ထွန်းရှိန်၊ ဦး
ထွန်းရှိန်၊ ဦး။ (မြန်မာ ၁၂၅၂-၁၂၈၂)
[ပြင်ဆင်ရန်]တခေတ်က မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ဖေ၊ ပု၊ ရှိန် ဟူသောအမည်သည် လွန်စွာထင်ရှားခဲ့သည်။ ဖေနှင့်ပု မှာ ဦးဘဖေနှင့် ဦးပုတို့ဖြစ်၍ ရှိန်ကား ဦးထွန်းရှိန်ဖြစ်သည်။ ဦးထွန်းရှိန်ကို မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ် ပြာသိုလဆန်း ၄ ရက်နေ့တွင် ပုသိမ်မြို့၌ ဖွားမြင်သည်။ မိဘများမှာ ဦးမောင် ကြီး၊ ဒေါ်ခင်ဖြစ်၏။ မွေးချင်းပေါက်ဖော် ၇ ယောက်ရှိသည့် အနက်၊ ဦးထွန်းရှိန်သည် စတုတ္ထမြောက်သားဖြစ်သည်။ ငယ် ရွယ်စဉ် သုံးလေးနှစ်သားအရွယ်တွင် မောင်တာရဲဟူသောအမည် တွင်ခဲ့သည်။ ထိုစဉ်က မိဘများလည်း ငသိုင်းချောင်းမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြ၏။ ဦးထွန်းရှိန် အသက် ၇ နှစ်သား အရွယ်တွင် ငသိုင်းချောင်းမြို့၌ အဖဦးမောင်ကြီး ကွယ်လွန်ခဲ့ သည်။ ထိုအခါ အမိဖြစ်သူသည် သားသမီးများကို အုပ်ထိန်း လျက်၊ ပုသိမ်မြို့သို့ ပြန်လည်ပြောင်းရွှေ့ နေထိုင်ခဲ့၏။ ဦးထွန်း ရှိန်သည် ပုသိမ်မြို့ အစိုးရအထက်တန်းကျောင်း၌ ပညာဆက် လက်သင်ယူခဲ့ရ၏။ အစိုးရအထက်တန်းကျောင်းမှ သတ္တမတန်း စာမေးပွဲကို အောင်မြင်သောအခါ၊ ဦးထွန်းရှိန်သည် ပညာသင် ဆုကို ရရှိခဲ့သည်။ ထိုနောက် အဌမတန်းနှင့် နဝမတန်းတို့ကို တစ်နှစ်တည်းဖြင့် ဖြေဆိုအောင်မြင်ခဲ့လေသည်။
အသက် ၁၇ နှစ်အရွယ် (၁၂၆၉ ခုနှစ်ခန့်)၌ ဦးထွန်းရှိန် သည် ရန်ကုန်ကောလိပ်ကျောင်းတွင် ဆက်လက် ပညာသင်ခဲ့ ရာ၊ အသက် ၂၁ နှစ်အရွယ်တွင် ဝိဇ္ဇာတန်းအောင်လေ သည်။ ဦးထွန်းရှိန်သည် ကောလိပ်ကျောင်း၌ ပညာသင်စဉ်၊ ရန်ကုန်မြို့ အပျော်တမ်း လက်နက်ကိုင်စစ်တပ်သို့လည်း ဝင်ခဲ့ သည်။ ဦးထွန်းရှိန် အမှုထမ်းခဲ့သောတပ်စုမှာ ဂျီတပ်စုဖြစ်၍၊ ဥရောပတိုက်သားများသာ ဝင်ခွင့်ရ၏။ ထိုကြောင့် ဦးထွန်းရှိန် သည် တီ၊ အို၊ ရှိန်းဟူသော ဥရောပတိုက်သား အမည်ကို ခံယူ၍ ဝင်ခဲ့လေသည်။
ကောလိပ်၌ စာသင်နေစဉ်အတွင်း၌ပင် ဦးထွန်းရှိန်သည် ကိုယ်လက်ကြံ့ခိုင်ရေးကို လိုက်စားခဲ့၏။ ကစား ခုန်စားအမျိုး မျိုးတွင် အလွန်ဝါသနာပါသည့်အပြင်၊ လက်ဝှေ့ထိုးခြင်းကို လည်း အတော်အတန်ကျွမ်းကျင်၏။ ဝိဇ္ဇာတန်း နောက်ဆုံးနှစ် တွင် ဦးထွန်းရှိန်သည် နိုင်ငံရေးကို စတင်လိုက်စားလာခဲ့၏။
ရန်ကုန်ကောလိပ် ဗုဒ္ဓဘာသာအသင်း၌လည်း ဦးထွန်းရှိန်သည် အမျိုးသားဆိုင်ရာ တရားတို့ကို ဟောပြောလေ့ရှိသဖြင့် ထင်ရှား လာလေသည်။ ကောလိပ်ကျောင်းမှ ထွက်ပြီးနောက်၊ ဦးထွန်း ရှိန်သည် ရန်ကုန်မြို့ အစိုးရအထက်တန်းကျောင်း၌ တစ်နှစ် ကျော်ကျော်မျှ ကျောင်းဆရာဝင်လုပ်လေသည်။ ထိုနောက် မန္တလေးသို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟ ကျောင်းကြီး၏ ကျောင်းအုပ် ဆရာကြီးအဖြစ်နှင့် ပြောင်းရွှေ့ရ၏။
မန္တလေး၌နေထိုင်စဉ် ဦးထွန်းရှိန်သည် ဗုဒ္ဓသာသနာ့နုဂ္ဂဟ ကျောင်းကို ကြီးပွားအောင် ဆောင်ရွက်ခဲ့၏။ ထို့ပြင် ဝိုင်၊ အမ်၊ ဘီ၊ အေ အသင်း၏ အထွေထွေအတွင်းရေးမှူးအဖြစ်၎င်း၊ မန္တလေးကျောင်းဆရာများအသင်း၏ အထွေထွေအတွင်းရေးမှူး အဖြစ်၎င်း၊ မြန်မာလူငယ်များ ပေါင်းသင်းဆက်ဆံရေးအသင်း ၏ ဒုတိယဥက္ကဋ္ဌအဖြစ်၎င်း၊ ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်းသား ဟောင်းအသင်း၏ တည်ထောင်ကြည့်ရှုသူအဖြစ်၎င်း၊ မြန်မာ ပြည် လက်မှုပညာအသင်း၏ အတွင်းရေးမှူးအဖြစ်၎င်း၊ သုစရိ တယုဝအသင်း၏ အားပေးကြည့်ရှုသူအဖြစ်၎င်း ဆောင်ရွက်ခဲ့ လေသည်။
ဦးထွန်းရှိန်သည် ၁၂၇၇ ခုနှစ် တပို့တွဲလ၌ သံတော်ဆင့် မင်း ဦးဘိုးကြွယ်၊ ဒေါ်ခင်ခင်နှစ်တို့၏ သမီး ခင်ခင်ညွန့်နှင့် ထိမ်းမြားလက်ထပ်သည်။ ဇနီးဖြစ်သူ ခင်ခင်ညွန့်နှင့် လေးနှစ် ကျော်မျှသာပေါင်းသင်းရပြီးနောက် အိမ်ထောင်ကွဲသွားလေသည်။ ထိုနောက် ၁၂၈၂ ခုနှစ် နယုန်လတွင် မြန်မာညွန့်ကုမ္ပဏီပိုင်ရှင် ဦးသန့်၊ ဒေါ်ပွင့်တို့၏သမီး မသန်းညွန့်နှင့် ဒုတိယအကြိမ် ထိမ်းမြားလက်ထပ်သည်။ ထိမ်းမြားလက်ထပ်ပြီး၍ တစ်လ မပြည့်မီတွင်ပင်၊ ဦးထွန်းရှိန် ကွယ်လွန်၏။ ပထမဇနီးဖြင့် သားသမီးလေးယောက် ထွန်းကားခဲ့သော်လည်း တစ်ယောက်မျှ အဖတ်မတင်ခဲ့ချေ။ ဒုတိယဇနီးနှင့်ကား သားသမီးတစ်ယောက် မျှ ထွန်းကားခြင်းမရှိခဲ့ပေ။
၁၉၁၈ ခုနှစ် (၁၂၈ဝ ပြည့်နှစ်)တွင် အိန္ဒိယပြည် အုပ်ချုပ် ရေး ပြုပြင်ပြောင်းလဲရန် မွန်တေဂူချမ်းစဖို့ စီမံကိန်းရေးဆွဲသော အခါ မြန်မာပြည်အတွက် ဘာမျှမပါရှိချေ။ သို့သော် မြန်မာ ပြည်အတွက်စီမံကိန်းကို မြန်မာပြည်ဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါ့က ရေးဆွဲခဲ့လေသည်။ ထိုစီမံကိန်းကို မြန်မာတို့က မနှစ်သက်၍၊ တစ်နိုင်ငံလုံး ဆူပူကန့်ကွက်ကြ၏။ ထို ကြောင့် ၁၉၁၉ ခုနှစ် (၁၂၈၁ ခုနှစ်) မေလ ၁၈ ရက်နေ့တွင် ဝိုင်၊ အမ်၊ ဘီ၊ အေ အသင်းကြီးသည် ဦးဘဖေ၊ ဦးပုနှင့် ဦးထွန်းရှိန်တို့ကို အင်္ဂလန်သို့စေလွှတ်ကာ အရေးဆိုရန် ဆုံး ဖြတ်သဖြင့် ၁၉၁၉ ခုနှစ် ဇူလိုင်လ ၇ ရက် (၁၂၈၁ ခု၊ ဝါဆို လဆန်း ၁၁ ရက်)နေ့တွင် အင်္ဂလန်သို့ ထွက်ခွာသွားကြသည်။ ဂျီ၊ စီ၊ ဘီ၊ အေ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဖေ၊ ပု၊ ရှိန် ဟူသောအမည်လည်း ထိုအချိန်မှစ၍ မြန်မာနိုင်ငံ ရေးလောကတွင် ကျော်ကြားလာခဲ့သည်။
ဦးထွန်းရှိန်အင်္ဂလန်ပြည်၌ရှိနေစဉ် ပညာမင်းကြီးမတ်ဟန်း တားက နိုင်ငံရေးကိုစွန့်လျှင်စွန့်၊ မစွန့်လျှင် ကျောင်းဆရာကြီး အဖြစ်မှ နုတ်ထွက်ရမည်ဟု ဆိုသဖြင့်၊ ဦးထွန်းရှိန်လည်း ကျောင်းဆရာကြိးအဖြစ်မှ နုတ်ထွက်လိုက်လေသည်။
ဦးထွန်းရှိန်သည် ဇွဲဝိရိယကောင်း၏။ အလုပ်တစ်ခုကို ဖြစ် မြောက်ပြီးပြတ်အောင် လုပ်လိုသောသဘောရှိ၏။ စကားပြော လည်းကောင်း၏။ မည်သည့်အရာကိုမဆို ပွင့်လင်းစွာပြော တတ်၏။ သူတစ်ပါး၏ အတင်းအဖျင်းတို့ကို ပြောလည်း မပြော၊ နားလည်ထောင်လေ့မရှိချေ။ အပေါင်းအသင်း ကောင်း သည်နှင့်အမျှ သဒ္ဓါတရားလည်း ထက်သန်၏။ ရှေ့ဆောင် ရှေ့ရွက်ပြုကာ စီမံခန့်ခွဲနိုင်သော သတ္တိထူးလည်း ရှိလေသည်။
ဦးထွန်းရှိန်ပါဝင်သော ဖေ၊ ပု၊ ရှိန် မြန်မာကိုယ်စားလှယ် အဖွဲ့သည် အင်္ဂလန်ပြည်၌ ၇ လမျှကြာခဲ့၏။ သွားရောက်သော ကိစ္စမပြီးပြတ်သေးမီ၊ တိုင်းပြည်၏ အကြံဉာာဏ်များကို ရယူ ဆွေးနွေးရန်အတွက်၊ ထိုအဖွဲ့သားများသည် မြန်မာပြည်သို့ ပြန်လာခဲ့ကြရာ၊ ၁၉၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက် (၁၂၈၁ ခု တပို့တွဲ လဆုတ် ၃ ရက်)နေ့တွင် ပြန်လည်ဆိုက် ရောက်ခဲ့ကြလေသည်။ ဦးထွန်းရှိန်တို့အား မြန်မာနိုင်ငံတဝှမ်း လုံးက ကြီးကျယ်ခမ်းနားစွာ ကြိုဆိုကြလေသည်။
အင်္ဂလန်ပြည်မှ ပြန်ရောက်လာသောအခါတွင် ဦးထွန်းရှိန် သည် အလုပ်အကိုင်မရှိတော့သဖြင့်၊ မြန်မာအသင်းချုပ်ကြီးက တစ်လလျှင် ၃ဝဝ ကျပ်ပေး၍ထား၏။ ထိုအခါ ဦးထွန်းရှိန် သည် မြန်မာနိုင်ငံတဝှမ်းလုံးသို့ လှည့်လည်၍၊ နိုင်ငံရေးတရား များ ဟောကြားလေသည်။ ဦးထွန်းရှိန်၏ နောက်ဆုံး တရားပွဲ ကား ၁၂၈၂ ခုနှစ် နယုန်လဆန်း ၆ ရက်နေ့တွင် ကညွတ် ကွင်းမြို့၌ ဟောသောတရားပွဲဖြစ်သည်။ နယုန်လဆန်း ၇ ရက်နေ့တွင် ဦးထွန်းရှိန် အပြင်းအထန် ဖျားလေတော့သည်။
ဆရာဝန် ဆူဇူကီးဆေးတိုက်သို့တင်ကာ ကုသပါသော်လည်း၊ သက်သာခြင်းမရှိဘဲ၊ ယင်းနယုန်လထဲ၌ပင် ကွယ်လွန်လေ သည်။ ထိုသို့ ကွယ်လွန်သောအခါ ဦးထွန်းရှိန်သည် အသက် ၃ဝ အရွယ်မျှသာ ရှိသေးသည်။ အသုဘအခမ်းအနားကို ၁၂၈၂ ခုနှစ် နယုန်လဆုတ် ၅ ရက်နေ့တွင် မြန်မာအသင်းချုပ်ကြီးက ကမကထပြု၍ ဆောင်ရွက်ခဲ့၏။ ဦးထွန်းရှိန်၏ ဈာပနတွင် လိုက်ပို့ကြသော လူထုပရိသတ်မှာ အလွန်များပြားလှပေသည်။
ဦးထွန်းရှိန် ကွယ်လွန်သောအခါ ထိုစဉ်က မစ္စတာမောင်မှိုင်း အမည်ခံ ဆရာကြီးဦးလွန်းသည် အမိမြန်မာပြည်အနေနှင့် အောက်ပါလေးချိုးကို ကြေကွဲဖွယ် ဖွဲ့ဆိုခဲ့လေသည်။ 'ဒေါင်းအမေ ဆွေတမိမှာဖြင့်၊ မကောင်းစေ ဖြေမချိနိုင်ဘု၊ နေမထိ ထိုင်မသာ။ ။ သားတစ်ယောက်ကယ်နှင့် တအား မြောက်ပြီလို့၊ ခါးထောက်ကာ ဟန်ပန်ယူသမို့၊ မြန်ဇမ္ဗူ အမေ့ဘက်တော်သားတွေနှင့်၊ အလျှံတစ်လူလူ အရှေ့ဘက်မနော် ကြွားမဟဲ့လို့၊ ထားမိစိတ်မှာ။ ။ ဗြဟ္မစိုရ်တကယ် ရွယ်ရည် ဟိတ်တွေကြောင့်၊ ကိုယ်စားလှယ် 'ဒယ်လီဂိတ်'ကယ်လို့၊ နယ် ပြည်မိတ်တကွ ကြည်သာတယ်၊ သမ္မတတည်ပါတဲ့ ဇာနည် ဘွား။ ။ တွေ့ကြည့်လျှင်၊ မွေးမိခင် ငါအမေမှာဖြင့်၊ ကြာလေ လေ စိတ်မကောင်းအောင်လို့၊ ခပ်မြန်မြန်နတ်ဌာန် ပြောင်းရော့ သလေး၊ သေမင့်တမန်ကို အမေခွင့်ပန်လို့ တောင်းချင်ရဲ့၊ ဒေါင်းမြေ့ပြေဘွားပေပါ့၊ ကောင်းပေ့မေ့သား။[၁]
တခေတ်က ကျော်ကြားခဲ့သော ဦးထွန်းရှိန်
[ပြင်ဆင်ရန်]တစ်ခေတ်က မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ‘ဖေ၊ ပု၊ ရှိန်’ ဟူသော အမည်သည် လွန်စွာ ထင်ရှား ကျော်ကြားခဲ့သည်။ ‘ဖေ၊ ပု၊ ရှိန်’ ဆိုလျှင် လူကြီး၊ လူငယ်၊ လူရွယ်ပါ မကျန် အားလုံးက သိကြသည်။ ဖေနှင့် ပုမှာ ဦးဘဖေနှင့် ဦးပု ဖြစ်ပြီး၊ ရှိန်မှာ ဦးထွန်းရှိန် ဖြစ်သည်။
ဦးထွန်းရှိန်ကို မြန်မာ သက္ကရာဇ် ၁၂၅၂ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်နေ့တွင် ပုသိမ်မြို့၌ မွေးဖွားသည်။ အဘမှာ ဦးမောင်ကြီး ဖြစ်ပြီး၊ မိခင်မှာ ဒေါ်ခင် ဖြစ်သည်။ မွေးချင်းပေါက်ဖော် ၇ ယောက် ရှိသည်။ ဦးထွန်းရှိန်မှာ စတုတ္ထမြောက်သား ဖြစ်သည်။ ၃၊ ၄ နှစ်သား အရွယ်တွင် ဦးထွန်းရှိန်ကို မောင်တာရဲဟု ခေါ်တွင်ခဲ့ကြသည်။ မောင်တာရဲ၏ မိဘမှာ ထိုစဉ်အခါက ပုသိမ်မြို့မှ ငါးသိုင်းချောင်းသို့ ပြောင်းရွှေ့ နေထိုင်သည်။ မောင်တာရဲ ခေါ် မောင်ထွန်းရှိန် ၇ နှစ်သား အရွယ် အဘဖြစ်သူ ဦးမောင်ကြီးသည် ငါးသိုင်းချောင်းမြို့၌ ကွယ်လွန်သည်။ ထိုအခါ အမိဖြစ်သူ ဒေါ်ခင်သည် သားသမီးများကို အုပ်ထိန်းလျက် ပုသိမ်မြို့သို့ ပြန်လည် ပြောင်းရွှေ့ နေထိုင်ခဲ့သည်။
မောင်ထွန်းရှိန်သည် ပုသိမ်မြို့ အစိုးရ အထက်ကျောင်း၌ ပညာ ဆက်လက် သင်ယူသည်။ အစိုးရ အထက်တန်းကျောင်းမှ သတ္တမတန်း စာမေးပွဲကို ဝင်ရောက် ဖြေဆိုရာ ချောမောစွာပင် အောင်မြင်ခဲ့သည်။ ပညာသင်ဆုကိုပင် ရရှိခဲ့သည်။ ထိုနောက် မောင်ထွန်းချိန်သည် အဋ္ဌမတန်းနှင့် နဝမတန်းကို တနှစ်တည်းဖြင့် ဝင်ရောက် ဖြေဆိုရာ အောင်မြင် ခဲ့ပြန်သည်။
မောင်ထွန်းချိန်သည် အသက် ၁၇ နှစ်အရွယ် (၁၂၆၉ ခုနှစ်ခန့်) ၌ ရန်ကုန် ကောလိပ်ကျောင်းတွင် ပညာ ဆက်လက် သင်ယူခဲ့သည်။ အသက် ၂၁ နှစ် အရွယ်တွင် ဝိဇ္ဇာတန်းကို အောင်မြင်သည်။ ကောလိပ်ကျောင်း၌ ပညာယူစဉ် ရန်ကုန်မြို့ အပျော်တမ်း လက်နက်ကိုင် စစ်တပ်သို့လည်း ဝင်ခဲ့သည်။ မောင်ထွန်းရှိန် အမှုထမ်းခဲ့သော တပ်စုမှာ ဂျီတပ် ဖြစ်သည်။ ယင်း ဂျီးတပ်စုမှာ ဥရောပ တိုက်သားများသာ ဝင်ရောက်ရသော တပ်စု ဖြစ်သည်။ ထို့ကြောင့်ပင် မောင်ထွန်းရှိန်သည် ‘တီ-အို-ရှိန်’ ဟူသော ဥရောပတိုက်သား အမည် ခံယူ၍ ဝင်ခဲ့ရသည်။
ကိုထွန်းရှိန်သည် ကောလိပ်၌ ပညာ ယူနေစဉ် အတွင်း၌ပင် ကိုယ်လက် ကြံ့ခိုင်ရေးကိုလည်း လိုက်စားခဲ့သည်။ ကစားခုန်စား အမျိုးမျိုးကို အလွန် ဝါသနာ ပါသည်။ လက်ဝှေ့ ထိုးခြင်းကိုလည်း ကိုထွန်းရှိန် အတော်အတန် က္ဆွမ်းကျင်သည်။ ဝိဇ္ဇာတန်း နောက်ဆုံးနှစ်တွင် ကိုထွန်းရှိန်သည် နိုင်ငံရေးကို စတင် လိုက်စား လာခဲ့သည်။ ရန်ကုန် ကောလိပ် ဗုဒ္ဓဘာသာ အသင်း၌လည်း ကိုထွန်းရှိန်သည် အမျိုးသား ဆိုင်ရာ တရားများကို ဟောပြောလေ့ ရှိသည်။ ယင်းသို့ ဟောပြောမှုကြောင့် ကိုထွန်းရှိန် လူသိများလာသည်။ အတော်အတန် ထင်ရှားလာသည်။
ကောလိပ်ကျောင်းမှ ထွက်ပြီးနောက် ဦးထွန်းရှိန်သည် ရန်ကုန်မြို့ အထက်တန်းကျောင်း၌ တနှစ်ကျော်ကျော်မျှ ကျောင်းဆရာ ဝင်လုပ်သည်။ ထိုနောက် မန္ဈလေးသို့ ဗုဒ္ဓသာသနာ့ နုဂ္ဂဟ ကျောင်းကြီး၏ ကျောင်းအုပ် ဆရာကြီး အဖြစ်ဖြင့် ပြောင်းရွှေ့ နေထိုင်ရသည်။ ဦးထွန်းရှိန်သည် မန္ဈလေး၌ နေထိုင်စဉ် ဗုဒ္ဓသာသနာ့ နုဂ္ဂဟ ကျောင်းကြီးကို ကြီးပွား တိုးတက်အောင် ဆောင်ရွက်ခဲ့သည်။
ထို့အပြင် ဦးထွန်းရှိန်သည် မန္ဈလေးကျောင်း ဆရာအသင်း၏ အထွေထွေ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ဝိုင်အမ်ဘီအေ အသင်းကြီး၏ အထွေထွေ အတွင်းရေးမှူး အဖြစ် လည်းကောင်း၊ မြန်မာ လူငယ်များ ပေါင်းသင်း ဆက်ဆံရေး အသင်း၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ဗုဒ္ဓသာသနာ့ နုဂ္ဂဟ ကျောင်းသားဟောင်း အသင်း၏ တည်ထောင် ကြည့်ရှုသူ ပုဂ္ဂိုလ်ကြီး အဖြစ် လည်းကောင်း၊ မြန်မာပြည် လက်မှုပညာ အသင်း၏ အတွင်းရေးမှူး အဖြစ် လည်းကောင်း၊ သုစရိတယုဝ အားပေး ကြည့်ရှုသူ ပုဂ္ဂိုလ်ကြီး အဖြစ် လည်းကောင်း အသီးသီး ဆောင်ရွက် လုပ်ကိုင်သည်။
ဦးထွန်းရှိန်သည် ၁၂၇၇ ခုနှစ်၊ တပို့တွဲလ၌ သံတော်ဆင့်မင်း ဦးဘိုးွွ့ကယ် ဒေါ်ခင်ခင်နှစ်တို့၏ သမီး ခင်ခင်ညွှန့်နှင့် ထိမ်းမြား လက်ထပ်ခဲ့သည်။ ဒေါ်ခင်ခင်ညွှန့်နှင့် သားသမီး ၄ ယောက် မွေးဖွားခဲ့သည်။ တယောက်မျှ အဖတ်မတင်ခဲ့။ ၄ နှစ်မျှ ပေါင်းသင်းပြီး အိမ်ထောင် ကွဲသွားကြသည်။ ဦးထွန်းရှိန်သည် ဒေါ်ခင်ခင်ညွှန့် နှင့် ကွဲသွားပြီးနောက် တနှစ် နီးပါးမျှ ကြာသောအခါ မသန်းညွှန့်နှင့် နောက်အိမ်ထောင် ပြုသည်။
ဦးထွန်းရှိန်သည် နိုင်ငံရေးကို အဘက်ဘက်မှ ဆောင်ရွက် လုပ်ကိုင်နေစဉ် ၁၉၁၈ ခုနှစ် (၁၂၈ဝ ပြည့်နှစ်) တွင် အိန္ဒိယပြည် အုပ်ချုပ်ရေး ပြုပြောင်းလဲရန် မွန်တေဂူ ချမ်းစဖို့ စီမံကိန်း ရေးဆွဲလေသည်။ မြန်မာပြည် အတွက်ကား ဘာမျှ မပါရှိခဲ့ချေ။ သို့သော် မြန်မာပြည်အတွက် စီမံကိန်းကို မြန်မာပြည် ဘုရင်ခံ ဆာရယ်ဂျီ ကရက်ဒေါ့ခ်က ရေးဆွဲသည်။ ထိုစီမံကိန်းကို မြန်မာတို့ မနှစ်သက်၍ တနိုင်ငံလုံး ဆူပူ ကန့်ကွက်ကြသည်။ ထိုကြောင့် ၁၉၁၉ ခုနှစ် (၁၂၈၁ ခုနှစ်)၊ မေလ ၁၈ ရက်နေ့တွင် ဝိုင်အမ်ဘီအေ အသင်းကြီးသည် ဦးဘဖေ၊ ဦးပုနှင့် ဦးထွန်းရှိန်တို့ ၃ ဦးကို အင်္ဂလန်သို့ လွှတ်ကာ အရေးဆိုရန် ဆုံးဖြတ်ကြသည်။
ယင်းဆုံးဖြတ်ချက် အတိုင်း ၁၉၁၉ ခုနှစ်၊ ဇူလိုင်လ ၇ ရက် (၁၂၈၁ ခု၊ ဝါဆိုလဆန်း ၁၁) နေ့တွင် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်တို့ ၃ ဦး အင်္ဂလန်သို့ ထွက်ခွာ သွားကြသည်။ ‘ဖေ၊ ပု၊ ရှိန်’ ဟူသော အမည်သည်လည်း ထိုချိန်မှစ၍ မြန်မာပြည် နိုင်ငံရေးလောကတွင် ကျော်ကြားခဲ့သည်။ ရဟန်း ရှင်လူ အများ သိလာကြသည်။ ‘ဖေ၊ ပု၊ ရှိန်’ ဟု နှုတ်ဖျားတွင် သီးလာကြသည်။
ဦးထွန်းရှိန် အင်္ဂလန်၌ ရှိနေစဉ် ပညာမင်းကြီး မတ်ဟန်းတားက နိုင်ငံရေးကို စွန့်လျှင်စွန့် မစွန့်လျှင် ကျောင်းဆရာကြီး အဖြစ်မှ နုတ်ထွက်ရမည်ဟု ဆိုလာသည်။ ဦးထွန်းရှိန်သည် ကျောင်းဆရာကြီး အဖြစ်မှ နုတ်ထွက်လိုက်သည်။ နိုင်ငံရေးကိုလည်း အထူး ဝါယမ စိုက်၍ ခြေစုံပစ် လုပ်တော့သည်။
ဦးထွန်းရှိန်ကား ဇွဲဝီရိယ ကောင်းသူ ဖြစ်၏။ အလုပ် တခုခုကို ဖြစ်မြောက် ပြီးပြတ်အောင် လုပ်လေ့ရှိ၏။ စကားပြောလည်း ကောင်း၏။ မည်သည့် အရာကို မဆို ပွင့်လင်းစွာ ပြောဆိုတတ်၏။ သူတပါး၏ အတင်းအဖျင်းများကို ပြောလည်းမပြော၊ နားလည်း ထောင်လေ့မရှိ၊ အပေါင်းအသင်းလည်း ကောင်းသည်။ သဒ္ဓါတရားလည်း ထက်သန်သည်။ ရှေ့ဆောင် ရှေ့ရွက်ပြုကာ စီမံခန့်ခွဲနိုင်သော သတ္တိထူးလည်း ရှိသည်။
ဦးထွန်းရှိန် ပါဝင်သော ‘ဖေ၊ ပု၊ ရှိန်’ မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် အင်္ဂလိပ်ပြည်၌ ၇ လမျှ ကြာခဲ့သည်။ ၇ လမျှ ကြာညောင်းအောင် ဆောင်ရွက်နိုင်သော လုပ်ရပ်မှာ နယ်နယ်ရရ လုပ်ဆောင်ရသော လုပ်ရပ် မဟုတ်ပါ။ အခက်အခဲ အမျိုးစုံနှင့် ကြုံတွေ့ရသော လုပ်ရပ်များ ဖြစ်သည်။ ၇ လအထိ ကြာအောင် ဆောင်ရွက်သော်လည်း ကိစ္စကား မပြီးပြတ်သေး။ သွာရောက်သော ကိစ္စ မပြီးပြတ်သေးမီ တိုင်းပြည်၏ အကြံဉာဏ်များ ရယူ ဆွေးနွေးရန် အတွက် ‘ဖေ၊ ပု၊ ရှိန်’ တို့ အဖွဲ့များသည် မြန်မာပြည်သို့ ပြန်လာခဲ့သည်။
ဦးထွန်းရှိန်တို့ အဖွဲ့သားများသည် ၁၉၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက် (၁၂၈၁ ခု၊ တပိုတွဲလဆုတ် ၃ ရက်) နေ့တွင် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိခဲ့သည်။ ဦးထွန်းရှိန်တို့အား မြန်မာနိုင်ငံ တဝန်းလုံးက ကြီးကျယ် ခမ်းနားစွာ ကြိုဆိုကြသည်။ ကမ်းလုံကျွတ်မျှ စည်ကား သိုက်မြိုက်လှသည်။ ထိုခေတ် ထိုအခါက နိုင်ငံခြားပြန် ပုဂ္ဂိုလ်များကို ကြိုဆိုသော အခမ်းအနားမှာ ဦးထွန်းရှိန်တို့ အဖွဲ့အား ကြိုဆိုသော အခမ်အနားသည် အကြီးအကျယ်ဆုံးနှင့် အခမ်းအနားဆုံး ဖြစ်သည်ဟု ဆိုလျှင် မှားမည် မထင်ပေ။
ဘ၀နိဂုံး
[ပြင်ဆင်ရန်]ဦးထွန်းရှိန်သည် အင်္ဂလန်မှ ပြန်ရောက်လာသော အခါ အလုပ်အကိုင် မရှိတော့ချေ။ မြန်မာ အသင်းချုပ်ကြီး က တလလျှင် ၃ဝဝိ/ ပေးထားရ လေသည်။ ထိုအခါ ဦးထွန်းရှိန်သည် နိုင်ငံတဝန်းလုံး လှည့်လည်၍ နိုင်ငံရေး တရားများကို ဆတက်ထမ်းပိုး ဟောကြား လေတော့သည်။ ဦးထွန်းရှိန်၏ နောက်ဆုံး တရားပွဲကား ၁၂၈၂ ခု၊ နယုန်လဆန်း ၆ ရက်နေ့ (၁၉၂၁ ခု) တွင် တောင်ငူခရိုင် ကညွှတ်ကွင်းမြို့၌ ဟောပြောသော တရားပွဲ ဖြစ်သည်။ နယုန်လဆန်း ၇ ရက်နေ့တွင် ဦးထွန်းရှိန် အပြင်းအထန် ဖျားလေတော့သည်။ ဆရာဝန် ဆူဇူကီး ဆေးတိုက်သို့ တင်ကာ ကုသ ပါသော်လည်း သက်သာခြင်း မရှိချေ။ ၎င်း နယုန်လထဲ၌ပင် ကွယ်လွန်ရှာသည်။
ထိုသို့ ကွယ်လွန်သွားသော အခါ ဦးထွန်းရှိန် အသက်သည် ၃ဝ အရွယ်မျှသာ ရှိသေးသည်။ အသုဘ အခမ်းအနားကို ၁၂၈၂ ခု၊ နယုန်လဆုတ် ၅ ရက်နေ့တွင် မြန်မာ အသင်းချုပ်ကြီးက ကမကထ ပြု၍ ဆောင်ရွက် သင်္ဂြိုဟ်ခဲ့သည်။ ဦးထွန်းရှိန်၏ ဈာပနတွင် လိုက်ပို့ကြသော လူထု ပရိသတ်မှာ အလွန် များပြားလှသည်။
ဦးထွန်းရှိန် မကွယ်လွန်မီ တလ အလိုလောက် ၁၂၈၂ ခု၊ ကဆုန်လတွင် မြန်မာညွှန့် ကုမ္ပဏီပိုင်ရှင် ဦးသန်း - ဒေါ်ပွင့်တို့၏ သမီး မသန်းညွှန့်နှင့် ထိမ်းမြား လက်ထပ်ခဲ့သည်။ ထိမ်မြား လက်ထပ်ပြီး တလပြည့်မီ ဦးထွန်းရှိန် ကွယ်လွန်ရှာခြင်း ဖြစ်သည်။ နောက်ဇနီးနှင့် သားသမီး တယောက်မျှ ထွန်းကားခြင်း မရှိခဲ့ချေ။
ဦးထွန်းရှိန်အား လေးစားသော အားဖြင့် လန်ဒန်အတ် ဦးအုန်းမောင်က ဈာပန သတင်းကားကို နှစ်ပိုင်းမျှ ရိုက်ကူး ပြသခဲ့သည်။ ဖလင်ကော်ပြား အခက်အခဲကြောင့် ဈာပန သတင်းကားကို နှစ်ပိုင်းမျှသာ ရိုက်ကူးခဲ့ရခြင်း ဖြစ်သည်။ ပထမဆုံး ရုပ်ရှင်ရိုက်ကူးသော ဈာပန သတင်းကား ဖြစ်ပြီး မြန်မာ့ ရုပ်ရှင် ဖြစ်ပေါ်လာအောင် မျိုးစေ့ ချပေးသော ရုပ်ရှင်ကားလည်း ဖြစ်သည်ဟု အဆိုပြုကြသည်။ ဦးထွန်းရှိန် ကွယ်လွန်သော အခါ ဆရာကြီး ဦးမှိုင်းကလည်း ‘ဒေါင်းမြေ့ ပြေဘွားပေပေါ့၊ ကောင်းပေ့ မေ့သား’ ဟု လေးချိုးကြီးဖြင့် ကြေကွဲဖွယ် စပ်ဆို ထားခဲ့သည်။[၂]