ဒက္ခိဏသာခါရုပ်ပွားတော်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဒက္ခိဏသာခါရုပ်ပွားတော်

ဒက္ခိဏသာခါရုပ်ပွားတော် သည် ဗုဒ္ဓဘုရားရှင်ကို ရည်မှန်း၍ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပြုလုပ်ကိုးကွယ်ကြသည့် ရုပ်ပွားတော်တစ်မျိုး ဖြစ်၏။[၁]

ပေါ်ပေါက်လာပုံ[ပြင်ဆင်ရန်]

ဒက္ခိဏသာခါ၏ မြန်မာပြန် အဓိပ္ပါယ်သည် တောင်အကိုင်း ဖြစ်၏။ ဘီစီ (၃) ရာစုတွင် သီဟိုဠ်ကျွန်းသားတို့သည် မဟာဗောဓိညောင်ပင်၏ လက်ယာတောင်ကိုင်းကို ဖြတ်ယူကာ သီဟိုဠ် (ယခု - သီရိလင်္ကာနိုင်ငံ) တွင် စိုက်၏။ ထိုစိုက်ပျိုးထားသော အပင်မှ အသားတို့ဖြင့် ရုပ်ပွားတော်များ ပြုလုပ်ကာ ကိုးကွယ်၏။[၁]

ပုံပန်းသဏ္ဌာန်[ပြင်ဆင်ရန်]

ခေါင်းအထက်တွင် ကြာပန်းဆောင်းထား၏။ ဟိုးယခင်က ရုပ်ပွားတော်ကို အချိုးအစား ပြေပြေပြစ်ပြစ် ပြုလုပ်ခဲ့ကြသည်။[၁]

ဦးခေါင်းထက် ကြာပန်းဆောင်းခြင်း[ပြင်ဆင်ရန်]

ဒက္ခိဏသာခါရုပ်ပွားတော်သည် မဟာယာနကျမ်းတို့နှင့် ဆက်နွှယ်နေ၏။ မဟာယာနကျမ်းတို့တွင် ဖော်ပြထားသည်မှာ "တစ်ခုသောအချိန်တွင် ကောသလမင်းကြီးနှင့် မလ္လိကာတို့သည် ဘုရားရှင်အား ဖူးမြော်ရန် ရောက်လာ၏။ ဘုရားရှင် မရှိခိုက် အချိန် ဖြစ်၏။ ထိုအခါ ရှင်မောဂ္ဂလန်သည် တန်ခိုးဖြင့်ရှာရာ မြတ်စွာဘုရားသည် ကြာမျိုး (၅) ပါး ပြည့်စုံသော အနောတတ္တအိုင်၏ ကြာပွင့်ကြီးပေါ်တွင် ဈာန်ဝင်စားနေ၏။ ကန်စောင့်နတ် (၉) ဦးသည် ဘုရားရှင်အား ကြာပွင့်ထီးတစ်လက်စီဖြင့် မိုးပေးလေ၏။ ထိုမြင်ကွင်းကို ရှင်မောဂ္ဂလန်က ဘုရင်နှင့် မိဖုရားကို ပြန်ပြောပြ၏။ မင်းနှင့် မိဖုရားလည်း ဘုရားရှင်၏ ပုံပန်းသဏ္ဌာန်ကို မြင်ယောင်၍ ကြည်ညိုလာ၏။ ထို့နောက် ရှင်မောဂ္ဂလန်အား ထိုပုံစံကဲ့သို့ ရုပ်ထုကိုးကွယ်လိုကြောင်း လျှောက်ထားရာ ခွင့်ပြုလေ၏။ ခွင့်ပြုသဖြင့် ထိုပုံစံဖြင့် ပြုလုပ်ကိုးကွယ်ခဲ့သည်။" ဟု ဖော်ပြထား၏။ ထိုအဖြစ်ကို ကြည့်ပါက ဒက္ခိဏသာခါရုပ်ပွားတော်သည် မဟာယာနတို့က စတင်ကာ ပြုလုပ်ကိုးကွယ်ခဲ့သည်ဟု မှတ်ယူနိုင်၏။[၁]

နောက်ပိုင်း ပုံသဏ္ဌာန်များ[ပြင်ဆင်ရန်]

နောက်ပိုင်းတွင် ရုပ်ပွားတော်သည် ပုံစံအမျိုးမျိုး ပြောင်းလဲလာခဲ့၏။ ရုပ်ပွားတော်တွင် မှိုကိုးချက်ရိုက်ကာ ပြုလုပ်လာကြသည်။ ထို့ပြင် ရုပ်ပွားတော်အား ပုအိုင့်ခြင်း၊ လည်ကုပ်တိုခြင်း အစရှိသည့် ပုံစံတို့ပြုလုပ်လာကြသည်။ ဘုရားရှင်သည်လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် ပြည့်စုံခြင်းဟူသည့် ဂုဏ်ကို အလေးမမူဘဲ ရုပ်ပွားတော်များ ပြုလုပ်ခြင်းသည် မသင့်လျော်ပေ။[၁]

မြန်မာနိုင်ငံတွင် ကိုးကွယ်ခြင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၇၈၈ မိုးညှင်းမင်းတရားလက်ထက်တွင် ဖြစ်၏။ သီဟိုဠ်မှ ဒက္ခိဏသာခါရုပ်ပွားတော် (၃၀၀) ကျော် မြန်မာနိုင်ငံသို့ ရောက်လာခဲ့သည်။ ထိုအခါမှစကာ မြန်မာနိုင်ငံတွင် ဒက္ခိဏသာခါရုပ်ပွားတော်ကိုးကွယ်မှု စတင်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ရေစကြို အရှင်ဧသိက. ထေရဝါဒဗုဒ္ဓဘာသာ, ၈၇၊ ၈၈။