ဓနိ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဓနိပင်များ

ဓနိသည် ပင်လယ်ဒီရေ ရောက်ရှိသော နေရာများတွင် ပေါက်ရောက်ဖြစ်ထွန်းသည်။ မြစ်ကမ်းနားစပ်၊ ချောင်းကမ်းနားစပ် စသည်တို့တွင် ဓနိများ ပေါက်ရောက်လျက် ရှိသည်ကို တွေ့မြင်နိုင်သည်။ ဓနိပျစ်ကို အိမ်အမိုးအတွက် အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် ပဲခူးမြစ်ကမ်းဘေးနှင့် ဧရာဝတီဒေသတို့တွင် ဓနိများ ထွက်ရှိသည်။

အရွက်နှင့် အရိုးသည် အစိမ်းရောင်ရှိသည်။ ဓနိရွက်များမှာ အုန်းလက်ကဲ့သို့ ပုံသဏ္ဌာန် ရှိသည်။ သို့သော် ဓနိလက်သည် အုန်းလက်ထက် ပို၍ အပြားကြီးသည်။ ကျေးလက်ဒေသများတွင် ဓနိ၏ အရိုးအခြောက်များနှင့် ( အရပ်အခေါ် - ဓနိဘောင်) အခြောက်များကို ထင်းမီးအတွက် အသုံးပြုကြသည်။ ထို့ပြင် ဓနိရိုးကို ခြံစည်းရိုး အကာအရံ အဖြစ်လည်းကောင်း၊ အိမ်နံရံအကာအဖြစ်လည်းကောင်း အသုံးပြုကြသည်။

ဓနိရွက်အနုများ၏ သင်းပျံ့သော ရနံ့ကြောင့် ကောက်ညှင်းထုပ် ပြုလုပ်ရာတွင် ဖတ်အဖြစ်လည်း အသုံးပြုကြသည်။ ထိုအခါ ကောက်ညှင်းထုပ်သည် ဓနိ၏ သင်းပျံ့သောရနံ့တို့ဖြင့် စားချင်စဖွယ် ဖြစ်လာသည်။

ရခိုင်လို ရီအုန်းပင်ဟု ခေါ်သည်။ [၁]

ဓနိပျစ် ပြုလုပ်ပုံ[ပြင်ဆင်ရန်]

ကျေးလက်ဒေသများတွင်သာမက မြို့ပြတွင်လည်း ဓနိပျစ်ကို မိုးရာသီတွင် မိုးဒဏ်မှ ကာကွယ်ရန် အတွက် အမိုးအကာအဖြစ် အသုံးပြုကြသည်။

ဓနိပျစ် ပြုလုပ်ရန် ပထမဦးစွာ ဓနိတောများမှ လုံလောက်စွာ သက်တမ်းရင့်သော ဓနိလက်များကို ခုတ်ယူရသည်။ ထိုခုတ်ယူထားသော ဓနိလက်များမှ အရွက်ကို ဓားဖြင့် အရွက်၏ အရင်းနားမှ ကပ်ကာ ဖြတ်ယူသည်။ ထို ဓနိရွက်များကို စနစ်တကျ ဓနိအရိုး၏ အကြောကို ကြိုးအဖြစ် အသုံးပြုကာ ပန်းစည်းများကဲ့သို့ ထုပ်ပိုးချည်နှောင်သည်။ ၎င်းချည်ပြီးသည်များကို အရပ်အခေါ် ဓနိပေါ ဟု ခေါ်သည်။ အရေအတွက် တစ်ခုအတွက် တစ်ပေါ၊ နှစ်ခုအတွက် နှစ်ပေါ အစရှိသဖြင့် ရေတွက်သည်။

ဓနိတောထဲရှိ ဓနိပေါများကို ဓနိပျစ်မည့်နေရာ သို့မဟုတ် အိမ်သို့ သယ်ယူကြသည်။ ဓနိတံအတွက် ဝါးပိုးကဲ့သို့သော အခေါင်းပွသည့် ဝါးကို ဓားဖြင့်စိတ်ကာ ပြုလုပ်ကြသည်။ ဝါးတံကို ဓနိရွက်၏ အလယ်တွင်ထား ခေါက်ချိုးညီ အပြားပုံစံပြုလုပ်ကြသည်။ ထို့နောက် ဓနိရွက်ရှိ အူတိုင်ချောင်းဖြင့် ကန့်လန့်ဖြတ် ထိုးဖောက်ကာ ကျွတ်မထွက်သွားအောင် ပြုကြသည်။ ဓနိထိုးပြီးသည်ကို ချက်ချင်းအသုံးပြုသည်လည်း ရှိ၏။ သို့မဟုတ်ဘဲ ထိုးပြီးသော ဓနိပျစ်များကို နှပ်ပြီးမှ အသုံးပြုသည်လည်း ရှိသည်။ ဓနိပျစ်ကို နှပ်ရာတွင် (၇) ရက် (၈) ရက်ခန့် ကြာသည်။ နှပ်သည့်နည်းမှာ ဓနိပျစ်များကို လေလုံနေလုံအောင် ပတ်ပတ်လည်တွင် ကာရံထားခြင်းဖြစ်သည်။ ပထမဦးစွာ ဓနိပျစ်များကို ပတ်ပတ်လည်တွင် ကောက်ရိုးဖြင့် အုပ်၏။ ထို့နောက် ရွှံ့ပျော့ သို့မဟုတ် ရွှံပျော့နှင့် နွားချေးကိုစပ်ကာ အပေါ်ယံမှ မံ၏။ ဤနည်းဖြင့် ဓနိပျစ်ကို နှပ်ကြသည်။ ဓနိပျစ်ကို အမိုးအကာ အလို့ငှာ အလိုရှိသလို အသုံးပြုကြသည်။

ဓနိသီး[ပြင်ဆင်ရန်]

ဓနိသီးသည် စားသောက်၍ ရနိုင်သော အသီးဖြစ်၏။ ဓနိခိုင်မှာ အဝိုင်းပုံစံရှိသည်။ ဓနိသီးများသည် နုနယ်စဉ်တွင် အသီးထဲ၍ အရည်သာရှိ၍ ရင့်လာသော အခါ အဆံတည်ပြီးလျှင် စားသောက်၍ ရနိုင်၏။ အဆံမှာ အဖြူရောင်ဖြစ်ပြီး ထန်းသီးကဲ့သို့ပင် ခွဲစားရ၏။ အဆံမှာ ဘဲဥပုံစံရှိပြီး အရွယ်မှာ များသောအားဖြင့် ငုံးဥခန့် သို့မဟုတ် ထို့ထက်အနည်းငယ် ကြီး၏။ အသီးတစ်ခုတွင် အဆံတစ်ခုသာပါရှိသည်။

ရုပ်ပုံများ[ပြင်ဆင်ရန်]

  1. မောင်သိန်းဇံ (ဇူလိုင်၊ ၂၀၀၀). ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ. နက္ခတ္တရောင်ခြည်, ၂၈၁.