ဒန်တီ ဂေဗရီယယ် ရိုဆက်တီ

ဝီကီပီးဒီးယား မှ
Dante Gabriel Rossetti
Dante Gabriel Rossetti by George Frederic Watts.jpg
Portrait of Dante Gabriel Rossetti c. 1871, by George Frederic Watts
မွေးဖွား(1828-05-12)၁၂ မေ၊ ၁၈၂၈
လန်ဒန်, အင်္ဂလန်။
ကွယ်လွန်၉ ဧပြီ၊ ၁၈၈၂(1882-04-09) (အသက် ၅၃)
Birchington, Kent, England
အလုပ်အကိုင်Poet, illustrator, painter

လက်မှတ်

အင်္ဂလိပ် ကဗျာစာဆိုနှင့် ပန်းချီဆရာ ဒန်တီ ဂေဗရီ ယယ်ရိုဆက်တီကို စာပေလောကတွင် ဒီ၊ ဂျီ၊ ရိုဆက်တီ ဟူသော ကလောင်အမည်ဖြင့် လူသိများသည်။ သူ၏နာမည် ရင်းမှာ ဂေဗရီယယ်ချား ဒန်တီရိုဆက်တီ ဖြစ်သည်။

ဖခင်ဖြစ်သူသည် လန်ဒန်မြို့ ဘုရင့်ကောလိပ်မှ အီတာလျှံစာပေ ပါမေက္ခ ဂေဗရီယယ် ရိုတက်ဆီ ဖြစ်သည်။ ဂေဗရီယယ် ရိုတက်ဆီသည် အီတာလျံလူမျိုး မျိုးချစ်ပုဂ္ဂိုလ် တစ်ဦး ဖြစ်၍ အီတလီနိုင်ငံမှ အင်္ဂလန်ပြည်သို့ ထွက်ပြေးလာ ရသူ ဖြစ်သည်။ ထို့ပြင် ကိုယ်တိုင်ကလည်း ကဗျာစာဆိုကြီး ဖြစ်ရုံမက အီတာလျံစာဆိုကြီး အလီဂျာရီဒန်တီ၏ စာပေများကို ဝေဖန်သည့် စာပေများကို ရေးသားခဲ့သူလည်း ဖြစ်သည်။

ထိုကြောင့် သူ၏သားသမီး လေးယောက်စလုံးလိုပင် ဘမျိုးဘိုး တူ စာပေအနုပညာဖြင့် ထင်ရှားကြသည်ချည်း ဖြစ်သည်။ အထင်ရှားဆုံးကား ဒီ၊ ဂျီ၊ ရိုဆက်တီ၊ နှမခရစ္စတီနာဂျော်ဂျီနာ ရိုဆက်တီ၊ ညီ ဝီလျံမိုက်ကယ် ရိုဆက်တီတို့ ဖြစ်ကြသည်။ ဒီ၊ ဂျီ၊ ရိုဆက်တီကို ၁၈၂၈ ခုနှစ် မေလ ၁၂ ရက်နေ့ တွင် လန်ဒန်မြို့၌ ဖွားမြင်သည်။ ငယ်စဉ်က အိမ်၌ပင် စာသင် ၍ အသက်ကိုးနှစ်နှင့် ၁၄ နှစ်ကြားတွင် ဘုရင့်ကောလိပ် ကျောင်း၌ တက်ရောက်သင်ယူသည်။ ဘုရင့်ကောလိပ်ကျောင်း၌ နေစဉ် ပုံဆွဲပညာကို ကောင်းစွာသင်ခဲ့ရ၍ ကောလိပ်ကျောင်းမှ ထွက်ပြီး နောက် ၁၈၄၈ ခုနှစ်တွင် တော်ဝင် အနုပညာတံခွန် အသင်း ကျောင်းသို့ တက်ရောက်ကာ အနုပညာများကို လေ့ လာယင်းပင် ဒန်တီအစရှိသော အီတာလျံ စာဆိုကြီးများ၏ ကဗျာများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့၍ ရိုဆက်တီသည် ပန်းချီထက် ကဗျာဘက်တွင် ပိုမိုထူးချွန်ကြောင်း ထင်ရှားစေ ခဲ့သည်။ ရိုတက်ဆီသည် အသက်ငါးနှစ် အရွယ်ကပင် ပြဇာတ် ရေး၍ အသက် ၁၆ နှစ်အရွယ်တွင် ဝတ္ထုရေးသားခဲ့ကြောင်းဖြင့် ဆိုသည်။ ၁၆ နှစ်အရွယ်က ရေးသားခဲ့သော ဝတ္ထုကို သူ၏ အဘိုးက ပုံနှိပ်ခဲ့သည်။ ၁၈၄၇ ခုနှစ်တွင် သဗလက်ဆက် ဒမိုးဆဲကဗျာကြီးကို ရေးသားသည်။ ၁၈၄၈ ခုနှစ်တွင် ဖို့ မဒေါ့ဗရောင်းဆိုသူ ပန်းချီကျော်ထံတွင် ပညာယူယင်း ဝင် ရောက် လုပ်ကိုင်နေစဉ် ဟိုလမန်ဟန့်၊ ဂျွန် အက်ဗာရက် မိလေးဆိုသူ ပန်းချီဆရာ နှစ်ဦးသည် ပရီရက်ဖီယယ်လိုက် အနုပညာရှင် ဂိုဏ်းတဂိုဏ်းကို တည်ထောင်လိုက်ကြသည်။


ထိုဂိုဏ်းဝင်တို့သည် စာပေ ကျမ်းဂန်လာအကြောင်းရပ်များကို သစ်လွင် သောရောင်စုံတို့ဖြင့် အသေးစိတ်၌ တိကျမှန်ကန်လေအောင် ပန်းချီရေးခြယ် ကြသည်။ ၁၈၆ဝ ပြည့်နှစ်တွင် ရိုဆက်တီသည် ပန်းချီဆရာမနှင့် စာရေးဆရာမ အယ်လစ်ဇဗက် အလီနာဆစ်ဒဲဆိုသူနှင့် လက် ထပ်သည်။ ရိုဆက်တီ၏ ဗီအားထရစ်ပုံနှင့် မိလေး၏ ဩဖေလီ ယားပုံ ပန်းချီများအတွက် အယ်လစ်ဇဗက်ကို ပန်းချီဟန်ပြမယ် အဖြစ်ထားကာ ရေးဆွဲခဲ့လေသည်။ ၁၈၆၂ ခုနှစ်တွင် မစ္စစ်ရို ဆက်တီ ကွယ်လွန်သောအခါ သူ့အားရည်ညွှန်း ရေးသားသော ကဗျာများကို ခင်ပွန်းဖြစ်သူ ရိုဆက်တီက အလောင်းနှင့်အတူ ကြေကွဲစွာ ထည့်သွင်းမြှုပ်နှံလိုက်လေသည်။

၁၈၆၇ ခုနှစ်တွင် ရိုဆက်တီသည် ကောင်းစွာ မကျန်းမမာ ဖြစ်လာ၍ ၁၈၈၁ ခုနှစ်တွင် ကိုယ်တခြမ်း သေသွားကာ ၁၈၈၂ ခုနှစ် ဧပြီလ ၁ဝ ရက်နေ့တွင် ဗာချင်တန်မြို့၌ ကွယ်လွန်သည်။

ဒီ၊ ဂျီ၊ ရိုဆက်တီ၏ ထင်ရှားသော ပန်းချီလက်ရာ အချို့ မှာ 'အက်ချီအန်ဆီလာ ဒိုမီနီ (၁၈၅ဝ)'၊ 'ဗီအက်တာ ဗီအား ထရစ် (၁၈၆၃)'၊ 'ပါအိုလိုနှင့် ဖရန်ဆက်စကာ'၊ 'ဒန်တီ၏ အိပ်မက် (၁၈၈၁)'၊ 'ဗောဂျ' စသည်တို့ ဖြစ်သည်။ သို့ရာတွင် သူ၏ပန်းချီလက်ရာများထက် သူ၏စာပေလက်ရာများက ပို၍ ကျော်ကြား လေသည်။ ရိုဆက်တီ၏ ထင်ရှားသော စာပေ လက်ရာသည် ၁၈၆၁ ခုနှစ်တွင် ရပ်စကင်၏ အကူအညီဖြင့် ထုတ်ဝေခဲ့သော 'ရှေးခေတ် အီတာလျံစာဆိုကြီးများ' (နောင် 'ဒန်တီနှင့် သူ၏အသိုင်းအဝိုင်း'ဖြစ်လာသည်။) ခေါ် ဘာသာပြန်စာအုပ်နှင့် ၁၈၇ဝ နှင့် ၁၈၈ဝ ပြည့်နှစ်များတွင် ထုတ်ဝေသော ဗဲလက်နှင့် ဆွန်းနက်ကဗျာစာအုပ်များ ဖြစ်သည်။

ဒီ၊ ဂျီ၊ ရိုဆက်တီနည်းတူ ညီဖြစ်သူ ဝီလျံမိုက်ကယ် ရိုဆက်တီ (၁၈၂၉-၁၉၁၉)နှင့် နှမဖြစ်သူ ခရစ္စတီနာ ဂျော်ဂျီ နာရိုဆက်တီ (၁၈၃ဝ-၁၈၉၄)တို့သည်လည်း စာပေနယ်တွင် ကျော်ကြားသူများ ဖြစ်ကြ သည်။ ဝီလျံ ရိုဆက်တီသည် 'စာဆိုကျော်များ အတ္ထုပ္ပတ္တိ' (၁၈၇၈)၊ 'ကိအတ္ထုပ္ပတ္တိ' (၁၈၈၇)၊ 'ဒီ၊ ဂျီ၊ ရိုဆက်တီ အတ္ထုပ္ပတ္တိ' (၁၈၉၅) စသည်တို့ကို ရေးသားခဲ့သည်။ ခရစ္စတီနာ ရိုဆက်တီမှာမူ ကလေးချော့ ကဗျာနှင့် သီချင်းများ၊ အယူဝါဒရေးဆိုင်ရာ ကဗျာများကို အများဆုံး ရေးခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)