ထွန်းရီ
ထွန်းရီ | |
|---|---|
| တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ | |
| ဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၁၀ မေ ၂၀၀၅ [၁] – ၄ ဧပြီ ၂၀၁၄ [၂] | |
| ယခင်လူ | ဦးသာကျော် |
| ဆက်ခံသူ | ဦးသန်းတင် [၃] |
| တာဝန်သက်တမ်း ၁၃ မတ် ၁၉၈၁ – ၁၉၈၃ | |
| သမ္မတ | ဦးစန်းယု |
| တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | ဗိုလ်ချုပ်ကြီး သူရကျော်ထင် |
| ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး အေးကို |
| ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး စောမောင် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | မေ ၁၊ ၁၉၂၆ ဝမ်းပြည့်ရွာ၊မြင်းမူမြို့နယ် |
| ကွယ်လွန် | ဧပြီ ၄၊ ၂၀၁၄ (အသက် ၈၇) ရန်ကုန်မြို့ |
| နိုင်ငံသား | မြန်မာနိုင်ငံသား |
| လူမျိုး | ဗမာ |
| ကြင်ဖော် | နန်းခမ်းဆိုင် |
| သားသမီး | ၆ ဦး [၄] |
| မိခင်ကျောင်း | စစ်တက္ကသိုလ် |
| ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ၁၉၄၃ - ၁၉၈၅ |
| ရာထူး | ဒုတိယဗိုလ်ချုပ်ကြီး |
ဦးထွန်းရီ (၁ မေ ၁၉၂၆ - ၄ ဧပြီ ၂၀၁၄) သည် မြန်မာ့တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ်ဟောင်းနှင့် နိုင်ငံရေးသမားဖြစ်သည်။သူသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ အမွေကိုဆက်ခံယူသည့် တစညပါတီ အား ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]၁၉၂၆ ခုနှစ်၊ မေ ၁ ရက်နေ့တွင် မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာ၌ မွေးသည်။ မိဘများမှာ ဦးခ နှင့် ဒေါ်အေး တို့ဖြစ်ကြသည်။[၅]
မြင်းမူနှင့် မန္တလေးမြို့များ၌ ပညာသင်ကြားပြီး မန္တလေး၌ အထက်တန်းအောင်သည်။
စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]၁၉၄၃ ခုနှစ် တွင် ဂျပန်အားတိုက်ရန် ဗမာ့ကာကွယ်ရေးတပ်မတော်သို့ ဝင်သည်။ ၁၉၄၃ ခုနှစ် တွင် မှော်ဘီ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၃) သို့ တက်သည်။ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် သင်တန်းဆင်းသည်နောက် ဒုတိယဗိုလ်အဆင့်ဖြင့် ဗမာ့လက်နက်ကိုင်တပ်ရင်း (၄) ၌ တာဝန်ကျသည်။
ဖက်ဆစ်တော်လှန်ရေး၌ တိုင်း (၁)၊ တပ်ရင်း (၁၀၆) လက်အောက်ခံအဖြစ် ပါဝင်ခဲ့သည်။
လွတ်လပ်ရေးရသည်နောက် ဗိုလ်ကြီးအဆင့်ဖြင့် ဗထူး၌ တပ်ခွဲမှူးသင်တန်းတက်ရောက်သည်။ ထိုကာလ၌ အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီး မိုရှေးဒါယန်းက အရှေ့တောင်အာရှရှိ စစ်ကျောင်းများကို လေ့လာရေးလာ၍ ဗထူးသို့ ရောက်လာသည်။ မိုရှေးဒါယန်းက သင်တန်းသား ထွန်းရီနှင့် မြေပုံစစ်ထိုးတမ်းကစားရာ ညနေ ၆ နာရီမှ မနက် ၄ နာရီခန့်အထိ ကြာမြင့်ပြီးနောက် ထွန်းရီက နိုင်သည်။ မိုရှေးဒါယန်းက စစ်ဗိုလ်ချုပ်ဖြစ်နိုင်ကြောင်း အားပေးချီးကျူးခဲ့သည်။
၁၉၆၆ ခုနှစ် တွင် ကယားလက်နက်ကိုင်တပ်ရင်း (၁) ၌ ဗိုလ်မှူးအဆင့်ဖြင့် တပ်ရင်းမှူး၊ ၁၉၆၉ ခုနှစ် ၌ ဗမာ့လက်နက်ကိုင်တပ်ရင်း (၅) တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်ရင်းမှူး၊ ၁၉၇၀ ပြည့်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ဗိုလ်မှူးကြီးအဆင့်ဖြင့် ဒုတိယတိုင်းမှူး ဖြစ်ခဲ့သည်။ ဒုတိုင်းမှူးဖြစ်သည့်အတွက် လမ်းစဉ်ပါတီ၏ ဗဟိုကော်မတီဝင်လည်း ဖြစ်လာသည်။ ၁၉၇၁ ခုနှစ် ၌ နာမည်ကျော် ကွမ်းလုံ ရက် (၄၀) တိုက်ပွဲကို ကြီးကြပ်ခဲ့သည်။
၁၉၇၆ ခုနှစ် တွင် ဗိုလ်မှူးချုပ်၊ ၁၉၇၈ ခုနှစ် တွင် ကြည်း စစ်ဆင်းရေးအထူးအဖွဲ့မှူး၊ ၁၉၇၉ ခုတွင် ဗိုလ်ချုပ်၊ ၁၉၈၁ ခုနှစ်၊ ဩဂုတ် ၇ ရက်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ၁၉၈၂ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး၊ ၁၉၈၃ ခုတွင် နိုင်ငံတော်ကောင်စီဝင်အဖြစ် ရာထူးနေရာများ အဆင့်ဆင့်တိုးတက်ခဲ့ပြီးနောက် ၁၉၈၅ ခုတွင် အငြိမ်းစားယူသည်။
ဦးထွန်းရီသည် ဒုတိယကာကွယ်ရေးဦးစီးချုပ်တာဝန်ယူခဲ့စဥ် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တပ်မတော်တစ်ခုလုံးကို တာဝန်ယူကွပ်ကဲရသည်။တပ်မတော်ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး၊ အရည် အသွေးတိုးမြှင့်ရေး စစ်ဆင်ရေး စသည်တို့အတွက် တာဝန်ယူကြီးကြပ်ရသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်ထင် သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတာဝန်များ၊ ပါတီဥက္ကဋ္ဌ ဦးနေဝင်း၏ အနီးကပ် တာဝန်များနှင့် အချိန်လုဆောင်ရွက်နေရသောကြောင့် တပ်မတော်ဆိုင်ရာကိစ္စများကို ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းရီအား တာဝန်ပေးထားရသည်ဟု ဗိုလ်မှူးကြီးဟောင်း စာရေးဆရာမောင်ဆွေသက် ၏ အများအခေါ် နပိုလီယန် ကျွန်တော့်အာဘော် စစ်မှော်အောင်သော စစ်ချန်ပီယံ ဗိုလ်ချုပ်ကြီး ထွန်းရီ စာအုပ်၌ မှတ်တမ်းတင်ခဲ့သည်။
လမ်းစဥ်ပါတီနိုင်ငံရေးဘဝ
[ပြင်ဆင်ရန်]၁၉၈၁ ခုနှစ် နိုဝင်ဘာလဆန်းတွင် ကျင်းပသည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီအစည်းအဝေးသည် ဗိုလ်ချုပ်ကြီး ထွန်းရီအား ပါတီဗဟို အလုပ်အမှုဆောင် CEC အဖြစ် ရွေးချယ်လိုက်ခြင်းဖြင့် စစ်သားဘဝ နှင့် ပူးတွဲ၍ မြန်မာ့နိုင်ငံရေးလောကထဲ စတင် ခြေချလာခဲ့သည်။
ဆက်၍ ၁၉၈၃ ခုနှစ် ဇူလိုင်လတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အထူးအစည်းအဝေးမှတဆင့်လည်း ဒုတိယဗိုလ်ချုပ်ကြီးထွန်းရီ သည် နိုင်ငံတော်ကောင်စီဝင်အဖြစ် ရွေးချယ်တာဝန်ပေးခံရသည်။
ဗိုလ်မှူးကြီးဟောင်း စာရေးဆရာမောင်ဆွေသက် ၏ အများအခေါ် နပိုလီယန် ကျွန်တော့်အာဘော် စစ်မှော်အောင်သော စစ်ချန်ပီယံ ဗိုလ်ချုပ်ကြီး ထွန်းရီ စာအုပ်၌ပင် ဒုဗိုလ်ချုပ်ကြီး ထွန်းရီ သည် စစ်သားဘဝကို ခုံမင်လွန်း၍ အသက်ခြောက်ဆယ်ပြည့်သည်အထိ စစ်မှုထမ်းခွင့် ရလိုပါကြောင်းကို အထက်အဆင့်ဆင့်သို့ တင်ပြခဲ့သော်လည်း မရခဲ့ဟု ဖော်ပြသည်။
၁၉၈၃ ခုနှစ် ဇူလိုင် အရောက် ၎င်း အသက် ၅၇ နှစ် တွင် နိုင်ငံတော်ကောင်စီဝင်တာဝန် ကို လက်ခံလိုက်ရသည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို လက်လွှတ်လိုက်ရပြီး၊သူသည် စစ်တပ်နှင့် မသက်ဆိုင်တော့ဘဲ နိုင်ငံတော်စီမံခန့်ခွဲရေး တာဝန်ပိုင်းသို့ လုံးလုံး ရောက်ရှိသွားခဲ့သည်။
၁၉၈၅ ခုနှစ် တွင် လမ်းစဉ်ပါတီ၏ ဗဟိုကော်မတီဝင်အဖြစ် ဆက်နေရသည်။ ၁၉၈၈ ခုနှစ် တွင် ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သည်။
ပါတီနိုင်ငံရေးဘဝ
[ပြင်ဆင်ရန်]၈၈၈၈ အရေးအခင်း ဖြစ်ပွားခဲ့ပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ သည် ၁၉၈၈ခုနှစ် စက်တင်ဘာလ ၂၄ရက်နေ့တွင် ပါတီ၏ အမွေကိုဆက်ခံယူသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဖွဲ့သည့်နောက် ဦးထွန်းရီ သည် ထိုနိုင်ငံရေးပါတီ၏ ဗဟိုကော်မတီဝင်အဖြစ် ပါခွင့်ရသည်။
သူပါဝင်သည့် တစညပါတီ သည် ၁၉၉၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ တွင် တစ်နိုင်ငံလုံး၌ ၁၂ ဦး အနိုင်ရသည်။
၁၉၉၃ ခုနှစ်မှာ အမျိုးသားညီလာခံ စလုပ်တယ်။ အန်ကယ်လ်တို့က ၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ၁၂ ယောက်ပဲရတယ်။ NLD သည်လည်း ၃၉၂ ဦး အနိုင်ရခဲ့သည်။၁၉၉၃ ခုနှသ် တွင် စစ်အစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရန် အတွက် အမျိုးသား ညီလာခံ ကို ခေါ်ယူသည်။၉၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် အချိုးအစား နှင့် ညီလာခံတက်ရချိန် တစညပါတီ သည် အချိုးကျအနေဖြင့် ကိုယ်စားလှယ် ၃ ဦး တက်ရောက်ရသည်။ထို ၃ ဦးထဲ ဦးထွန်းရီသည် တစညကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့ရပြီး၊၁၉၉၃ ခုနှစ် မှ ၂၀၀၇ ခုနှစ် ကာလအထိ သူသည် အမျိုးသားညီလာခံ အခြေခံဥပဒေရေးဆွဲရေး ပါဝင်ဆောင်ရွက်ခဲ့သည်။[၆]
၂ဝဝ၅ ခုနှစ် မေလ ၉ ရက်နေ့တွင် တစညပါတီ ဥက္ကဋ္ဌ ဦးသာကျော် ကွယ်လွန်သည်။ထိုနှစ် မေလ ၁ဝ ရက်နေ့တွင် ပါတီအထွေထွေ အတွင်းရေးမှူး ဦးထွန်းရီ သည် လစ်လပ်နေသည့် ဥက္ကဋ္ဌတာဝန် ပေးအပ်ခံရသည်။သူသည် ကွယ်လွန်သည်အထိ တစညပါတီဥက္ကဋ္ဌဖြစ်သည်။
မိသားစုဘဝ
[ပြင်ဆင်ရန်]ဇနီးဖြစ်သူ ဒေါ်နန်းခမ်းဆိုင်နှင့် မောင်ဇော်ထွန်း၊ မောင်ကျော်သူ၊ မောင်အောင်သူ ဟူသော သားသုံးဦး၊ မခင်အေးရီ၊ မအေးမြင့်ရီ၊ မဥမ္မာထွန်းရီဟူသော သမီးသုံးဦး ထွန်းကားခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]၂၀၁၄ ခု၊ ဧပြီလ ၄ ရက်တွင် ရွှေဂုံတိုင်အထူးကုဆေးခန်း၌ လူကြီးရောဂါနှင့် ကွယ်လွန်သည်။[၇]
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် ၆၂/၂၀၂၂ အရ ဦးထွန်းရီအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော မဟာသရေစည်သူဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ [၈]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အများအခေါ် နပိုလီယန် ကျွန်တော့်အာဘော် စစ်မှော်အောင်သော စစ်ချန်ပီယံ ဗိုလ်ချုပ်ကြီး ထွန်းရီ (၂၅ စက်တင်ဘာ ၂၀၂၁)။ ၃ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တစည ပါတီ ဥက္ကဋ္ဌ ၊ ဒု ကာကွယ်ရေး ဦးစီးချုပ် ဟောင်း ဦးထွန်းရီ ကွယ်လွန်။ The Irrawaddy (၄ ဧပြီ ၂၀၁၄)။ ၃ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးသန်းတင် လူကြီးရောဂါဖြင့် ကွယ်လွန်။ Eleven Media Group (၁၅ ဇန်နဝါရီ ၂၀၂၁)။ ၃ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အများအခေါ် နပိုလီယန် ကျွန်တော့်အာဘော် စစ်မှော်အောင်သော စစ်ချန်ပီယံ ဗိုလ်ချုပ်ကြီး ထွန်းရီ။ MWD Webportal (၂၅ စက်တင်ဘာ ၂၀၂၁)။ ၃ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဒု-ကာချုပ်ဟောင်း ဦးထွန်းရီအတွက် ဦးသန်းရွှေနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝမ်းနည်းစကားပါး။ Mizzima Burmese (၇ ဧပြီ ၂၀၁၄)။ ၃ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် ဦးဟန်ရွှေနှင့် တွေ့ဆုံခြင်း။ မြန်မာသံတော်ဆင့်။ ၃ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တစည ပါတီ ဥက္ကဌ ကွယ်လွန်။ BBC Burmese။ 28 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၂၂ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်း။ sacoffice.gov (၁၇ ဧပြီ ၂၀၂၂)။ ၁၂ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။