ဒေဝါလီခံခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ယူကေရှိ ကွန်ပျူတာ စတိုးဆိုင်တစ်ခု မိခင် ကုမ္ပဏီ ဒေဝါလီခံကြောင်း ကြေငြာပြီးနောက် သတိပေးစာတမ်း ချိတ်ဆွဲထားပုံ

ဒေဝါလီဟူသောစကားသည် ဟင်ဒီဘာသာ ဒီပါလီဟူသော စကားမှ ဆင်းသက်လာသော စကားဖြစ်၍၊ မီးအစဉ် (မီးရှိနေ သည်)ဟု အဓိပ္ပါယ်ရသည်။ မီးကိုထွန်းည|ိပြီးနောက်၊ ထိုမီးကို မငြိမ်းဘဲထားခြင်းဟူသော အဓိပ္ပါယ်ကို ဥပစာတင်စား၍၊ ကြွေး မြီချေးယူပြီးနောက် မပေးဆပ်ဘဲ ရှောင်လွှဲနေခြင်းကို ဒေဝါလီခံ သည်ဟု သုံးနှုန်းကြသည်။ ကြွေးမြီနှင့် မီးကိုပမာပြုရာ၌၊ ဘိုးတော်ဘုရား၏ သက္ကရာဇ် ၁၁၄၅ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်နေ့ ထုတ်ပြန်သောအမိန့်တော်တွင် 'ကြွေမြီစာရင်း မှန်သမျှ ကို အတောင်းအထုတ် မရှိစေရ၊ ချမ်းသာစေဟု အမိန့်တော် ထုတ်ပြန်၍ မီးငြိမ်းလေပြီးသည်ကို'ဟု စိတ်ဝင်စားဖွယ်ရာ ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် တရားရုံးများ၌ လိုက်နာနေ သော ဒေဝါလီခံခြင်းဆိုင်ရာ ဥပဒေသည် အိန္ဒိယနိုင်ငံ၌ ခရစ် ၁၁၂၈ ခုနှစ်တွင် ပထမအကြိမ် ပြဋ္ဌာန်းခဲ့သော အက်ဥပဒေကို တစ်စတစ်စ ပြုပြင်ပြောင်းလဲသော ဥပဒေရပ်များဖြစ်ပေသည်။ တည်ဆဲဥပဒေနှစ်ရပ်မှာ ရန်ကုနမြို့အတွက် ခရစ် ၁၉ဝ၉ ခုနှစ် ဒေဝါလီ အက်ဥပဒေဖြစ်၍၊ ရန်ကုန်မြို့မှအပဖြစ်သော ပြည် ထောင်စုမြန်မာနိုင်ငံတော် အခြားဒေသများအတွက် ခရစ် ၁၉၂ဝ ပြည့်နှစ် ဒေဝါလီ အက်ဥပဒေဖြစ်လေသည်။ ကျင့်ထုံး ကျင့်နည်းများတွင် ရန်ကုန်မြို့ဆိုင်ရာ ဥပဒေနှင့် ရန်ကုန်မြို့မှ အပ ဆိုင်ရာဥပဒေတို့၌ ခြားနားချက်များရှိကြသော်လည်း၊ မူအားဖြင့်ကား ထိုအက်ဥပဒေနှစ်ရပ်တို့၌ အရေးကြီးသော ခြား နားချက်များ မရှိကြချေ။ ရန်ကုန်မြို့သည် ပြည်ထောင်စု မြန်မာ နိုင်ငံတော်၏ မြို့တော်ဖြစ်သည့်ပြင်၊ ကုန်သွယ်ဖောက်ကား ထွန်းကားသောအရပ်ဖြစ်သည်။ ထိုကြောင့် ရန်ကုန်မြို့အတွက် အက်ဥပဒေတွင် ဒေဝါလီခံသောကုန်သည်များအတွက် အထူး သတ်မှတ်ချက်များပါရှိ၏။ ထိုပြင် ရန်ကုန်မြို့တွင် ဒေဝါလီခံ ခြင်းဥပဒေကို တရားလွှတ်တော်၏ မူလဆိုင်ရာဌာနက စီရင် သဖြင့်၊ အမြဲတမ်းပစ္စည်းထိန်း အရာရှိနှင့် ထိုအရာရှိတို့၏ဌာန များကို ခန့်ထားစေရကား၊ ဒေဝါလီခံသူများ၏ ပစ္စည်းများကို အုပ်ချုပ်ရာ၌ ပိုမိုတိကျသော စည်းကမ်းများ သတ်မှတ်ထားရ လေသည်။ ဤသည်တို့၌သာလျှင် ဥပဒေတစ်ရပ်နှင့်တစ်ရပ် ထင်ထင်ရှားရှား ကွာခြားသည်ကို တွေ့ရပေမည်။

အိန္ဒိယပြည်၌ ခရစ် ၁၈၂၈ ခုနှစ် ပထမအကြိမ် ပြဋ္ဌာန်းခဲ့ သောအက်ဥပဒေသည် ထိုစဉ်အခါက အင်္ဂလန်ပြည်၌ အတည် ဖြစ်နေသော ခရစ် ၁၈၂၅ ခုနှစ်တွင် အင်္ဂလန်ပါလီမန်က ပြဋ္ဌာန်းခဲ့သည့် အက်ဥပဒေကို မှီငြမ်းပြုခဲ့သည်။ ထို ၁၈၂၅ ခုနှစ် အင်္ဂလိပ်အက်ဥပဒေ မပြဋ္ဌာန်းမီက၊ အင်္ဂလန်ပြည်၌ အတည်ဖြစ်သော ဒေဝါလီအက်ဥပဒေများ၏ ရည်ရွယ်ချက်တို့ တွင် ကြွေးရှင်များ၏ အခွင့်အရေးကို ဦးစားပေးလျက်၊ ကြွေးမြီ မဆပ်နိုင်သော မြီစားများအား ဖိနှိပ်ချုပ်ခြယ်မှုတို့ကို ပဓာန ထားခဲ့ရာ၊ ၁၈၂၅ ခုနှစ် နောက်ပိုင်းတွင်မှ တစ်စတစ်စ မြီစား များ၏ သက်သာမှုကို တိုးတက်၍ အရေးပေးခဲ့သည်။ ဤသို့ လျှင် တစ်စတစ်စ ပြုပြင်ပြောင်းလဲ လာခဲ့သောကြောင့်၊ အင်္ဂလန်၊ အိန္ဒယနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတို့၏ ဥပဒေတို့ သည် လက်ရှိအခြေအနေသို့ ရောက်ရှိလာခဲ့သည်။ လက်ရှိ ဥပဒေများ၏ ရည်ရွယ်ချက်ကို အကျဉ်းအားဖြင့် ဖော်ပြရလျှင်၊ ကြွေးမြီများကို အပြေမဆပ်နိုင်သော မြီစားများအနက် ကံမ ကောင်း အကြောင်းမလှသဖြင့်၊ ထိုအခြေအနသို့ ရောက်ရသော မြီစားတို့ကို သက်သာရာရစေရန် ရည်ရွယ်သည်။ ဤရည်ရွယ် ချက်နှင့် တပြိုင်တည်းထားရှိသော အခြား ရည်ရွယ်ချက်တို့မှာ၊ မရိုးမဖြောင့် ကောက်ကျစ်သော မြီစားတို့က မိမိတို့ပိုင် ပစ္စည်းများကို မလျှို့ဝှက်နိုင်စေရန်၊ မတရား လွှဲပြောင်းခြင်း မပြုနိုင်စေရန်နှင့် မြီရှင်တို့ သာတူညီမျှ အခွင့်အရေးကို ရရှိနိုင် စေရန် ဖြစ်လေသည်။

လက်ရှိအက်ဥပဒေများ၏ ယင်းတို့၏ပင်ရင်း ၁၈၂၅ ခုနှစ် အထက်ကာလက အက်ဥပဒေများကို နှိုင်းရှည့်ကြည့်လျှင် မူအနေဖြင့် အလွန်ခြားနားသည်ကို တွေ့ရပေသည်။ ၁၈၂၅ ခုနှစ်အထက်ကာလက မြီစားတို့ကို ဒေဝါလီခံခွင့် မပေးခဲ့ချေ။

မြီရှင်တို့ကသာ မြီစားများအား ဒေဝါလီပြုခွင့်ပေးခဲ့၏။ မြီစား တို့၏ သက်သာခွင့် အနည်းအကျဉ်းကိုသာလျှင် အသိအမှတ် ပြု၍၊ မြီရှင်တို့၏ အခွင့်အရေးနှင့် မြီစားတို့အား ဖိနှိပ်ရေးကို သာ ပိုမို၍ အရေးပေးခဲ့၏။ ထိုအခါက ကုန်သည်များကိုသာ လျှင်၊ မြီရှင်တို့က ဒေဝါလီပြုခွင့်ထားရှိ၍၊ အခြား မြီစားတို့မှမူ ကြွေးမြီကို အပြီးအပိုင် မဆပ်လျှင်၊ လွတ်ငြိမ်းခွင့် မရခဲ့ချေ။

မြီရှင်တို့သည် မြီစားတို့အား ကြွေးမြီမပြေလည်သမျှ ထောင် သွင်းအကျဉ်းထားနိုင်ခွင့်ရှိသည်။ ထောင်သွင်းရာ၌လည်း မြီစား များသည် မိမိတို့စရိတ်နှင့်ပင် နေထိုင်ရသည်။ အကျဉ်းထား ရာ၌လည်း နှစ် ရက် အကန့်အသတ်မရှိ၊ ကြွေးမကျေမခြင်း အသက်ထက်ဆုံး အကျဉ်းချထားနိုင်သည်။ ထိုမျှသာမကသေး ၁၈၂ဝ ပြည့်နှစ်မတိုင်မီက၊ မြီစားတစ်ဦးသည် ကြွေးမြီများ မပေးဆပ်လိုသော၊ မရိုးဖြောင့်သည့်သဘောဖြင့်၊ မိမိပိုင်ပစ္စည်း များကို ရုံးတော်ရှေ့သို့ အကုန်အစင်မတင်ပြ၊ မပေး၊ မဖော် ထုတ်ခဲ့လျှင် ထိုမြီစားကို သေဒဏ်ပင်သတ်မှတ်သော အက်ဥပ ဒေရှိခဲ့ရာ ထိုအက်ဥပဒေကို ၁၈၂ဝ ပြည့်နှစ်တွင်မှ ပြင်ဆင်၍၊ သေဒဏ်မှ တသက်တကျွန်းသို့ လျှော့ပေါ့ခဲ့သည်။ အက်ဥပဒေ တစ်ရပ်ကလည်း ကြွေးမြီမပေးဆပ်နိုင်သော မြီစားသည် မိမိ၏ ဖြော်ပန်မှုအတွက်ကြောင့်မဟုတ်ဘဲ၊ ကံမကောင်းအကြောင်းမလှ သဖြင့်သာလျှင်၊ ကြွေးမြီကို မဆပ်ပေးနိုင်နိုင်း ဖြစ်ပါသည်ဟု၊ ထင်ရှားအောင်မပြနိုင်လျှင်၊ ထိုမြီစားအား လူဗိုလ်ပုံအလယ်တွင် ထိပ်ခပ်လျက်၊ ၂ နာရီမျှ ထားရှိစေပြီးလျှင်၊ နားရွက်တဘက်ကို ဖြတ်စေသော ပြစ်ဒဏ်ကို သတ်မှတ်ခဲ့ဘူးသည်ကို တွေ့ရှိရပေ သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ တည်ဆဲ ဒေဝါလီခံခြင်း ဥပဒေ၏ ပင်ရင်းဖြစ်သော ၁၈၂ဝ ပြည့်နှစ် မတိုင်မီက အင်္ဂလန်ပြည်၌ အတည်ဖြစ်ခဲ့သော အက်ဥပဒေများနှင့် အချိန် ကာလ တပြိုင်တည်းမှာပင်၊ မြန်မာဘုရင်များ၏ လက်ထက် တော်၌ တည်ဆဲဖြစ်သော အလားတူ ဥပဒေများကို နှိုင်းရှည့် ကြည့်လျှင် ခြားနားချက်များကို အထူးစိတ်ဝင်စားဖွယ်ရာ တွေ့ရှိ ရသည်။ ရှေးမြန်မာဘုရင်များ၏ လက်ထက်၌ ဒေဝါလီခံခြင်း ဥပဒေများရှိခဲ့သည်ဟု သိရှိသူများ အလွန်ပင် နည်းပါးလှပေ သည်။ သို့အတွက် မြန်မာဘုရင်များ၏ ဥပဒေထုံးတမ်းကို သိသင့်သိထိုက်သမျှ အကျဉ်းအားဖြင့် ဤနေရာတွင် ဖော်ပြရ ပေမည်။

မြန်မာသက္ကရာဇ် ၉၉၁ ခုနှစ်တွင် နန်းတက်သော အင်းဝ ဘုရင် သာလွန်မင်းတရားကြီး လက်ထက်တော်မှစ၍၊ ယခု အခေါ်အားဖြင့် ဒေဝါလီခံခြင်း တရားဥပဒေ၊ မြန်မာ ဝေါဟာရ အားဖြင့် မြီတလင်းလှည်းတရား၊ မြီးတောင်ခွဲတရားတို့၏ အရိပ်အမြွက်တို့ကို ဓမ္မသတ်စာစောင်တို့နှင့် အမိန့်တော်ပြန် တမ်းတို့တွင် တွေ့ရှိရပေသည်။ ထိုတရားများ၏ အကျယ်ကိုမူ၊ မြန်မာသက္ကရာဇ် ၁၁၁၅ ခုနှစ် ရွှေဘိုမြို့၌ ထီးနန်းစိုက်တော်မူ သော အလောင်းမင်းတရားကြီးလက်ထက်တော်၌ ကျုံးဝန် ဘုမ္မ ဇေယျပြုစုသော မနုကျယ်ဓမ္မသတ်တွင် ရှင်းလင်း ဖော်ပြထား သည်ကို တွေ့ရ၏။ မှတ်သားသင့် မှတ်သားထိုက်သော ကိစ္စ ဖြစ်သဖြင့်၊ မနုကျယ်ဓမ္မသတ်မှ သက်ဆိုင်ရာ ကောက်နုတ်ချက် တို့ကို ပြန်လည်တင်ပြပေအံ့။

မြီတလင်းလှည်းတရား 'မြတ်သောမင်းကြီး၊ မြီတလင်းလှည်းတရားမှာ မြီအများ အင်မတန်၊ ဆွေးမျိုးဉာာတိမယ်နိုင်၊ အဆွေဉာာတိ မရှိဖြစ်လျှင်၊ မြီစားက အရှင်ကိုလျှောက်ထား၍ အရှင်မင်းဧကရာဇ်က မြီရှင် များသို့ အရင်းပေးစေ၊ ချင်းအရှင် မင်းဧကရာဇ်က ချင်းကို အရင်းအနှီးပေး၍ ကုန်စလယ်၊ သင်္ဘောသွားစေ၊ ချင်း သုံးနှစ် တိုင်မှ၊ အရှင် မင်းဧကရာဇ်က၊ အရင်းအတိုင်းသိမ်းခြင်း၊ သင်္ဂဟဝတ္ထုနှင့်ထောက်၍ ပြုစုရသေး၏။ ထိုကဲ့သို့ပြုရန် ထို မြီစား၌ အတတ်ပညာမရှိ၊ စွမ်းပကား ခွန်အားလည်း မရှိဖြစ် လျှင် ပြည်ရှင်မင်းက မြီရှင်တစ်စုတို့ကိုခေါ်၍ ရဟန်းပုဏ္ဏားတို့ ရှေ့၊ ထိုမြီစားကို ဝတ်ဖြူဝတ်စေပြီးလျှင်၊ ရဟန်းသူတော်တို့ ပရိတ်ရွတ်စေ၍၊ ငါလည်း သင့်မယား၊ သားသမီး ယခုရှိသမျှ အသက်တွင် ဘေးမဲ့ပေးတော်မူသည်။ မင်းတို့မြီရှင်တစ်စုလည်း ချမ်းသာပေးကြ မိန့်တော်မူ၍၊ ခရုသင်းရေစင်၊ စည်တီးမှုတ်၍ အနုမောဒနာပြုခြင်းသည်၊ မြီတလင်းလှည်းမည်၏။ ထိုမြီ စား တော်လှန်၍၊ သူဌေးအရာ ရောက်သော်လည်း၊ မတောင်းရပြီ၊ ရတတ်၍ ပေးသော်လည်း မယူသင့်ပြီ၊ သံသရာအကြောင်း ရောက်လေပြီးသည်။ ဤကဲ့သို့ အခြင်းအရာကို၊ အရှင်ဧကရာဇ် မှတပါး၊ ပြုထိုက်ပြုပိုင်သူ မရှိ၊ အရှင်သာ ပြုထိုက်သတည်း။'

မြီးတောင်းခွဲတရား 'မြတ်သောမင်းကြီး၊ မြီးတောင်းခွဲဟူသည်ကား၊ မြီရှင်တကာ တို့၊ ထိုမြီစားတွင်ရှိရှိသမျှ သက်ရှိသက်မဲ့ကို ပြတ်၍၊ တစ်ဦးဦး ဝယ်ခြင်းငှာ မဝယ်သာ၊ မြီရှင်မဟုတ်၊ ရွာအုပ်သူကြီး၊ အကြီး အဓိကဖြစ်လောက် သောသူ၊ ပြည့်စုံကံတန်သောသူတို့၊ မြီစား နှင့် မြီရှင်တကာချည်းရောက်၍၊ ပြတ်ရာအဘိုးကို၊ ပေးဝယ် စေပြီးလျှင်၊ မြီနည်း၊ မြီများ၊ ဝေ၍ယူခြင်းသည် သူဆင်းရဲတို့ ကျင့်ရာသည်ဟူ၏။ ထိုကဲ့သို့ နည်းများခွဲဝေပြီးလျှင်၊ နောက် တော်လှန်၍ သူကောင်းထင်ရှားဖြစ်လည်း မြီရှင်တကာ မတောင်းရာလွတ်စေ၊ ထိုတော်လှန်သည့် မြီစားရတတ်၍၊ သံသရာ မြီပါမည်စိုးသောကြောင့်ဆပ်လျှင်၊ ဆပ်သမျှကိုပင် မြီရှင်တကာခံရ၏။

သက်ဆိုင်ရာတရားရုံးတော်၌ မြီရှင်၏ လျှောက်ထားချက်ဖြင့် ၎င်း မြီစား၏လျှောက်ထားချက်ဖြင့်၎င်း၊ မြီစားတစ်ဦးသည် ဒေဝါလီအဖြစ်သို့ ရောက်နိုင်၏။ မြီစားဖြစ်သူက မိမိသည် ကျပ်ငါးရာထက် မနည်းသော ကြွေးမြီတင်လျက်ရှိပါ၍၊ ထို ကြွေးမြီကို ပေးဆပ်နိုင်ရန် အခြေမရှိပါဟု၎င်း၊ သို့တည်းမဟုတ် မိမိအား ကြွေးရှင်တစ်ဦးဦးက လျှောက်ထားချက်အရ၊ ကြွေး မြီအတွက် အကျဉ်းခံနေရပါသည်ဟု၎င်း၊ အကြောင်းပြချက်ဖြင့် မိမိကိုယ်ကိုမိမိ ဒေဝါလီဖြစ်စေရန် လျှောက်ထားနိုင်သည်။

မြီရှင်တစ်ဦးကဖြစ်စေ အများပူးပေါင်း၍ဖြစ်စေ၊ မြီစားအား ဒေဝါလီဖြစ်စေရန် လျှောက်ထားနိုင်ရန် လိုအပ်သည့်အချက်တို့ မှာ လျှောက်ထားသူမြီရှင်တို့အား မြီစားက ပေးဆပ်ရန်ရှိသော ကြွေးငွေမှာ ကျပ်ငါးရာထက်မနည်းဖြစ်၍၊ ထိုကြွေးမြီ၏ ပမာဏကို အတိအကျ သတ်မှတ်ပိုင်းခြားပြီးလျှင် မြီစားသည် မြီရှင်တို့ လျှောက်လွှာတင်သွင်းသည့်နေ့မှ နောက်ပြန်ရေတွက် သော် သုံးလအတွင်း ဒေဝါလီပြုခံထိုက်သော အပြုအမူတစ်ရပ် ရပ်ကို ကျူးလွန်ခဲ့ရမည်ဖြစ်သည်။ မြီစားသည် မိမိပိုင် ပစ္စည်း အားလုံးဖြစ်စေ၊ အားလုံးထက် အနည်းငယ်လျော့၍ဖြစ်စေ၊ မိမိ ကပေးဆပ်ရန်ရှိသော ကြွေးမြီများကို မြီရှင်များအကျိုးငှာ လူ တစ်ဦးတစ်ယောက်ကို လွှဲပြောင်းပေးခဲ့လျှင်၎င်း၊ သို့တည်း မဟုတ် မိမိ၏မြီရှင်တို့အား ကြွေးမြီမဆပ်နိုင်ရန် ရည်ရွယ် လျက်၊ မိမိပိုင်ပစ္စည်းတစ်ရပ်ရပ်ကို ကောက်ကျစ်စဉ်းလဲစွာဖြင့်၊ သူတပါးသို့ လွှဲပြောင်းပေးခဲ့လျှင်၎င်း၊ သို့တည်းမဟုတ် မြီရှင် တို့အား ရှောင်ရှားလို၍၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားလျှင ်သော်၎င်း၊ သို့တည်းမဟုတ် မိမိ၏နေအိမ် အလုပ်ဌာနတို့မှ ဖဲခွာရှောင်ကြဉ်နေလျှင် သော်၎င်း၊ မြီရှင်များ မရှာဖွေ မတွေ့နိုင်စေရန် ဖုံးကွယ်၍နေလျှင်သော်၎င်း၊ သို့တည်း မဟုတ် ကြွေးမြီအတွက် လူကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ၊ ဝါးရမ်းဖမ်းခြင်း ခံရလျှင်သော်၎င်း၊ ထိုမြီစားအား မြီရှင်တို့က ဒေဝါလီပြုပိုင်သော အပြုအမူကို ကျူးလွန်သည်မည်၏။

သက်ဆိုင်ရာ အာဏာပိုင်ရုံးတစ်ရပ်ရပ်က ဒေဝါလီဖြစ်စေဟု သတ်မှတ်ခဲ့လျှင် မြီစား၏ သက်ရှိသက်မဲ့ ပစ္စည်းတို့ကို ပစ္စည်း ထိန်းက သိမ်းယူရ၏။ မြီစားက ကောက်ကျစ်စဉ်းလဲမှုဖြင့် သူတပါးသို့ လွှဲပြောင်းထားသော ပစ္စည်းတို့ကိုလည်း ပစ္စည်း ထိန်းက သိမ်းယူပိုင်၏။ ဤသို့ ပစ္စည်းအရပ်ရပ်ကို သိမ်းယူ ပြီးနောက်၊ မြီရှင်တို့အား ထိုပစ္စည်းများမှ ရောင်းချရငွေဖြင့်၊ အချိုးကျ ပေးဆပ်ရသည်။ ထိုသို့ ပြုလုပ်နေသည့်အတွင်း မြီစားအား မြီရှင်တို့က အရေးယူပိုင်ခွင့် မရှိတော့ဘဲ၊ ယေဘုယျ အားဖြင့် ကန့်သတ်ထားသောအချိန် ကျော်လွန်သည့်အခါ၌ မြီစားသည် မိမိ၌တင်ရှိခဲ့သော ကြွေးမြီများကို မိမိ၏ပစ္စည်းတို့ နှင့် ပစ္စည်းထိန်းမှတဆင့် မြီရှင်တို့အား အပြေအလည်ပေးချေ နိုင်သည်ဖြစ်စေ၊ မပေးချေနိုင်သည်ဖြစ်စေ၊ လွတ်ကင်းခွင့်ကို ရုံး တော်၌ လျှောက်ထားတောင်းခံနိုင်၏။ ထိုအခါ ရုံးတော်က မြီ စား၏အပြုအမူ အလုပ်အကိုင်တို့ကို အထောက်အထားပြုလျက် လွတ်ကင်းခွင့်ကို ပေးသင့်သောအမှုဖြစ်က ပေးနိုင်၏။ သို့ တည်းမဟုတ် ရက်လဖြစ်စေ၊ စည်းကမ်းသတ်ဖြင့်ဖြစ်စေ၊ ကန့် သတ်လျက်၊ ကင်းလွတ်ခွင့်ကိုပေးနိုင်၏။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)