ဓလေ့ထုံးစံ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဥပဒေ၏ ရှေးဦးအကျဆုံးသော အရင်းအမြစ်သည် ဥပဒေပြုခြင်းနှင့်ဖြတ်ထုံးများ မဟုတ်ပဲ၊ ဓလေ့ထုံးစံများသာ ဖြစ်ခဲ့သည်။ ဓလေ့ထုံးစံသည်လူ့ဘောင်အဖွဲ့အစည်းတိုင်းက မှန်ကန်မူ၊ တရားမျှတမူနှင့် အသုံးြုပမူဆိုင်ရာ သဘောတရားများအဖြစ် အသိအမှတ်ပြုထားသော လူ့အပြုအမူဆိုင်ရာသဘောတရား Rule of conduct များကို စုပေါင်းထားခြင်းပင်ဖြစ်သည်။

ဓလေ့ထုံးစံသည်ဥပဒေကဲ့သို့ စွမ်းအင်အာဏာရှိရခြင်းမှာ- ဓလေ့ထုံးစံတရပ်တွင် တရားမျှတမူသဘော တရားများနှင့် အများပြည်သူဆိုင်ရာ သဘောတရားများပါရှိခြင်းဖြစ်ပြီး၊ တရားရုံး များက တရားစီရင်ရာတွင် အခွင့်အရေးဆိုင်ရာ စည်းကမ်းများကို ရှာဖွေဖေါ်ထုတ်ရန်ကြိုးစားရာ၌ စည်းကမ်းသစ်များကိုချမှတ်ခြင်းထက်၊ အချိန်ကြာမြင့်စွာက လက်ခံကျင့်သုံးလာခဲ့သော စည်းကမ်းများဖြင့်ပင်ဆုံးဖြတ်သင့်ကြသည်ဟု ဆယ်လ်မွန် ကရေးသားခဲ့သည်။

ဓလေ့ထုံးစံတွင် နိုင်ငံတော်၏အခွင့်အာဏာအရမဟုတ်ပဲ၊ လူ့ဘောင်အဖွဲ့အစည်း၏အများ ပြည်သူ ထင်မြင်ချက် Public opinion ဖြင့် လက်ခံအသိအမှတ်ပြုထားသော သဘောတရားများပါဝင်ပေသည်။ သို့ရာ တွင် အကယ်၍ ပြဌာန်းဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေပါ ပြဌာန်းချက်များကွဲလွဲ၍ အငြင်းပွား ကြသည့်အခါ ပြဌာန်းဥပဒေ Statute Law ၏ ပြဌာန်းချက်ကိုသာ လိုက်နာရမည်ဖြစ်ပေသည်။

ဥပဒေကဲ့သို့လေးစားလိုက်နာကြရသည့် ဓလေ့ထုံးစံသည် နှစ်မျိုးနှစ်စားရှိသည်။ ပထမ တမျိုးမှာ သဘောတူညီချက်မပါရှိဘဲ၊ သက်ဆိုင်သူများကလိုက်နာရမည့် သဘောတူညီချက်ဖြစ်ပြီး၊ ဒုတိယတမျိုးမှာ သဘောတူညီချက်များမှတဆင့် သက်ဆိုင်ရာအမှုများတွင်သာ လိုက်နာရမည့် ဓလေ့ထုံးစံဖြစ်သည်။ ဆယ်လ်မွန်ကမူ ယင်းဓလေ့ထုံးစံနှစ်မျိုးကို ဥပဒေရေးရာဓလေ့ထုံးစံ Legal custom နှင့် သဘောတူညီမှု ဆိုင်ရာဓလေ့ထုံးစံ Conventional custom - ဟုခွဲခြားသတ်မှတ်ခဲ့သည်။ ဥပဒေရေးရာဓလေ့ထုံးစံသည် ဥပဒေအာနိသင်ရှိ၍ လူအများက ဥပဒေကဲ့သို့ လေးစားလိုက်နာကြရသည်။ သဘောတူညီမှုဆိုင်ရာ ဓလေ့ ထုံးစံမှာမူ သဘောတူညီချက်ရထားသည့် သက်ဆိုင်သူများကသာလိုက်နာရပေသည်။ ဓလေ့ထုံးတမ်းဆိုင်ရာ အရင်းအမြစ်မှရသော သဘောတူညီချက်ကို သဘောတူညီမှုဆိုင်ရာ ဓလေ့ထုံးစံဟု ခေါ်ဆိုပေသည်။ ဥပမာအားဖြင့် လူနှစ်ယောက်သည် ပဋိညာဉ်စာချုပ်တခုကို ချုပ်ဆိုရာတွင် ဓလေ့ထုံးတမ်း ဥပဒေတခုခုအပေါ်တွင် အခြေခံထားခြင်းဖြစ်ပါက စာချုပ်ချုပ်ဆိုသောကိစ္စရပ်အတွက် အသိအမှတ်ပြုပြီးသည့် အသုံးအနှုန်းတည်ရှိနေလျှင် သက်ဆိုင်သူများသည် အဆိုပါ (ဓလေ့ထုံးတမ်းအရတည်ရှိနေသည့်) အသုံးအနှုန်း ကို ရည်ရွယ်၍ စာချုပ်ချုပ်ဆိုကြခြင်းဖြစ်ကြောင်း မှတ်ယူရမည်ဖြစ်ပေသည်။ ဥပဒေရေးရာဓလေ့ထုံးစံတွင် ဒေသဆိုင်ရာဓလေ့ထုံးစံ Local custom နှင့် အရပ်ရပ်ဓလေ့ထုံးစံ General custom ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ ဒေသဆိုင်ရာဓလေ့ထုံးစံတခုကို တရားရုံးများကဥပဒေအဖြစ် အသိအမှတ် ပြုရန်အတွက် ယင်းဓလေ့ထုံးစံသည် ဥပဒေကချမှတ်ထားသောလိုအပ်ချက်များနှင့်ပြည့်စုံရန်လိုပေသည်။ အဓိကလိုအပ်ချက်များမှာ- (၁) လျှော်ကန်သင့်မြတ်ခြင်း reasonableness ၊ (၂) ပြဌာန်းဥပဒေနှင့်ကိုက်ညီခြင်း conformity with statute law (၃) အခွင့်အရေးအဖြစ်သိမှတ်လိုက်နာခြင်း observance as of right နှင့် (၄) မမှတ်မိနိုင်လောက်အောင် ရှေးကျခြင်း immemorial antiquity တို့ဖြစ်သည်။ အရပ်ရပ်ဓလေ့ထုံးစံကို တနိုင်ငံ လုံးက ဥပဒေကဲ့သို့လိုက်နာကြရသည်။ နိုင်ငံ၏ အရပ်ရပ်ဓလေ့ထုံးစံသည် ဒေသဆိုင်ရာဓလေ့ထုံးစံကဲ့သို့ပင် မမှတ်မိနိုင်လောက်အောင် ရှေးကျမှသာ ဥပဒေရေးရာဓလေ့ထုံးစံဖြစ်၍ ဥပဒေကဲ့သို့စွမ်းအင်အာဏာရှိပေသည်။