ထွန်းကြည်
ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) သရေစည်သူ ထွန်းကြည် | |
|---|---|
| ကုန်သွယ်ရေးဝန်ကြီး | |
| တာဝန်သက်တမ်း ၂၄ စက်တင်ဘာ ၁၉၉၂ – ၁၉၉၇ | |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁ မေ၊ ၁၉၃၈ (အသက် ၈၇ နှစ်) မုံရွာမြို့, မြန်မာနိုင်ငံ |
| လူမျိုး | မြန်မာ |
| ပညာရေး | မုံရွာ အထက (၁) |
| မိခင်ကျောင်း | စစ်တက္ကသိုလ် (ပြင်ဦးလွင်) |
| အလုပ်အကိုင် | စစ်မှုထမ်း |
| ကျော်ကြားမှု | တပ်မ (၈၈) တပ်မမှူး၊ မန္တလေးစစ်တိုင်းမှူး၊ကုန်သွယ်ရေးဝန်ကြီး |
| စစ်မှုထမ်းခြင်း | |
| ရာထူး | ဒုတိယဗိုလ်ချုပ်ကြီး |
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် (၁ မေ ၁၉၃၈ မွေးဖွား)သည် ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အုပ်ချုပ်ရေးကာလအတွင်း ထင်ရှားခဲ့သည့် တပ်မတော်အရာရှိကြီးတစ်ဦးဖြစ်သည်။စစ်တက္ကသိုလ် အပတ်စဉ်(၁)ဆင်း ၎င်းသည် စစ်တိုင်းမှူးတာဝန်များအပြင်၊ကုန်သွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]၁၉၃၈ ခုနှစ် မေလ ၁ရက်တွင် မုံရွာမြို့၌ မွေးဖွားခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် မုံရွာ အထက (၁)၊ ၁၉၅၀-၅၄ ခုနှစ်တွင် မုံရွာလူငယ်အစည်းအရုံးဝင်၊ ၁၉၅၄-၅၈ ခုနှစ်တွင် စစ်တက္ကသိုလ်အပတ်စဉ် (၁)သို့ တက်ရောက်ခဲ့သည်။
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]၁၉၅၉ ခုနှစ်တွင် စစ်တပ်တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံရပြီး၊ အမတ(၁)တွင် တပ်စုမှူး၊ မြစ်သားမြို့နယ် နလက ဥက္ကဋ္ဌ တာဝန်နှင့် ပြည်တွင်းပြည်ပ သင်တန်းများ တက်ရောက်ခဲ့သည်။
၁၉၆၂ ခုနှစ်တွင် အမြောက်တပ် (၁) တွင် တပ်ရေးတာဝန်၊ တပ်ထောက်တာဝန် နှင့် ၁၉၆၄ ခုနှစ်တွင် တခရ ကျောင်း (ဗထူး)နည်းပြအရာရှိ ဖြစ်လာခဲ့သည်။
၁၉၆၉ ခုနှစ်တွင် အမြောက်တပ် (၃) တပ်ခွဲမှူး၊ ၁၉၇၁ ခုနှစ်တွင် ခလရ (၂၆) ခွဲမှူး(ဗိုလ်မှူး) ၁၉၇၂ ခုနှစ်တွင် နမခ (အနောက်မြောက်တိုင်း စစ်ဌာနချုပ်) စစ်ဦးစီး (ဒုတိယတန်း)အဖြစ် ခန့်အပ်ခြင်း ခံရသည်။
၁၉၇၆ ခုနှစ်တွင် ခလရ (၄၇) တပ်ရင်းမှူး၊ တပ်ရင်းစည်းရုံးရေးကော်မတီဥက္ကဋ္ဌ၊ ၁၉၇၈ ခုနှစ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး(ပထမတန်း)၊ တိုင်းစည်းရုံးရေးကော်မတီ အတွင်းရေးမှူးနှင့် စဗဟမှူး တိုင်းစည်းရုံးရေးကော်မတီဝင်များ အဖြစ် တာဝန်ပေးအပ်ခံရသည်။
၁၉၈၃ ခုနှစ်တွင် တပ်မ (၈၈) တပ်မမှူး၊ တပ်မစည်းရုံးရေးကော်မတီဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။၁၉၈၅ ခုနှစ်တွင် နမခ (အနောက်မြောက်တိုင်း စစ်ဌာနချုပ်) တိုင်းမှူး၊ ထို့နောက် လပခ (အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်) တိုင်းမှူး အဖြစ် ခန့်အပ်ခံရသည်။
၁၉၈၈ နောက်ပိုင်းကာလများ
[ပြင်ဆင်ရန်]၁၉၈၈ ခုနှစ် စက်တင်ဘာတွင် ဦးနေဝင်း၏ ညွှန်ကြားချက်ဖြင့် စစ်တပ်က အာဏာသိမ်းစဉ် ၊၎င်းစည် အာဏာသိမ်း အဖွဲ့ ခေါင်းဆောင်တစ်ဦးအနေဖြင့် ပါဝင်ခဲ့သည်။ထို့နောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ နဝတ အဖွဲ့ဝင် ဖြစ်လာပြီး၊၁၉၉၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် စစ်တပ်မှအနားယူကာ ကုန်သွယ်ရေးဝန်ကြီးအဖြစ် အရပ်ဘက်ဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။၁၉၉၇ ခုနှစ် တွင် ဝန်ကြီးတာဝန်မှ အငြိမ်းစားယူခဲ့သည်။[၁] [၂]
ရရှိသည့်ဆု
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ်၊ဧပြီ ၁၇ ရက် တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ၎င်းအား သရေစည်သူဘွဲ့ အပ်နှင်းချီးမြှင့်ခဲ့သည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့မြေပေါ်မှာ နောင်ဘယ်သောအခါမှ စစ်အာဏာရှင် စနစ် ပြန် အမြစ်မတွယ်ရလေအောင်။ VOA (၂၁ မတ် ၂၀၁၆)။ ၆ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နဝတ ဝန်ကြီးဟောင်း ဦးထွန်းကြည်ဘက်က ဗိုလ်ကြီးဟောင်းတစ်ဦးကို ဆက်သွယ်ရေးပုဒ်မဖြင့် စွဲထားသည့်အမှု ဆက်စစ်ရန် အမိန့်ချ။ Myanmar Now (၆ စက်တင်ဘာ ၂၀၁၈)။ ၆ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၃ / ၂၀၂၂။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ (၁၇ ဧပြီ ၂၀၂၂)။ ၆ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။