မာတိကာသို့ ခုန်သွားရန်

ထွန်းရှိန်

ဝီကီပီးဒီးယား မှ
(ထွန်းရှိန်၊ ဦး မှ ပြန်ညွှန်းထားသည်)
ဦးထွန်းရှိန်
မွေးဖွားမောင်တာရဲ
(1890-12-13)၁၃ ဒီဇင်ဘာ၊ ၁၈၉၀
ပုသိမ်မြို့မြန်မာပြည်နယ်အိန္ဒိယနိုင်ငံ
ကွယ်လွန်၂ ဇွန်၊ ၁၉၂၀(1920-06-02) (အသက် ၂၉)
ရန်ကုန်မြို့မြန်မာနိုင်ငံ
ထာဝရ အိပ်စက်ရာကြံတောသုဿန်၊ ရန်ကုန်မြို့မြန်မာနိုင်ငံ
အလုပ်အကိုင်ကျောင်းဆရာ၊နိုင်ငံရေးသမား
အိမ်ထောင်ဖက်
ဆွေမျိုးသားချင်းမြို့စာရေးတော်ကြီး ဦးရွှဲ (အဖိုး)
မိဘဦးမောင်ကြီး + ဒေါ်တင်

ဦးထွန်းရှိန် (၁၃ ဒီဇင်ဘာ ၁၈၉၀ - ၂ ဇွန် ၁၉၂၀) သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ အတွင်း ထင်ရှားခဲ့သော ဖေ၊ပု၊ရှိန် ဝံသာနု ခေါင်းဆောင်များအနက်မှ တစ်ဦး ဖြစ်သည်။အမျိုးသားရေးနိုင်ငံရေးသမား တစ်ဦး အနေနှင့်လည်း ထင်ရှားပြီး၊ မြန်မာပြည် အုပ်ချုပ်ရေးကို အိန္ဒိယ နှင့် တန်းတူအဖြစ် တိုးမြှင့်ပေးရေး အတွက် တောင်းဆိုသည့် အနေနှင့်၊ ၁၉၁၉ ခုနှစ် တွင် မြန်မာကိုယ်စားလှယ် အဖြစ် လန်ဒန်မြို့ သို့ ဦးဆောင်သွားရောက်ခဲ့သူလည်း ဖြစ်သည်။၎င်းခရီးသည် ၇ လ နီးပါး ကြာမြင့်ခဲ့ပြီး ဗြိတိသျှပါလီမန် အတွင်း၌ မြန်မာပြည်အရေးအား ဆွေးနွေးခွင့် ရရှိစေရန် စွမ်းဆောင်နိုင်သူ အဖြစ်ပါ ထင်ရှားကျော်ကြားသည်။

ငယ်ဘဝ နှင့် ပညာရေး

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ဖေ၊ ပု၊ ရှိန် ဟူသောအမည်သည် လွန်စွာထင်ရှားခဲ့သည်။ ဖေနှင့်ပု မှာ ဦးဘဖေနှင့် ဦးပုတို့ဖြစ်၍ ရှိန်ကား ဦးထွန်းရှိန် ဖြစ်သည်။ဦးထွန်းရှိန်ကို မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ် ပြာသိုလဆန်း ၄ ရက်နေ့တွင် ပုသိမ်မြို့၌ ဖွားမြင်သည်။ မိဘများမှာ ဦးမောင်ကြီး၊ ဒေါ်ခင် ဖြစ်သည်။

မွေးချင်းပေါက်ဖော် ၇ ဦး ရှိသည့် အနက်၊ ဦးထွန်းရှိန်သည် စတုတ္ထမြောက်သားဖြစ်သည်။ငယ်နာမည်မှာ မောင်တာရဲ ဖြစ်သည်။၎င်းငယ်စဥ်ကတည်းက မိဘများသည် ပုသိမ်မြို့ မှ ငသိုင်းချောင်းမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ဦးထွန်းရှိန် အသက် ၇ နှစ်သား အရွယ်တွင် ငသိုင်းချောင်းမြို့၌ အဖဦးမောင်ကြီး ကွယ်လွန်ခဲ့ သည်။ ထိုအခါ အမိဖြစ်သူသည် သားသမီးများကို အုပ်ထိန်းလျှက်၊ ပုသိမ်မြို့သို့ ပြန်လည်ပြောင်းရွှေ့ နေထိုင်ခဲ့သည်။

ဦးထွန်းရှိန်သည် ပုသိမ်မြို့ အစိုးရအထက်တန်းကျောင်း၌ ပညာ ဆက်လက်သင်ယူခဲ့ရသည်။ အစိုးရအထက် တန်းကျောင်းမှ သတ္တမတန်း စာမေးပွဲကို အောင်မြင်သောအခါ၊ ဦးထွန်းရှိန်သည် ပညာသင်ဆုကို ရရှိခဲ့သည်။ ထိုနောက် အဌမတန်းနှင့် နဝမတန်းတို့ကို တစ်နှစ်တည်းဖြင့် ဖြေဆိုအောင်မြင်ခဲ့သည်။

အသက် ၁၇ နှစ်အရွယ် (၁၂၆၉ ခုနှစ်ခန့်)၌ ဦးထွန်းရှိန် သည် ရန်ကုန်ကောလိပ်ကျောင်းတွင် ဆက်လက် ပညာသင်ခဲ့ရာ အသက် ၂၁ နှစ်အရွယ်တွင် ဝိဇ္ဇာတန်းအောင်မြင် ခဲ့သည်။ ဦးထွန်းရှိန်သည် ကောလိပ်ကျောင်း၌ ပညာသင်စဉ်၊ ရန်ကုန်မြို့ အပျော်တမ်း လက်နက်ကိုင်စစ်တပ်သို့လည်း ဝင်ခဲ့သည်။ ဦးထွန်းရှိန် အမှုထမ်းခဲ့သောတပ်စုမှာ ဂျီတပ်စုဖြစ်၍၊ ဥရောပတိုက်သားများသာ ဝင်ခွင့်ရ၏။ ထိုကြောင့် ဦးထွန်းရှိန် သည် တီ၊ အို၊ ရှိန်း ဟူသော ဥရောပတိုက်သား အမည်ကို ခံယူ၍ ဝင်ခဲ့သည်။[]

နိုင်ငံရေးဖြတ်သန်းမှု

[ပြင်ဆင်ရန်]

ကောလိပ်၌ စာသင်နေစဉ်အတွင်း၌ပင် ဦးထွန်းရှိန်သည် ကိုယ်လက်ကြံ့ခိုင်ရေးကို လိုက်စားခဲ့၏။ ကစား ခုန်စားအမျိုးမျိုးတွင် အလွန်ဝါသနာပါသည့်အပြင်၊ လက်ဝှေ့ထိုးခြင်းကိုလည်း အတော်အတန်ကျွမ်းကျင်၏။ ဝိဇ္ဇာတန်း နောက်ဆုံးနှစ် တွင် ဦးထွန်းရှိန်သည် နိုင်ငံရေးကို စတင်လိုက်စားလာခဲ့၏။

ရန်ကုန်ကောလိပ် ဗုဒ္ဓဘာသာအသင်း၌လည်း ဦးထွန်းရှိန်သည် အမျိုးသားဆိုင်ရာ တရားတို့ကို ဟောပြောလေ့ရှိသဖြင့် ထင်ရှား လာလေသည်။ ကောလိပ်ကျောင်းမှ ထွက်ပြီးနောက်၊ ဦးထွန်းရှိန် သည် ရန်ကုန်မြို့ အစိုးရအထက်တန်းကျောင်း၌ တစ်နှစ် ကျော်ကျော်မျှ ကျောင်းဆရာဝင်လုပ်လေသည်။ ထိုနောက် မန္တလေးသို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်း၏ ကျောင်းအုပ် ဆရာကြီးအဖြစ်နှင့် ပြောင်းရွှေ့ခဲ့သည်။

မန္တလေး၌နေထိုင်စဉ် ဦးထွန်းရှိန်သည် ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်းကို ကြီးပွားအောင် ဆောင်ရွက်ခဲ့၏။ ထို့ပြင် ဝိုင်၊ အမ်၊ ဘီ၊ အေ အသင်း၏ အထွေထွေအ တွင် ရေးမှူးအဖြစ် လည်းကောင်း၊ မန္တလေးကျောင်းဆရာများအသင်း၏ အထွေထွေအတွင်းရေးမှူး အဖြစ် လည်းကောင်း၊ မြန်မာလူငယ်များ ပေါင်းသင်းဆက်ဆံရေးအသင်း ၏ ဒုတိယဥက္ကဋ္ဌအဖြစ်၎င်း၊ ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်းသားဟောင်းအသင်း၏ တည်ထောင်သူ အဖြစ်လည်းကောင်း၊ မြန်မာပြည် လက်မှုပညာအသင်း ၏ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ သုစရိ တယုဝအသင်း၏ အားပေးကြည့်ရှုသူ အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။

အင်္ဂလန်သို့ သွားရောက်ကြခြင်း

[ပြင်ဆင်ရန်]

၁၉၁၈ ခုနှစ် (၁၂၈ဝ ပြည့်နှစ်)တွင် အိန္ဒိယပြည် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရန် မွန်တေဂူချမ်းစဖို့ စီမံကိန်းရေးဆွဲသောအခါ မြန်မာပြည်အတွက် မည်သည့်အချက်မျှမပါရှိချေ။ သို့သော် မြန်မာပြည်အတွက်စီမံကိန်းကို မြန်မာပြည်ဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါ့က ရေးဆွဲခဲ့လေသည်။ ထိုစီမံကိန်းကို မြန်မာတို့က မနှစ်သက်၍၊ တစ်နိုင်ငံလုံး ဆူပူကန့်ကွက်ကြ၏။ထို့ကြောင့် ၁၉၁၉ ခုနှစ် (၁၂၈၁ ခုနှစ်) မေလ ၁၈ ရက်နေ့တွင် ဝိုင်၊ အမ်၊ ဘီ၊ အေ အသင်းကြီးသည် ဦးဘဖေ၊ ဦးပုနှင့် ဦးထွန်းရှိန်တို့ကို အင်္ဂလန်သို့စေလွှတ်ကာ အရေးဆိုရန် ဆုံး ဖြတ်သဖြင့် ၁၉၁၉ ခုနှစ် ဇူလိုင်လ ၇ ရက် (၁၂၈၁ ခု၊ ဝါဆို လဆန်း ၁၁ ရက်)နေ့တွင် အင်္ဂလန်သို့ ထွက်ခွာသွားကြသည်။ဂျီစီဘီအေ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဖေ၊ ပု၊ ရှိန် ဟူသောအမည်လည်း ထိုအချိန်မှစ၍ မြန်မာနိုင်ငံရေးလောကတွင် စတင် ကျော်ကြား လာခဲ့သည်။[]

ဦးထွန်းရှိန် သည် အင်္ဂလန်ပြည်၌ ရှိနေစဉ် ပညာမင်းကြီးမတ်ဟန်းတားက နိုင်ငံရေးကိုစွန့်လျှင်စွန့်၊ မစွန့်လျှင် ကျောင်းဆရာကြီး အဖြစ်မှ နုတ်ထွက်ရမည်ဟု ဆိုသဖြင့်၊ ဦးထွန်းရှိန်လည်း ကျောင်းဆရာကြိးအဖြစ်မှ နုတ်ထွက်လိုက်လေသည်။

ဦးထွန်းရှိန်သည် ဇွဲဝိရိယကောင်း၏။ အလုပ်တစ်ခုကို ဖြစ်မြောက်ပြီးပြတ်အောင် လုပ်လိုသောသဘောရှိ၏။ စကားပြော လည်းကောင်း၏။ မည်သည့်အရာကိုမဆို ပွင့်လင်းစွာပြော တတ်၏။ သူတစ်ပါး၏ အတင်းအဖျင်းတို့ကို ပြောလည်း မပြော၊ နားလည်ထောင်လေ့မရှိချေ။ အပေါင်းအသင်း ကောင်း သည်နှင့်အမျှ သဒ္ဓါတရားလည်း ထက်သန်၏။ ရှေ့ဆောင် ရှေ့ရွက်ပြုကာ စီမံခန့်ခွဲနိုင်သော သတ္တိထူးလည်း ရှိလေသည်။

ဦးထွန်းရှိန်ပါဝင်သော ဖေ၊ ပု၊ ရှိန် မြန်မာကိုယ်စားလှယ် အဖွဲ့သည် အင်္ဂလန်ပြည်၌ ၇ လမျှကြာခဲ့၏။ သွားရောက်သော ကိစ္စမပြီးပြတ်သေးမီ၊ တိုင်းပြည်၏ အကြံဉာာဏ်များကို ရယူဆွေးနွေးရန်အတွက်၊ ထိုအဖွဲ့သားများသည် မြန်မာပြည်သို့ ပြန်လာခဲ့ကြရာ၊ ၁၉၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက် (၁၂၈၁ ခု တပို့တွဲ လဆုတ် ၃ ရက်)နေ့တွင် ပြန်လည်ဆိုက် ရောက်ခဲ့ကြလေသည်။ ဦးထွန်းရှိန်တို့အား မြန်မာနိုင်ငံတဝှမ်းလုံးက ကြီးကျယ်ခမ်းနားစွာ ကြိုဆိုကြခဲ့ကြသည်။[]

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

ဦးထွန်းရှိန်သည် ၁၂၇၇ ခုနှစ် တပို့တွဲလ၌ သံတော်ဆင့်မင်း ဦးဘိုးကြွယ်၊ ဒေါ်ခင်ခင်နှစ်တို့၏ သမီး ခင်ခင်ညွန့်နှင့် ထိမ်းမြားလက်ထပ်သည်။ ဇနီးဖြစ်သူ ခင်ခင်ညွန့်နှင့် လေးနှစ် ကျော်မျှသာ ပေါင်းသင်းရပြီးနောက် အိမ်ထောင်ကွဲသွားလေသည်။ ထိုနောက် ၁၂၈၂ ခုနှစ် နယုန်လတွင် မြန်မာညွန့်ကုမ္ပဏီပိုင်ရှင် ဦးသန့်၊ ဒေါ်ပွင့်တို့၏သမီး မသန်းညွန့်နှင့် ဒုတိယအကြိမ် ထိမ်းမြားလက်ထပ်သည်။ ထိမ်းမြားလက်ထပ်ပြီး၍ တစ်လ မပြည့်မီတွင်ပင် ဦးထွန်းရှိန် ကွယ်လွန်၏။ ပထမဇနီးဖြင့် သားသမီးလေးဦး ထွန်းကားခဲ့သော်လည်း တစ်ယောက်မျှ အဖတ်မတင်ခဲ့ချေ။ဒုတိယဇနီးနှင့်ကား သားသမီးတစ်ယောက်မျှ ထွန်းကားခြင်းမရှိခဲ့ပေ။

ဘ၀နိဂုံး

[ပြင်ဆင်ရန်]

ဦးထွန်းရှိန်သည် အင်္ဂလန်မှ ပြန်ရောက်လာသောအခါ အလုပ်အကိုင် မရှိတော့ချေ။ မြန်မာအသင်းချုပ်ကြီး က တလလျှင် ၃ဝဝိ/ ပေးထားခဲ့ရသည်။ ထိုအခါ ဦးထွန်းရှိန်သည် နိုင်ငံတဝန်းလုံး လှည့်လည်၍ နိုင်ငံရေး တရားများကို ဆတက်ထမ်းပိုး ဟောကြားခဲ့သည်။ ဦးထွန်းရှိန်၏ နောက်ဆုံး တရားပွဲကား ၁၂၈၂ ခု၊ နယုန်လဆန်း ၆ ရက်နေ့ (၁၉၂၁ ခု) တွင် တောင်ငူခရိုင် ကညွှတ်ကွင်းမြို့၌ ဟောပြောသော တရားပွဲ ဖြစ်သည်။ နယုန်လဆန်း ၇ ရက်နေ့တွင် ဦးထွန်းရှိန် အပြင်းအထန် ဖျားလေတော့သည်။ ဆရာဝန် ဆူဇူကီး ဆေးတိုက်သို့ တင်ကာ ကုသခဲ့သော်လည်း သက်သာခြင်း မရှိဘဲ ကွယ်လွန်ခဲ့သည်။

အသုဘအခမ်းအနားကို ၁၂၈၂ ခုနှစ် နယုန်လဆုတ် ၅ ရက်နေ့တွင် မြန်မာအသင်းချုပ်ကြီးက ကမကထပြု၍ ဆောင်ရွက်ခဲ့သည်။ ဦးထွန်းရှိန်၏ ဈာပနတွင် လိုက်ပို့ကြသော လူထုပရိသတ်မှာ အလွန်များပြားခဲ့သည်။

ဦးထွန်းရှိန် ကွယ်လွန်သောအခါ ထိုစဉ်က မစ္စတာမောင်မှိုင်း အမည်ခံ ဆရာကြီးဦးလွန်းသည် ‘ဒေါင်းမြေ့ ပြေဘွားပေပေါ့၊ ကောင်းပေ့ မေ့သား’ ဟု လေးချိုးဖြင့် ကြေကွဲဖွယ် စပ်ဆို ထားခဲ့သည်။[] ဤလေးချိုးမှာ ဒေါင်းအမေ ဆွေတမိမှာဖြင့်၊ မကောင်းစေ ဖြေမချိနိုင်ဘု၊ နေမထိ ထိုင်မသာ။ သားတစ်ယောက်ကယ်နှင့် တအား မြောက်ပြီလို့၊ ခါးထောက်ကာ ဟန်ပန်ယူသမို့၊ မြန်ဇမ္ဗူ အမေ့ဘက်တော်သားတွေနှင့်၊ အလျှံတစ်လူလူ အရှေ့ဘက်မနော် ကြွားမဟဲ့လို့၊ ထားမိစိတ်မှာ။ ။ ဗြဟ္မစိုရ်တကယ် ရွယ်ရည် ဟိတ်တွေကြောင့်၊ ကိုယ်စားလှယ် 'ဒယ်လီဂိတ်'ကယ်လို့၊ နယ် ပြည်မိတ်တကွ ကြည်သာတယ်၊ သမ္မတတည်ပါတဲ့ ဇာနည် ဘွား။ ။ တွေ့ကြည့်လျှင်၊ မွေးမိခင် ငါအမေမှာဖြင့်၊ ကြာလေ လေ စိတ်မကောင်းအောင်လို့၊ ခပ်မြန်မြန်နတ်ဌာန် ပြောင်းရော့ သလေး၊ သေမင့်တမန်ကို အမေခွင့်ပန်လို့ တောင်းချင်ရဲ့၊ ဒေါင်းမြေ့ပြေဘွားပေပါ့၊ ကောင်းပေ့မေ့သား [] ဖြစ်၏။

ဦးထွန်းရှိန်အား လေးစားဂုဏ်ပြုသည့် အနေဖြင့် လန်ဒန်အတ် ဦးအုန်းမောင် သည် ဈာပနသတင်းကားကို ရိုက်ကူး ပြသခဲ့သည်။ ဖလင်ကော်ပြား အခက်အခဲကြောင့် ဈာပန သတင်းကား သည် နှစ်ပိုင်းမျှသာ ရိုက်ကူးနိုင်ခဲ့သည်။ထိုဇာတ်ကားသည် ပထမဆုံး ရုပ်ရှင်ရိုက်ကူးသော ဈာပန သတင်းကား အဖြစ် ထင်ရှားခဲ့ပြီး မြန်မာ့ ရုပ်ရှင် ဖြစ်ပေါ်လာအောင် မျိုးစေ့ချပေးသော ရုပ်ရှင်ကားလည်း ဖြစ်ခဲ့သည်။[] []

ကိုးကား

[ပြင်ဆင်ရန်]
  1. ဖေ၊ ပု၊ ရှိန်အကြောင်း တစေ့တစောင်း Eleven Media (၇ မတ် ၂၀၁၆)။ ၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. အထင်ကရ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ စာရေးဆရာ သန်းဝင်းလှိုင် ၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ဘေပုရှိန် အင်္ဂလန်ခရီး အနှစ်တရာပြည့်ချိန်နဲ့ မြန်မာ့နိုင်ငံရေး BBC (၃၀ ဇူလိုင် ၂၀၁၉)။ ၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ရွှေဥဩရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ် (စပယ်ဦး စာပေ)၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ(တတိယ အကြိမ်)
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)
  6. သမိုင်းကိုပြောနေသော မြန်မာ့ရုပ်ရှင်များ Myanmar Digital News (၂ ဇန်နဝါရီ ၂၀၂၀)။ ၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  7. မြန်မာနဲ့ ရုပ်ရှင် BBC (၁၇ မတ် ၂၀၁၈)။ ၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။