ဒေးဝန်း အကောက်ဝန်
ဒေးဝန်းအကောက်ဝန်
[ပြင်ဆင်ရန်]ဒေးဝန်းအကောက်ဝန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ တင်သွင်းလာ ကုန်စည်ပစ္စည်းများအပေါ် အခွန်ကောက်ခံ စည်းကြပ်ရသူဖြစ်သည်။ ရွှေတိုက်အတွင်းဝန်၏ အတ္ထုပ္ပတ္တိစာတမ်းတွင် ‘တရုတ်ပြည်ကြီးမှ မြန်မာနိုင်ငံတော်သို့ ကုန်းလမ်းကျရောက်သော ကုန်အထည်အလိပ်၊ အသုံးအဆောင်အမျိုးမျိုးတို့အပေါ်၌ ထုံးစံအတိုင်း အုက်ချုပ် ကြည့်ရှု ကောက်ခံရသော ဒေးဝန်းအကောက်ဝန်အရာ’ဟူ၍ ဖော်ပြထားသည်။ ဒေးဝန် အကောင်ဝန်ရာထူးကို တစ်ခါတစ်ရံ မင်းတဲဒေးဝန်းအကောက်ဝန်ဟူ၍ လည်း ခေါ်ဆိုကြ၏။ သို့ဖြစ်၍ ဒေးဝန်းအကောက်ဝန်ရာထူးမှာ ကုန်းဘောင်ခေတ်လယ်ပိုင်း တရုတ်မြန်မာ ကုန်သွယ်လုပ်ငန်းများ ထွန်းကား စည်ပင်နေချိန်တွင် စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။
သာယာဝတီမင်းလက်ထက်
[ပြင်ဆင်ရန်]သာယာဝတီမင်း (၁၈၃၇-၁၈၄၆) လက်ထက် ဒေးဝန်းအကောက်ဝန်မှာ မင်းကြီးမဟာသီလဝ ဖြစ်သည်။ ၅ မတ် ၁၈၄၃ ခုနှစ်တွင် တရုတ်သံအဖွဲ့ အမရပူရသို့ ရောက်ရှိလာခဲ့ရာ ဒေးဝန်းအကောက်ဝန်မင်းကြီး မဟာသီလဝက လိုအပ်သည်များကို စီမံဆောင်ရွက်ပေးရသည်။ မင်းကြီးမဟာသီလဝမှာ ယခင်စစ်ကိုင်း မင်းလက်ထက် အာသံဗိုလ်မှူးအဖြစ် အမှုထမ်းခဲ့ဖူးသူ မင်းကြီး မဟာသီလဝ ဘွဲ့ခံ ဦးသူနှင့် ဘွဲ့မည် တူညီနေသဖြင့် အာသံဗိုလ်မှူးဦးသူကိုပင် ဒေးဝန်းအကောက်ဝန်အရာ ခန့်အပ်ခဲ့လေသလာဟု တွေးဆစရာ ရှိသည်။
ရတနာပုံခေတ် ဒေးဝန်း အကောက်ဝန်များ
[ပြင်ဆင်ရန်]၁၈၅၃ ခုနှစ်တွင် မင်းတုန်းမင်း နန်းတက်လာပြီးနောက် ဦးစောင်ရှုတ်အား ဒေးဝန်းအကောက်ဝန်အရာ ခန့်အပ်ခဲ့သည်။ ဦးစောင်ရှုတ်မှာ တရုတ်နွယ်ဖွား တစ်ဦး ဖြစ်ဟန်ရှိ၏။ သို့သော် နှစ်အနည်းငယ်အတွင်း ဒေးဝန်းအကောက်ဝန်ရာထူး အပြောင်းအလဲ ဖြစ်ခဲ့သည်။ ဦးစောင်ရှုတ်အား ဆက်ခံခဲ့သူ ဒေးဝန်းအကောက်ဝန်မှာ ဦးရွှေချိန် ဖြစ်ဟန်တူသည်။ မင်းတုန်းမင်းလက်ထက်၌ပင် ဦးမောင်ဆိုသူအား ဒေးဝန်းအကောက်ဝန်အရာ ခန့်အပ်ခဲ့သည်။ ယင်းဒေးဝန်းအကောက်ဝန် ဦးမောင်၏သား သံတော်ဆင့် ဦးမောင်မောင်သင်မှာ လောင်းရှည်မိဖုရားကြီး၏ မောင် ခေါင်းတုန်းမြို့စား မင်းသားမှ ဖွားမြင်သူ အင်ထောက်သာမင်းသမီးနှင့် လက်ဆက်ခဲ့သည်။ မင်းတုန်းမင်းလက်ထက် နှောင်းပိုင်းကာလ၌မူ ဦးလှဘူးအား ဒေးဝန်းအကောက်ဝန်အရာ ခန့်အပ်ခဲ့သည်။ ဦးလှဘူးမှာ နောင် ရွှေတိုက်အတွင်းဝန်အဖြစ် ထင်ရှားခဲ့သူဖြစ်သည်။ သီပေါမင်း နန်းတက်စတွင် ဒေးဝန်းအကောက်ဝန် ဦးလှဘူးအား ပေါက်မြိုင်မြို့စားအရာ ပေးအပ်ခဲ့ပြီး ၁၃ ဇန္နဝါရီ ၁၈၇၉ ခုနှစ်တွင် ဝန်ထောက်အရာ ခန့်အပ်ခဲ့၏။ ဦးလှဘူးအား ဆက်ခံသူမှာ ဂန်ဓလရာဇ် သံတော်စာရေးကြီး ဒေးဝန်းအကောက်ဝန် မဟာမင်းထင်စည်သူ ဖြစ်သည်။ မကြာမီ မဟာမင်းထင်စည်သူကို ဗန်းမော်မြို့ဝန် ရာထူးကိုပါ ပေးအပ်ခဲ့သည်။
မန္တလေးမြို့က ဒေးဝန်းရပ်
[ပြင်ဆင်ရန်]ဒေးဝန်းရပ်မှာ ယခင်က အမရပူရမြို့တော်၏ ရပ်ကွက်တစ်ခုဖြစ်သည်။ သာယာဝတီမင်းလက်ထက်က ဒေးဝန်းရပ်တွင် ယာယီစံနန်းတော် ဆောက်လုပ်ကာ ခေတ္တစံနေခဲ့ဖူး၏။ ယတြယာသဘောအရ ယင်းသို့ ယာယီစံနေခြင်း ဖြစ်သည်ဆိုသည်။ ၁၈၅၉ ခုနှစ်တွင် ရတနာပုံနန်းမြို့တော်ကြီး ပေါ်ပေါက်လာသောအခါ ဒေးဝန်းရပ်သည် အနောက်ပြင် ၂၉-ရပ်ကွက် အဝင်ရပ်ကွက်ကြီး တစ်ခုဖြစ်လာသည်။ ယနေ့ခေတ်အနေအထားအရ ဒေးဝန်းရပ်ကို နှစ်ပိုင်းတွေ့ရှိရပြီး ဒေးဝန်းအရှေ့ရပ်မှာ မဟာအောင်မြေမြို့နယ်အတွင်း၌ လည်းကောင်း၊ ဒေးဝန်း အနောက်ရပ်မှာ ချမ်းအေးသာစံမြို့နယ် အတွင်း၌လည်းကောင်း တည်ရှိသည်။ နာမည်ကျော် ကျောင်းတိုက်ကြီးများဖြစ်ကြသည့် မစိုးရိမ်တိုက်၊ သားကဝန်ကျောင်း၊ ရွှေအင်ပင်ကျောင်း၊ တောင်ခွင်မင်းကြီးတိုက် စသည်တို့မှာ ဒေးဝန်းအရှေ့အရပ်အတွင်း ပါဝင်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀၀၉