ဓမ္မရာဇဝင်တတိယစောင်

ဝီကီပီးဒီးယား မှ

ဒါဝိဒ်မင်းနှောင်းပိုင်း အချိန်မှစ၍ အာခဇိမင်းလက်ထက်အထိ ဣသရေလလူမျိုးတို့၏ သမိုင်းမှတ်တမ်း ဖြစ်သည်။ ရှောလမုန်မင်းလက်ထက်သည်ကား ဣသရေလတို့ ဘုန်းမီးနေလ မွန်းတည့်ချိန်ဖြစ်၍ ခရစ်တော်၏ အနှစ်တစ်ထောင် နိုင်ငံတော်ကို ပုံဆောင်သည်။

၁။ စံတော်မီဝိသေသလက္ခဏာ

ဓမ္မရာဇဝင်ကျမ်း ၃ နှင့် ၄ သည် စင်စစ်အားဖြင့် မူလကတစ်အုပ်တည်းဖြစ်သည်။ ရှောလမုန်မင်းမှ ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည့်အချိန်ထိ နှစ်ပေါင်း (၄၀၀)ကာလ အတွင်း ဣသရေလ သမိုင်းမှတ်တမ်းဖြစ်သည်။ ရာဇဝင်ချုပ်နှစ်စောင်ကဲ့သို့ ယုဒများချည်းသာ မှတ်တမ်းတင်ခဲ့ခြင်း မဟုတ်မူဘဲ  ဖောက်ပြန်ကျဆင်းသွားသော မြောက်ပိုင်း ဣသရေလ (သို့) ဧဖရိမ်မင်းဆက်များ အကြောင်းလည်း ပါရှိသည်။ သို့သော် ရာဇဝင်သမိုင်းကြောင်း သက်သက်မျှသာ မဟုတ်ပါ။ ဘုရင်တစ်ဦးစီ၏ ဝိညာဉ်ရေးရာ ဘုရားသခင်ပေါ် သစ္စာရှိခြင်း သို့မဟုတ် ရုပ်တုဆင်းတုများ နောက်လိုက်၍ ဖောက်ပြန်ခြင်း သို့မဟုတ် ဘုရားသခင် ဖက်စိတ်တစ်ဝက်၊ ရုပ်တုဖက်စိတ်တစ်ဝက် ရောစွက်ကိုးကွယ်ခြင်းကိုလည်း မှတ်တမ်းတင်ထားသည်။

ထို့ပြင် ဧလိယနှင့် သူ့အားဆက်ခံသော ဧလိရှဲတို့၏ အမှုတော်အကြောင်းကလည်း စာဖတ်သူတို့၏ စိတ်နှလုံးကို အထူးညှို့ယူဖမ်းစားပေလိမ့်မည်။

အရေးကြီးသော သင်ခန်းစာမှာ သစ္စာရှိသူများ အဖို့ ဘုရားသခင်၏ ဆုလာဘ်နှင့် ဖောက်ပြန်လွဲမှား သူများအဖို့ အပြစ်စီရင်ခြင်းဖြစ်သည်။ ဟေဇကိမင်းနှင့် ယောရှိမင်းတို့အကြောင်းတွင် ဤသင်ခန်းစာကို အထင်အရှားတွေ့မြင်နိုင်သည် (၄ရာ၊ ၁၈:၃။ ၂၂:၂)။ ထို့ပြင် တိုင်းနိုင်ငံ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ထင်ရှားသည့် ဖြစ်ရပ်များကိုလည်း  နောက်ပိုင်း အခန်းများ၌ မှတ်တမ်းတင်ထားသည်။ ယင်းတို့မှာ မြောက်ပိုင်း ဣသရေလနိုင်ငံသားများသည် ဘီစီ-၇၂၂ တွင် ၎င်း၊ တောင်ပိုင်း ယုဒနိုင်ငံသားများသည် ဘီစီ-၅၈၆ တွင်၎င်း၊ တိုင်းတပါးသားများ၏ ဖမ်းဆီးကျွန်ပြုခေါ်ဆောင် သွားခြင်းခံရသည့် အကြောင်းများ ဖြစ်သည်။

၂။ ကျမ်းရေးသူ

ဓမ္မရာဖဝင် တတိယစောင်နှင့် စတုတ္ထစောင်ကို မှတ်တမ်းတင်သူ လူသားစာရေးသူအမည်ကို မသိရပါ။ သန့်ရှင်းသော ဝိညာဉ်တော်ညွှန်ပြမှုဖြင့် မှတ်တမ်းမှတ်ရာများကို စုစည်းထားခြင်းဖြစ်သည်။ အချို့က ယဇ်ပုရောဟိတ် တစ်ဦးဖြစ်မည်ဟု ယူဆကြသည်။ ယဇ်ပုရောဟိတ်ဖြစ်ရိုးမှန်လျှင် မြောက်ပိုင်းနိုင်ငံအကြောင်း မှတ်တမ်းတင်နိုင်ဖို့ လွန်စွာခဲယဉ်းလိမ့်မည်။ ပရောဖက် တစ်ဦးဖြစ်ဖွယ်ရှိသည်။ နောက်ဆုံးစာ တည်းဖြတ်သူမှာ ယဇ်ပုရောဟိတ်မှန်လျှင်  ဧဇရ၊ ပရောဖက်မှန်လျှင် ယေဇကျေလ သို့မဟုတ် ယေရမိ ဖြစ်ပေမသည်။

၃။ အချိန်ကာလ

ဓမ္မရာဇတင်စတုတ္ထစောင် ဇာတ်သိမ်းကို ပြေရာပြေကြောင်းဖြင့် နိဂုံးချုပ်ထားသည်။ ဘီစီ-၅၃၆ တွင် နှစ်ပေါင်း (၃၇)နှစ်ကြာ ဖမ်းဆီးချုပ်နှောင်ထားခဲ့သည့် ယုဒမင်း ယေခေါနိအား နန်းတက်စ ဗာဗုလုန် ဘုရင် ဧဝိလမေရောဒက် က စိတ်ကောင်းဝင်၍ ချုပ်နှောင်ရာမှ ပြန်လွှတ်ခြင်းဖြစ်သည်။ သမိုင်းကြောင်းတွင် သိသာထင်ရှားသော ယုဒလူများ ပါလက်စတိုင်းသို့ စတင်ပြန်ဝင်လာကြသည့် ဘီစီ-၅၃၆  အကြားမှာမူ မှတ်တမ်းမဝင်ဘဲ ကျန်ရစ်ခဲ့သည်။ မျိုးချစ်စိတ်ဓာတ် ရှိသော ကျမ်းရေးသားသူသည် ဤကျမ်းနိဂုံးချုပ်စဉ် အဆိုပါ အဖြစ်အပျက်စတင်နေပြီဆိုလျှင် လျစ်လျူပြုခြင်း ချန်ခဲ့မည် မဟုတ်သည်မှာ သေချာပါသည်။ ထို့ကြောင့် ဤဓမ္မရာဇဝင် ၃ နှင့် ၄ ကို ဘီစီ -၅၆၀ နှင့် ၅၃၆ ကြားတွင် ရေးသားပြီးစီးခဲ့သည် ဟု ယူဆရသည်။

၄။ နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်

ဤဓမ္မရာဇဝင်ကျမ်းနှစ်စောင်၌ ပါဝင်သော အဓိကဇာတ်ရုပ်များမှာ ရှင်ဘုရင်များနှင့် ပရောဖက်များဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်ချက်သည် ရှင်ဘုရင်များ၏ နာခံမှုနှင့် မနာခံမှုအပေါ် မူတည်၍ တိုက်ရိုက်အကျိုးသက်ရောက် သည်။ ပရောဖက်များ၏ အမှုတော်မှာ မျက်စိလည်လမ်းပျောက်နေကြသော လူမျိုးတော်အား ယေဟောဝါဘုရားထံသို့ ပြန်လည် ခေါ်ဆောင်ခြင်းဖြစ်သည်။

  1. J. Gibson က ဤအကြောင်းကို အောက်ပါအတိုင်း အကျဉ်းချုံးဖော်ပြခဲ့သည်။

ဓမ္မရာဇတင်တတိယနှင့် စတုတ္ထစာစောင်တို့သည် သွယ်ယှက်နေသည်။ ဣသရေလလူမျိုး ဆယ်မျိုးတို့၏ တိုင်းပြည်ကို ယေရုရှလင်၏ မြောက်ဘက်တွင် ရှိသောကြောင့် မြောက်ပိုင်းနိုင်ငံဟုလည်း ခေါ်ကြသည်။ ပထမဆုံးမင်း ယေရောဗောင်မှစ၍ နောက်ဆုံးအာရှုရိ တို့ထံ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် အချိန်ထိ မင်းရိုးစဉ်ဆက် ဘုရားသခင်စကားကို မနာခံ၊ ရှေ့တော်တွင် မတော်မသင့် ရုပ်တုကိုးကွယ်ကြသည်။ ယေရုရှလင်ဗဟိုပြုသော ယုဒနိုင်ငံဟု ခေါ်ဝေါ်သည့် တောင်ပိုင်းနိုင်ငံမှာလည်း ဘုရားထံမှ ဝေးကွာလျက် ရှိသည်။ သို့သော် အရေအတွက်နည်းသော်လည်း ဘုရားအား ယုံကြည်ခြင်းသစ္စာမြဲမြံသည့်လူစု ရှိနေသေးသည်။ ရှောလမုန် နန်းစံချိန်ကား ယုဒတို့၏ ဘုန်းတန်ခိုး ထွန်းပသည့်အခါသမယဖြစ်၏။ ဗိမာန်တော်တည်ဆောက်ခြင်း၊ အနုမောဒနာ ပြုနိုင်ခြင်းသည် သမိုင်းမော်ကွန်း တင်သော အောင်မြင်မှုဖြစ်သကဲ့သို့ ဘုရားအမြင်မှာလည်း တင့်တယ်ခဲ့သည်။ ထိုရှောလမုန်ခေတ်သည် ဘုရားသခင်၏ စွန့်ခွါခြင်းနှင့် တရားစီရင်ခြင်းဖြင့် နိဌိတံခဲ့ခြင်းမှာ ဘုရားသခင်၏ အရေးပေးမှုနှင့် ချီးမြှောက်ပစားပေးမှုအား မထီမဲ့မြင်ပြုခြင်းအတွက် လေးလေးနက်နက် သတိပေးချက်ဖြစ်သည်။ ဘုရားရှင်ကျေးဇူးတော်နှင့် ကရုဏာတော် လျော့ပါးကုန်ခါးရခြင်းမှာ ဘာသာတရားမဲ့ခြင်းကြောင့် မဟုတ်ဘဲ၊ နှုတ်ကပတ်တော် ပစ်ပယ်မှု၊ မနာခံမှုတို့၌ နောင်တမရဘဲ၊ ခေါင်းမာစွာ စွဲမြဲနေကြ သောကြောင့်သာဖြစ်သည်။ သို့ဖြင့် ဦးစွာမြောက်ပိုင်းနိုင်ငံတော်၊ ထိုနောက် တောင်ပိုင်းနိုင်ငံတော်တို့ ပြိုလဲပျက်စီးရလေသည်။၁


ပါဝင်သောအချက်များ

၁။ ဒါဝိဒ်၏ နောက်ဆုံးနေ့ ရက်များ (၁:၁-၂-၂:၁၁)

(က) အဒေါနိယ အာဏာသိမ်းရန် ကြိုးပမ်းခြင်း (၁:၁-၃၈)

(ခ) ရှောလမုန်အား ဘိသိက်ပေးခြင်း (၁:၃၉-၅၂)

(ဂ) ဒါဝိဒ်က ရှောလမုန်သို့ နောက်ဆုံးမှာတမ်း (၂:၁-၁၁)

၂။ ရှောလမုန်ဘုရင်၏ ရွှေခေတ်ငွေခေတ် (၂:၁၂-၁၁:၄၃)

(က) ဆန့်ကျင်ပုန်ကန်သူများကို နှိမ်နှင်းခြင်း (၂:၁၂-၄၆)

(ခ) ရှောလမုန်ဘုရင် ၏ ညာဏ်ပညာ (အခန်း ၃)

(ဂ) ရှောလမုန်ဘုရင်၏ မှူးကြီးမတ်ရာများ (၄:၁-၁၉)

(ဃ) ရှောလမုန်ဘုရင် ခန့်ညားထယ်ဝါသမျှ (၄:၂၀-၃၄)

(င) ရှောလမုန်ဘုရင်ဆောက်လုပ်သော ဗိမာန်တော် (အခန်း ၅-၇)

(၁) ဟိရံမင်းနှင့် သဘောတူညီချက် (အခန်း ၅)

(၂) ဗိမာန်တော် ဆောက်လုပ်ခြင်း (အခန်း ၆)

(၃) အခြားအဆောက်အဦးများ ဆောက်လုပ်ခြင်း (၇:၁-၁၂)

(၄) ဗိမာန်တော် မွမ်းမံခြယ်သခြင်း (၇:၁၃-၅၁)

(စ) ဗိမာန်တော် အနုမောဒနာ ပြုခြင်း (အခန်း ၈)

(ဆ) ရှောလမုန်မင်း ကျော်ကြားခြင်း (အခန်း ၉၊၁၀)

(၁) ဘုရားသခင်ထံ ပညတ်တော် (၉:၁-၉)

(၂) ဟိရံမင်းထံသို့ လက်ဆောင်ပဏ္ဏာ (၉:၁၀-၁၄)

(၃) ပူဇော်သက္ကာပြုခြင်း (၉:၁၅-၂၅)

(၄) ဘုရင်ရေတပ်မတော် (၉:၂၆-၂၈)

(၅) ရှေဘဘုရင်မ အလည်အပတ်ကြွလာခြင်း (၁၀:၁-၁၃)

(၆) ရှောလမုန်၏ စည်းစိမ်ချမ်းသာ (၁၀:၁၄-၂၉)

(ဇ) ရှောလမုန်မင်း ကျဆင်းခြင်းနှင့် နတ်ရွာစံခြင်း (အခန်း ၁၁)

၃။ နိုင်ငံတော် ပြိုကွဲခြင်း (အခန်း ၁၂-၂၂)

(က) ယုဒဘုရင် ရောဗောင် (၁၂:၁-၂၄)

(ခ) ဣသရေလဘုရင် ယေရောဗောင် (၁၂:၂၅-၁၄:၂၀)

၁။ ယေရောဗောင်၏ မိစ္ဆာဗိမာန်တော်များ (၁၂:၂၅-၃၃)

၂။ ယေရောဗောင်နှင့် ဘုရားသခင်၏လူ (၁၃:၁-၃၂)

၃။ ယေရောဗောင်၏ မိစ္ဆာပရောဖက် အမှုအရာ (၁၃:၃၃-၃၄)

၄။ ယေရောဗောင်၏သား သေဆုံးခြင်း (၁၄:၁-၂၀)

(ဂ) ယုဒဘုရင် ရောဗောင်၏ နန်းဆက် (၁၄:၂၁-၃၁)

(ဃ) ယုဒဘုရင် အဘိယ (၁၅:၁-၈)

(င) ယုဒဘုရင် အာသ (၁၅:၉-၂၄)

(စ) ဣသရေလဘုရင် နာဒပ် (၁၅:၂၅-၂၇)

(ဆ) ဣသရေလဘုရင် ဗာရှာ (၁၅:၂၈-၁၆:၇)

(ဇ) ဣသရေလဘုရင် ဧလာ (၁၆:၈-၁၀)

(ဈ) ဣသရေလဘုရင် ဇိမရိ (၁၆:၁၁-၂၀)

(ည) ဣသရေလဘုရင် တိဗရိ (၁၆:၂၁-၂၂)

(ဋ) ဣသရေလဘုရင် ဩမရိ (၁၆:၂၃-၂၈)

(ဌ) ဣသရေလဘုရင် အာဟပ် နှင့် ပရောဖက်ဧလိယ (၁၆:၂၉-၂၂:၄၀)

၁။ အာဟပ်၏ အပြစ်ဒုစရိုက်များ (၁၆:၂၉-၃၄)

၂။ ဧလိယ နှင့် မိုးခေါင်ခြင်း (၁၇:၁-၇)

၃။ ဧလိယ နှင့် ဇရတ္တမုဆိုးမ (၁၇:၈-၂၄)

၄။ ဧလိယက ဗာလပရောဖက်များကို စိန်ခေါ်ခြင်း (၁၈:၁-၁၉)

၅။ ဗာလပရောဖက်မား အား အောင်နိုင်ခြင်း (၁၈:၂၀-၄၀)

၆။ မိုးရွာရန် ဧလိယ၏ဆုတောင်း (၁၈:၄၁-၄၆)

၇။ ဟောရပ်အရပ်သို့ ဧလိယပုန်းရှောင်ခြင်း (၁၉:၁-၁၈)

၈။ ဧလိယ ဧလိရှဲအား ခန့်အပ်ခြင်း (၁၉:၁၉-၂၁)

၉။ ရှုရိပြည်သားများ အပေါ် အာဟပ်မင်း ပထမကြိမ် အောင်နိုင်ခြင်း (၂၀:၁-၂၂)

၁၀။ ရှုရိပြည်သားများအပေါ် အာဟပ်မင်း ဒုတိယအကြိမ်အောင်နိုင်ခြင်း (၂၀:၃၅-၃၄)

၁၁။ အာဟပ်မင်း၏ မနာခံမှု (၂၀:၃၅-၄၃)

၁၂။ အာဟပ်မင်းက နာဗုတ်အား မတရားပြုခြင်း (အခန်း ၂၁)

၁၃။ အာဟပ်မင်း၏ နောက်ဆုံးတိုက်ပွဲ (၂၂:၁-၄၀)

(ဍ) ယုဒဘုရင် ယောရှဖက် (၂၂:၄၁-၅၀)

(ဎ) ဣသရေလ ဘုရင် အာခဇိ (၂၂:၅၁-၅၃)

TAGS: ဓမ္မရာဇဝင်တတိယစောင်

ကိုးကား[ပြင်ဆင်ရန်]