ထွဏ်းနေနွယ်

ဝီကီပီးဒီးယား မှ

ထွဏ်းနေနွယ် [၁၉၂၄ - ၁၉၈၆][ပြင်ဆင်ရန်]

ပေါင်းတည်မြို့တွင် အဖကုန်သည် ဦးစံရွှေ၊ အမိဒေါ်ကုလားမ(ခ)ဒေါ်ရွှေတို့က ၁၉၂၄ ခု ဇူလိုင် ၁၈ ရက် သောကြာနေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်တွင် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ ဦးထွန်းလွင် ဖြစ်သည်။ မူလတန်းပညာကို ပေါင်းတည်မြို့ ဦးဖိုးစံ မြူနီစီပယ်ကျောင်းတွင်ဆည်းပူးခဲ့သည်။ ပေါင်းတည်မြို့ အင်္ဂလိပ်မြန်မာ အစိုးရအထက်တန်းကျောင်း၌ ဆက်လက်ပညာသင်ခဲ့ရာ ၁၉၄ဝ ပြည့်နှစ်တွင် ဆယ်တန်း အောင်ခဲ့သည်။

၁၉၃၆ - ၃၇ တွင် ပေါင်းတည်ကျောင်းသားသမဂ္ဂ စာကြည့်တိုက်မှူး၊ ဂျပန်ခေတ်တွင် အာရှလူငယ် စာကြည့်တိုက်မှူး၊ ပေါင်းတည် စာရေးဆရာအသင်း စာကြည့်တိုက်ခွဲ အတွင်းရေးမှူး၊ 'ပွင့်သစ်' နှင့် 'ရွှေဥဩ' လက်ရေးစာစောင် အယ်ဒီတာ၊ ဗမာ့ခေတ်နှင့် ဟံသာဝတီသတင်းစာသတင်းထောက်၊ ရုပ်ရှင်သတင်းထောက် စသည်တို့ကို ဆောင်ရွက်ခဲ့သည်။ ထိုနောက် သွေးသောက်မဂ္ဂဇင်း အယ်ဒီတာ (၁၉၄၈ - ၄၉)၊ စစ်ရုံးချုပ် စစ်ဝန်ထမ်း တပ်ပေါင်းစုအုပ်ချုပ်ရေးနှင့် ငွေစာရင်းဌာနတွင် အမှုထမ်း (၁၉၄၉ - ၅၂)၊ မြဝတီ မဂ္ဂဇင်းအယ်ဒီတာ (၁၉၅၂ - ၅၄)၊ ကလေးဂျာနယ်အယ်ဒီတာနှင့် ရောင်ခြယ်ဂျာနယ် မန်နေဂျာ (၁၉၅၄ - ၆ဝ)၊ ၁၉၆ဝ မှ စ၍ မြဝတီ မဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၇၃ တွင် အငြိမ်းစားယူခဲ့သည်။

၁၉၃၆ မှ စ၍ "ထွန်းကိုကို" ကလောင်အမည်ဖြင့် မြန်မာ့အလင်း သတင်းစာတွင် ရယ်ရွှင်ဖွယ်ရာများ ရေးသားခဲ့သည်။ ၁၉၃၇ တွင် ဒီးဒုတ်ဂျာနယ်နှင့် တိုးတက်ရေးမဂ္ဂဇင်းများ၌ ကဗျာများ စတင်ရေးသား ခဲ့သည်။ ၁၉၄၆ တွင် ဒီးဒုတ်ဂျာနယ်၌ ကဗျာများ ပြန်လည် ရေးသားရင်းက "ထွဏ်းနေနွယ်" ကလောင်အမည်ကိုယူခဲ့သည်။ ကလေးဂျာနယ်တွင် "မောင်ထူးတင့်"၊ "မောင်သက်လွင်" ကလောင် အမည်ခွဲ များဖြင့်လည်း ရေးသား ခဲ့သည်။

၁၉၆၁ တွင် နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်အရ အမေရိကန်ပြည်ထောင်စုသို့ လေ့လာရေးခရီး သွားရောက်ခဲ့သည်။ ယင်း အတွေ့အကြုံ များကို သူတို့ကမ္ဘာ (၁၉၆၃) အမည်ဖြင့် ခရီးသွားမှတ်တမ်းစာအုပ် ရေးသားထုတ်ဝေခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၈၆ ခု မေလ ၂၅ ရက် တနင်္ဂနွေနေ့ နံနက် ၁ နာရီ၌ ရန်ကုန်မြို့ ရန်ကင်းတိုက်ခန်း နေအိမ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်ခင်သိန်း (စာရေး ဆရာမကြီး ယုဝတီ မာလာသိန်း) နှင့် သားသုံးယောက် ကျန်ရစ် ခဲ့သည်။[၁]


စာညွှန်း[ပြင်ဆင်ရန်]

  1. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ် (၂ဝဝ၅ ခု၊ ဇူလိုင်လ)
  1. မလိခ။ မြန်မာ စာပေ အဘိဓာန် (၃)။ စာ ၁၁၄ - ၁၁၅။
  2. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၇)။ စာ ၁၈၇။
  3. ရှုမဝ စာတည်း အဖွဲ့။ ဝမ်းနည်း မှတ်တမ်း၊ ရှုမဝ (ဇူလိုင် ၁၉၈၆)။ စာ ၁၁၇။