နတ်စားပွဲတော်

ဝီကီပီးဒီးယား မှ

နတ်စားပွဲတော် သည် ကရင်လူမျိုးတို့၏ ရိုးရာဓလေ့ပွဲတော်တစ်ခု ဖြစ်၏။ ဤပွဲတော်ကို ကရင်လူမျိုးများအားလုံး ပြုလုပ်ကြခြင်းမဟုတ်ပေ။ ဗုဒ္ဓဘာသာကိုးကွယ်သည့် ကရင်များပြုလုပ်လေ့ရှိ၏။

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

ပွဲတော်ကို ကရင်လူမျိုးတို့သည် “နတ်စားသည်” ဟုပင် ပြောဆိုကြ၏။ အကြောင်းအမျိုးမျိုးဖြင့် ရပ်ဝေးသို့ ရောက်ရှိနေသာ၊ မတွေ့ဆုံနိုင်သော မိသားစုဝင်များကို တွေ့ဆုံနိုင်ရန် ဤပွဲတော်ကို ကျင်းပကြခြင်း ဖြစ်သည်။ ပွဲတော်ပြုလုပ်သည့် ရက်တွင် မိသားစုဝင်များ စုံစုံညီညီ ချစ်ခင်ရင်းနှီးစွာ ထမင်းလက်ဆုံ စားကြရ၏။ ဤပွဲတော်ကို တစ်နှစ်တစ်ခါ မပျက်မကွက် ပြုလုပ်ကြ၏။

ပါဝင်ဆင်နွဲကြသူများ[ပြင်ဆင်ရန်]

မိသားစုတစ်ခုတွင် မိဘ၊ သား၊ မြေး၊ မြစ် အစရှိသဖြင့် မျိုးရိုးစဉ်ဆက် ဆွေမျိုးတော်စပ်သူများ ပါဝင်ကြ၏။ သို့ရာတွင် ကန့်သတ်ချက် အနည်းငယ် ရှိ၏။ သွေးသားတော်စပ်မှု မရှိသည့် ဆွေမျိုးများ ဖြစ်ကြသည့် ချွေးမ၊ သားမက် အစရှိသောသူများ ပါဝင်ခွင့် မရှိပေ။ ထို့အပြင် မိသားစုတစ်ခုတွင် သားတော်စပ်သူ၏ ဇနီးဖြစ်သူသာမက သားသမီးများလည်း ပါဝင်ခွင့် မရှိပေ။ သမီးဖြစ်သူ၏ သားသမီးများ ပါဝင်ခွင့် ရှိပေသည်။

မိသားစုတစ်ခုတွင် နှစ်စဉ်မပျက်မကွက် တစ်ကြိမ်ပြုလုပ်မြဲဖြစ်၏။ ထို့ကြောင့် မိဘများ အသက်ရှင်လျက် ရှိသေးသောသူများသည် မိဘတို့၏ အိမ်တွင်တစ်ခါ၊ မိမိတို့အိမ်တွင်တစ်ခါ ပြုလုပ်ကြ၏။ မိဘတို့အိမ်တွင် ပြုလုပ်ကြသည့်အခါ မိမိတို့၏ သားသမီးတို့ကို ခေါ်သွားရ၏။ ထို့ကြောင့် မိဘနှင့် သားသမီးတို့သည်သာမကဘဲ မြေးမြစ်စသည်တို့ပါ ချစ်ခင်ရင်းနှီးစွာ တွေ့ကြရလေ၏။

ကျင်းပသည့်အချိန်[ပြင်ဆင်ရန်]

ကျင်းပသည့်အချိန်သည် အတိအကျသတ်မှတ်ထားခြင်းမျိုး မရှိပေ။ ဝါမဝင်ခင်တွင် မိသားစုဝင်များအားလုံး အစုံအညီဖြစ်မည့်ရက်ကို ညှိနှိုင်းကာ လုပ်ဆောင်ကြသည်။ ဗုဒ္ဓဟူးနေ့တွင် ကျင်းပပြုလုပ်ခြင်းကိုမူ ရှောင်ကြသည်။ ဤသို့ ဗုဒ္ဓဟူးကို ရှောင်သည်ဆိုသည်မှာလည်း နတ်စားပွဲတော်ကို နတ်ကိုးကွယ်မှုနှင့် လွဲမှားစွာ နားလည်နေမှုမှ ဆင်းသက်လာခြင်း ဖြစ်နိုင်သည်။ ရှေးခေတ် လူကြီးများက အမျှော်အမြင်ကြီးမားစွာဖြင့် မိသားစုဝင်များ ချစ်ခင်စည်းလုံးကြစေရန် ရည်ရွယ်ချက်ဖြင့် နတ်စားပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နတ်စားပွဲတော်သည် တစ်ရက်တာကာလတွင် မိမိ အဆင်ပြေသည့်အချိန်တွင် လုပ်ဆောင်နိုင်သည်။ ကန့်သတ်ထားမှုမျိုး မရှိပေ။

ကျင်းပသည့်နေရာ[ပြင်ဆင်ရန်]

ကျင်းပသည့်နေရာသည် မိဘတို့၏ နေအိမ်တွင် ဖြစ်၏။ ထိုမိဘတို့၏ နေအိမ်သို့ သား၊ မြေး၊ မြစ် သည့် မိသားစုဝင်များသည် စုံညီစွာ လာရောက်ကြရသည်။ ထို့နောက် နတ်စားပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

စားစရာ[ပြင်ဆင်ရန်]

မျာသောအားဖြင့် ကြက်ဖြင့် စားကြသည်က များ၏။ ထို့ပြင် ငွေကြေးတတ်နိုင်သော သူများသည်လည်း ဝက်ဖြင့် စားကြ၏။ အခြားသော စားသောက်ဖွယ်ရာများဖြင့်လည်း နတ်စားပွဲတော်ကို ကျင်းပကြသည်များ ရှိ၏။ မည်သည့်အရာဖြင့် စားသောက်ရမည်ဟု တိကျစွာ သတ်မှတ်ထားခြင်းမျိုး မရှိပေ။ မိမိနှစ်သက်ရာ၊ အာသန်ရာဖြင့် စားသောက်နိုင်ကြသည်။ ကြက်ဖိုကြက်မဖြင့် စားသောက်မှုမှာ အများဆုံး ဖြစ်သည်။

ကြက်ဖြင့် စားခြင်း[ပြင်ဆင်ရန်]

ကြက်ဖြင့် စားသောက်ရန်အတွက် ကြက်ဖို၊ ကြက်မ နှစ်ကောင်ဖြစ်ရန် လိုအပ်၏။ ကြက်ဖိုသည် မတွန်တတ်သေးသော ကြက်ပျိုအရွယ် ဖြစ်ရမည်။ ကြက်မမှာမူ ကြက်ပျိုအရွယ် ဖြစ်ရန် လို၏။

ထိုသို့ မဟုတ်ဘဲ ကြက်များအား ငယ်ငယ်ကတည်းက နတ်စားရန်ဟူသော ရည်ရွယ်ချက်ဖြင့် မွေးမြူပါက ကြက်ဖသည် တွန်တတ်သောအရွယ်ရောက်သော်လည်း စားသောက်၍ ရ၏။ ကြက်မသည်လည်း မည်သည့်အရွယ်ပင်ဖြစ်ဖြစ် ရ၏။ ကြက်သားကို ချက်ပြုတ်ရာတွင် ရေလုံပြုတ်ကို ငရုတ်သီးထက်ပိုင်းကျိုးထည့်ကာ ချက်သည့်ပုံစံ ချက်ကြသည်က များ၏။

ဤသို့ ရည်ရွယ်ချက်ဖြင့် ငယ်ရွယ်စဉ်ကတည်းက မွေးမြူသည့် ကြက်သည် အခြားသော ကြက်များထက် သန်စွမ်း၏၊ ကျန်းမာ၏။ ကျန်းမာရေးချို့ယွင်း၍ သေဆုံးခြင်းမျိုးလည်း မရှိဟု ယုံကြည်မှုလည်း ရှိကြသည်။

အချို့သော သူများသည် “သူတစ်ပါးအသက်အား သတ်ဖြတ်ခြင်း” ဟူသော အကုသိုလ်ကံကို ရှောင်ရှားရန်အတွက် ပံ့သကူကြက်သားဖြင့် ပြုလုပ်ကြသည်လည်း ရှိ၏။

ဝက်သားဖြင့် စားခြင်း[ပြင်ဆင်ရန်]

ဝက်သားဖြင့် စားရတွင်လည်း ကြက်သားဖြင့် စားသကဲသို့ပင် ယုံကြည်မှု ရှိကြ၏။ ထိုသို့ ငယ်စဉ်ကတည်းက နတ်စားပွဲတော်အတွက် ရည်စူးကာ မွေးမြူသော ဝက်သည် အခြားသော ဝက်များထက် သန်စွမ်း၏၊ ကျန်းမာ၏။ ကျန်းမာရေးချို့ယွင်း၍ သေဆုံးခြင်းမျိုးလည်း မရှိဟု ယုံကြည်မှုလည်း ရှိကြသည်။

အခြားအရာများဖြင့် စားခြင်း[ပြင်ဆင်ရန်]

ထိုသို့ ကြက်၊ ဝက် စသည်တို့ဖြင့် စားသကဲ့သို့ အခြားသော စားသောက်ဖွယ်ရာများဖြင့် စားသောက်ကြသည်လည်း ရှိ၏။ အချို့သောမိသားစုများသည် ထမင်းကို နှမ်းဖြူးကာ စားသောက်ကြသည်လည်း ရှိ၏။

ထို့ပြင် အချို့သော မိသားစုဝင်များသည် ထမင်း၊ ဟင်းအပြင် အရက်ကိုပါ ထည့်သွင်းကာ သောက်ကြသည်လည်း ရှိ၏။

မည်သည့်အရာဖြင့် စားသောက်သည်ဖြစ်စေ ပွဲတော်သည် မိသားစုဝင်များ စည်းစည်းလုံးလုံးဖြင့် ပြန်လည်တွေ့ဆုံကြရန် အဓိက ရည်ရွယ်ချက် ဖြစ်၏။ ပွဲတော်သည် မပျက်ဘဲ အောင်မြင်စွာ ပြီးဆုံးရန် လိုအပ်သည်။ အောက်တွင် ပွဲတော်ကျင်းပရာတွင် လိုက်နာစောင့်ထိန်းရသည့် စည်းကမ်းချက်များကို ဖတ်ရှုပါ။

ကျင်းပပြုလုပ်ပုံ[ပြင်ဆင်ရန်]

စုရုံးကြခြင်း[ပြင်ဆင်ရန်]

များသောအားဖြင့် ထိုနတ်စားပွဲ (ထမင်းလက်ဆုံစားပွဲ) သို့ သားသမီး၊ မြေး၊ မြစ်တို့သည် ပြုလုပ်မည့်နေ့မတိုင်ခင်ကတည်းက ရောက်ရှိနေနှင့်ကြ၏။ အလုပ်မအားလပ်သောသူများသည်လည်း ကျင်းပပြုလုပ်မည့်နေ့တွင် ရောက်ရှိလာကြစမြဲ ဖြစ်သည်။ သို့သော် နိုင်ငံရပ်ခြား အလွန်ဝေးသည့် ခရီးသို့ ရောက်ရှိ နေသည့် သားသမီးများသည် ပြန်လာရန် မဖြစ်နိုင်သည့်အတွက် ပြန်မလာကြပေ။

ပြင်ဆင်ခြင်း[ပြင်ဆင်ရန်]

ချက်ပြုတ်စားသောက်ရန်အတွက် လိုအပ်သည်များကို မကျင်းပမီ ပြုလုပ်ပြင်ဆင်ကြရ၏။ ထိုသို့ ပြုလုပ်ပြင်ဆင်နေသည့် အချိန်တွင် ပါဝင်ဆင်နွှဲမည့်သူများသည် နေအိမ်တွင် အစုံအလင် ရှိနေရန် လို၏။ ပါဝင်ဆင်နွှဲမည့်သူများ အစုံအလင်ရှိသောအခါ လိုအပ်သည့် မီးဖိုချောင်းသုံး ပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား အစရှိသည်များ၊ ချက်စားမည့် ကြက် သို့မဟုတ် ဝက် စသည်တို့ကို နေရာချကြရ၏။ ထိုပစ္စည်းများကို နေအိမ်ပေါ်ရှိ ချက်ပြုရာနေရာသို့ ပို့ဆောင်ကြရ၏။ အချို့သော အိမ်များသည် မီးဖိုများကို နေအိမ်၏ အောက်ဘက် သို့မဟုတ် အပြင်တွင် ပြုလုပ်ထားသည်များ ရှိ၏။ ထိုသို့သောသူများသည် ပွဲတော်ကို ဆင်နွှဲရာတွင် ချက်ပြုတ်ရန်အတွက် မီးဖိုအသစ်ကို အိမ်အပေါ်တွင် ပြုပ်လုပ်ရ၏။ ချက်ပြုတ်မည့် မီးဖိုသည် နေအိမ်၏ အောက်တွင် မဖြစ်နေဘဲ အိမ်ပေါ်တွင် ရှိနေရန် လိုအပ်၏။

အချို့သောသူများသည် နတ်စားပွဲတော်ကိုကျင်းပရာတွင် အသုံးပြုရာတွင်အသုံးပြုရန်အတွက် မြေအိုး၊ ဗြက် (မြေကြီးဖြင့် ပြုလုပ်ထားသည့် အဝကျယ်သည့် စားစရာထည့်သည့်အရာ ဖြစ်သည်။) စသည်တို့ကို သီးသန့်ထားသည်လည်း ရှိသည်။ တစ်နှစ်ပတ်လုံး သိမ်းထားကြပြီး ပွဲတော်ကျင်းပမည့်အချိန်ကျမှ ထုတ်သုံးကြသည်။

ဝက်ဖြင့် ချက်ပြုတ်စားသောက်မည့်သူများအတွက်မူ ဝက်ကို နေအိမ်အပေါ်သို့ ယူသွားရန် မလိုအပ်ဘဲ ကျင်းပသည့်အချိန်မှ ဝက်ကိုသတ်ကာ နေအိမ်အပေါ်တွင် ချက်ပြုတ်စားသောက်ရ၏။ ကြက်ကိုမူ အထက်ပါပစ္စည်းများ တင်သည့်အခါတွင် တစ်ပါးတည်း အိမ်ပေါ်သို့ တင်သွားရပေသည်။

ထို့သို့ လိုအပ်သည့်များ ပြင်ဆင်ပြီးသည့်အခါမှ နေအိမ်ရှိ မိသားစုဝင်များသည် အလိုရှိရာသို့ သွားလာနိုင်ပေသည်။

ချက်ပြုတ်ခြင်း[ပြင်ဆင်ရန်]

နေအိမ်တွင် မည်သူမဆို ချက်ပြုတ်လို့ ရ၏။ သို့သော် မိခင်ဖြစ်သူသာ အများဆုံး ချက်ပြုတ်ရ၏။ ဤနတ်စားပွဲတော်တွင် ထူးခြားမှုတစ်ခု ရှိ၏။ ဤသည်မှာ မသိနားမလည်၍သော်လည်းကောင်း၊ တစ်စုံတစ်ရာ ချွတ်ယွင်း၍သော်လည်းကောင်း မှားယွင်းမှု ဖြစ်ပေါ်ပါက ပွဲပျက်၏။ ထိုသို့ ပွဲပျက်သောအခါ နောက်ထပ်တစ်ကြိမ် ထပ်မံပြုလုပ်ကြရ၏။ ထိုသို့ နောက်ထပ်တစ်ကြိမ်ထပ်မံပြုလုပ်ရသည်မှာ မိသားစုဝင်များအနေဖြင့် အချိန်ပေးရသည့်အတွက် မလွယ်ကူလှချေ။ ထို့ကြောင့် မသိနားမလည်သေးသော အရွယ်ဖြစ်သည့် သားသမီးများ၊ မြေး၊ မြစ်များကို ချက်ပြုတ်ပါက အမှားအယွင်းရှိလာနိုင်သည့်အတွက် မိခင်ဖြစ်သူက ကြီးကြပ်ကာ နားလည်သည့်အရွယ်ရှိသည့်သူတို့နှင့် ချက်ပြုတ်ကြသည်က များ၏။

စားသောက်ကြခြင်း[ပြင်ဆင်ရန်]

ချက်ပြုတ်ပြီးစီးပါက စားသောက်ရန်အတွက် ထမင်း၊ ဟင်း စသည်တို့ကို ပြင်ဆင်ကြရသည်။ ထမင်းနှင့် ဟင်းများကို ဗြက်ထဲသို့ စုပုံ၍ ထည့်ကာ အတူတကွ စားသောက်ကြရသည်။ ထို့သို့စားသောက်သည့်အတွက် မိသားစုဝင်များအကြားတွင် အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုကို ရရှိနိုင်သည်။ (ပန်းကန်များတွင်ထည့်ကာ တစ်ယောက်ချင်းလျှင် တစ်ပန်းကန်ကျ စားသောက်ကြသည်လည်း ရှိ၏။)

စားသောက်နေစဉ် မိဘနှင့် သားသမီးကြားတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်သင့်သည်များကို ပြောဆိုကြသည်။ မိသားစု အတွင်းရေးကိစ္စတို့ကို ဆွေးနွေးကြ၏။ ထိုသို့ စားသောက်ရာတွင် အချို့သော နေအိမ်များတွင် အရက်ကဲ့သို့သော သောက်ဖွယ်များပါ ထည့်သွင်းလာကြသည်။ ထိုအခါ ထမင်းစားဝိုင်းတွင် ပါဝင်သော ကြီးသူငယ်သူ မည်သူမဆို ထိုအရက်ကို အနည်းငယ်ဖြစ်စေ သောက်ကြရသည်။ ထို့ထက်ပိုသောက်ချင်ပါကလည်း မည်သူကိုမှ ကြောက်ရွံ့နေဖို့မလိုပဲ အလိုရှိသလောက်ထည့်ကာ သောက်နိုင်သည်။ သားသမီးက ဖြစ်စေ၊ မြေးကဖြစ်စေ ထိုသို့ ထည့်သောက်သည်ကို မိဘစသည့် ကြီးသူတို့က တားမြစ်၍ မရပေ။ နတ်စားပွဲတော်အတွင်း စားသောက်နေချိန်တွင် အခြားသူ၏ ပန်းကန်ထဲမှ ထမင်း၊ ဟင်း စသည်တို့ကို နှိုက်စားပါကလည်း စားနိုင်သည်။ ထိုသို့ နှိုက်စားသည်ကို အနှိုက်ခံရသူက စိတ်ဆိုး၍၊ စိတ်တို၍ မရပေ။ စားပွဲဝိုင်းပေါ်တွင်ရှိသည့် မည်သည့်အရာကိုမဆို လွတ်လွတ်လပ်လပ် ယူငင်စားသောက်နိုင်၏။

ထူးခြားသည်မှာ ထိုသို့ ချက်ပြုတ်စားသောက်သည့်အခါမျိုးတွင် ကျင်းပနေသည့်အိမ်တွင် တံခါးပေါက်များအားလုံးကို ပိတ်ထားခြင်း ဖြစ်သည်။ တံခါးပေါက်များကို အားလုံးပိတ်ထားသည်ကို အခြားသောပြင်ပမှ လူများမြင်ပါက ထိုအိမ်တွင် နတ်စားပွဲတော်လုပ်နေသည်ကို သိကြ၏။ ထိုအခါ ကျင်းပနေသည့်အိမ်သို့ မည်သို့မှ နှောက်ယှက်မှုမပြုဘဲ နေ၏။ အချို့သော ကရင်လူမျိုးများကြားတွင် မနေထိုင်သော သူများသည် မသိနားမလည်သည့် အိမ်နီးနားချင်းတို့က နားမလည်ဘဲ အိမ်ပေါ်သို့တက်လာခြင်း စသည်တို့ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ပွဲတော်ကို လူခြေတိတ်ညဉ့်နက်ချိန်တွင် ကျင်းပသည်လည်း ရှိ၏။ ထိုသို့ တစ်စုံတစ်ယောက်က နားမလည်ဘဲ အိမ်ပေါ်သို့ တက်လာခြင်းမျိုး ဖြစ်ပေါ်ပါက ပွဲပျက်လေသည်။

နေအိမ်တွင် မိသားစုဝင်များ အစုံအလင် မလာရောက်နိုင်သည့် အခါမျိုးလည်း ရှိ၏။ ထိုအခါ မလာရောက်နိုင်သည့် မိသားစုဝင်အတွက် စားသောက်စရာကို အနည်းငယ်မျှ ဖက် သို့မဟုတ် စက္ကူထဲသို့ထည့်ကာ လိပ်ပြီး ခေါင်မိုးတွင် ထိုးထားရ၏။ တစ်ယောက်မလာပါက တစ်ခု၊ နှစ်ယာက်မလာပါက နှစ်ခု ဖြစ၏။

ထို့ပြင် နတ်စားပွဲတော်တွင် ပါဝင်သည့် အချို့သော မိသားစုဝင်များသည် အလွန်ငယ်ရွယ်သည့် အစားမစားတတ်သေးသည့် အရွယ်များ ဖြစ်၏။ ထိုသို့သော အရွယ်များအတွက်လည်း စားစရာကို အနည်းငယ်ယူကာ နဖူးပေါ်အနည်းငယ် တင်ပေးရ၏။

အခြားသော ဧည့်သည်များ[ပြင်ဆင်ရန်]

ပွဲတော်တွင် ဝက်ဖြင့် စားသည့်အခါ အခြားတစ်ဝမ်းကွဲ၊ နှစ်ဝမ်းကွဲ တော်စပ်သည့် ညီအစ်ကိုမောင်နှမများကို ဖိတ်ကြားသည့်အခါလည်း ရှိ၏။ ထို့အပြင် ဝက်ဖြင့် စားသည့်အခါ အိမ်နီးနားချင်းများကလည်း လာရောက်စားသောက်သည့်အခါလည်း ရှိ၏။

ထိုသို့သော အခြေအနေမျိုးတွင်မူ ပွဲတော်ကို ကျင်းပမည့် မိသားစုဝင်များသည် ဝက်ကို သတ်ကာ အသည်း၊ အူ၊ အသား စသည်တို့ကို လိုသလောက် ယူသွား၏။ ထို့နောက် အိမ်ပေါ်တွင် မိသားစုဝင်များဖြင့် ချက်ပြုတ်ကာ စားသောက်ကြ၏။

ဖိတ်ကြားခံရသော ဆွေမျိုးများနှင့် အိမ်နီးနားချင်းများမှာမူ အိမ်အောက်တွင် အိုးများဖြင့် ချက်ပြုတ်စားသောက်ကာ ပွဲတော်ကို ကျင်းပကြသည်။

ထိူသို့မဟုတ်ဘဲ မိသားစုဝင်များနှင့်အတူ ဧည့်သည်များပါလာပါက ဧည့်သည်သည်လည်း မိသားစုဝင်များနှင့်အတူ အိမ်ပေါ်တွင် အတူတကွ စားသောက်နိုင်၏။ သို့သော် ထိုဧည့်သည်သည် မိသားစုဝင် မည်သူ့ကိုမဆို စကားပြောဆို၍ မရပေ။ ပြောဆိုမိပါက ပွဲပျက်လေသည်။

ကျင်းပပြီးစီးခြင်း[ပြင်ဆင်ရန်]

အားလုံးစားသောက် ပြီးစီးချိန်တွင် အိမ်ပေါ်သို့တင်ထားသော ပစ္စည်းများကို အိမ်အောက်သို့ ချရ၏။ အိမ်ပေါ်တွင် မီးဖိုချောင်ရှိသော အိမ်များမှာမူ ပစ္စည်းများကို အထူးတလည် ချနေရန် မလိုပေ။ ပစ္စည်းများ အားလုံး အိမ်အောက်သို့ချပြီးချိန် သို့မဟုတ် သိမ်းဆည်းပြီးသည့်အခါ နတ်စားပွဲတော်သည် အောင်မြင်စွာ ပြီးဆုံး၏။

လိုက်နာစောင့်ထိန်းရသည့် စည်းကမ်းများ[ပြင်ဆင်ရန်]

ပွဲတော်ကျင်းပရာတွင် စည်းကမ်းချက်များကို လိုက်နာရ၏။ ထိုသို့ မလိုက်နာဘဲ ကျူးလွန်မိပါက ပွဲတော်ပျက်၏။ ထိုသို့ ပျက်ပါက နောက်တစ်ကြိမ် အောင်မြင်အောင် ပြုလုပ်ကြရ၏။ မိသားစုဝင်များသည် တစ်ကြိမ်တစ်ခါ တွေ့ဆုံရန် မလွယ်ကူသည့်အတွက် စည်းကမ်းချက်များကို အတတ်နိုင်ဆုံး စောင့်ထိန်းကာ ပွဲတော်ကို ပါဝင်ဆင်နွှဲကြသည်။

အောက်ပါတို့သည် လိုက်နာစောင့်ထိန်းရမည့် စည်းကမ်းများ ဖြစ်၏။

(၁) ကျင်းပပြုလုပ်မည့် ပစ္စည်းများကို အိမ်ပေါ်သို့ တင်ရာတွင် နေအိမ်တွင် ပါဝင်ဆင်နွှဲမည့် မိသားစုဝင်များအားလုံး ရှိနေရန် လို၏။ မရှိပါက ပွဲပျက်၏။

(၂) ချက်ပြုတ်နေစဉ် ဆန်၊ ဆီ၊ ဆား၊ ပန်းကန် အစရှိသည့် ကျင်းပမည့် ပစ္စည်းတစ်ခုခုကို မေ့လျော့၍ အိမ်ပေါ်သို့ မတင်မိဘဲ လိုအပ်နေပါကလည်း ပွဲပျက်၏။ ထို့ကြောင့် ပစ္စည်းများကို အိမ်ပေါ်သို့ တင်ရာတွင် သေချာစိစစ်၍ တင်ရန် လိုအပ်၏။

(၃) စားသောက်နေစဉ်အတွင်း ကလေးငယ်များသော်လည်းကောင်း၊ လူကြီးသော်လည်းကောင်း ကြမ်းပေါက်ကျွံပါကလည်း ပွဲပျက်၏။ များသောအားဖြင့်ကလေးငယ်များသည် စားသောက်ပြီးသည့်အခါ ခုန်ပေါက်ကစားသည့်အတွက် ကြမ်းပေါက်ကျွံလေ့ ရှိ၏။ ထို့ကြောင့် ကလေးငယ်များကို သောချာဂရုစိုက်ရန် လို၏။

(၄) စားသောက်နေစဉ်အတွင်း ဧည့်သည် သို့မဟုတ် မိသားစုဝင်မဟုတ်သည့် အခြားသောသူက မိသားစုဝင်များကို စကားပြောပါက ပွဲပျက်၏။ ထို့ကြောင့် ဧည့်သည်ရှိပါက ကြိုတင်သတိပေးထားသင့်သည်။

(၅) မိသားစုဝင်အားလုံး စားသောက်၍ မပြီးသေးဘဲ မည်သည့်အကြောင်းကြောင့်ဖြစ်စေ အိမ်အောက်သို့ မဆင်းရပေ။ ဆင်းပါက ပွဲပျက်၏။ ပစ္စည်းများ အိမ်အောက်သို့ ချပြီး၍ ပွဲတော်အောင်မြင်မှ အိမ်အောက်သို့ ဆင်းရ၏။

(၆) နတ်စားရန် ရည်ရွယ်ချက်ဖြင့် မမွေးထားသော ကြက်ဖသည် တွန်နေသည့်အရွယ် ဖြစ်ပါကလည်း ပွဲပျက်၏။

ကိုးကား[ပြင်ဆင်ရန်]