည်း ဟု ခေါ်သည်။
ဥပမာ။ ။ ကြိမ်၊ ခါ၊ ခေါက်။
ကြိမ်၊ ခါ၊ ခေါက်။ ။ အရေအတွက်၊ အကြိမ်အခါကို ပြသည်။
- ဤဆေးကို တစ်နေ့ (၃) ကြိမ် သောက်ပါ။
- တစ် ခါ ထပ်ပြောပါဦး။
- ကျွန်တော်တို့ရွာသို့ တစ်ခေါက် လာလည်ပါဦး။
အစဉ်ပြပစ္စည်း
[ပြင်ဆင်ရန်]အစဉ်ကိုပြသော ပစ္စည်းကို အစဉ်ပြပစ္စည်း ဟု ခေါ်သည်။
ဥပမာ။ ။ မြောက်။
- လမ်းထိပ်က ဝင်လာလျှင် (၃) အိမ်မြောက် အိမ်မှာ ကျွန်တော်တို့အိမ် ဖြစ်သည်။
- ဒုတိယမြောက် သားရတနာကို ဖွားမြင်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာသဒ္ဒါ အတွဲ (၁)၊ အခန်း (၃) − သတ္တမတန်း။