ထွက်တော်မူကြီး (၁၂)ရပ်
ထွက်တော်မူကြီးပုံတော်များမှာ ၁၈၆၅ခု မေလ ၁၆ရက်နေ့တွင် မင်းတုန်းမင်းတရားကြီးကိုယ်တော်တိုင် မန္တလေးတောင်ခြေကျောက်တော်ကြီးဘုရားသို့ မင်းခမ်းမင်းနားနှင့်ထွက်တော်မူပုံကို ပန်းချီဆရာက ပုရပိုက်တွင် ရေးဆွဲမှတ်တမ်းတင်ထားခဲ့ပြီး ယင်းပုရပိုက်ကို မစ္စတာဆွင်ဟိုးဆိုသူထံမှတစ်ဆင့် အိန္ဒိယကျောက်စာဌာနက ရရှိကာ ပုံနှိပ်မှတ်တမ်းတင်ထားခဲ့ခြင်းဖြစ်သည်။
ဤပုံများအရ မင်းတုန်းမင်းကြီးထွက်တော်မူရာတွင် ရှေ့ဆုံးမှ အမြောက်တပ်၊ ၎င်းနောက်မှ ရှေ့ပြေးတပ်ခေါ် တပ်ရင်းအရွယ်အစားရှိ တပ်ခြောက်တပ်၊ ၎င်းနောက်မှ နန်းတော်အစောင့်တပ်များဖြစ်သော တပ်ရင်းကြီးအရွယ်အစားရှိ တပ်များလိုက်ပါရပြီး နောက်ဆုံးမှ နောက်ရံတပ်ခြောက်တပ် လိုက်ပါရသည်။ ပုံများ၏အောက်ခြေတွင်ပါသော စာများအရ မြန်မာတပ်(တပ်ရင်း) တစ်တပ်လျှင် အင်အား(၈၁၀)ယောက်ပါရှိကြောင်း သို့မဟုတ် ပြင်သစ်နွယ်များဖြစ်ပြီး အင်အား(၅၀၀)ခန့်ရှိကြောင်း သိရသည်။
လှံကိုင်တပ်များတွင် လော၊ အာသံ၊ မဏိပူရတပ်သားများပါကြောင်းကိုလည်း ဖော်ပြထားသဖြင့် ထိုအချိန်ထိ လော၊ အာသံ၊ မဏိပူရနယ်များမှာ မြန်မာပိုင်ဖြစ်ရာ မြန်မာမင်းထံ အမှုထမ်းကြရကြောင်း အထောက်အထားတစ်ခုဖြစ်သည်။ ထွက်တော်မူကြီး ထွက်တော်မူရာလျှင် ရှေ့ခြောက်တပ်၊ နောက်ခြောက်တပ် ခင်းကျင်းလိုက်ပါရသည့်အကြောင်းမှာ လက်ဝဲနေရာ အမတ်ခြောက်ကျိတ် ခြောက်ယောက် ရွေးချယ်ပြီးလျှင် တစ်တပ် တစ်ယောက်စီအမှူးခန့်၍ လက်ယာနေရာက အမတ်တပ်မှူးခြောက်ယောက်နှင့်ခြောက်တပ်ကို ရှေ့ခြောက်တပ်ခင်းကျင်းလိုက်ရသည်။ လက်ဝဲနေရာက အမတ်တပ်မှူးခြောက်နှင့်ခြောက်တပ်ကို နောက်ခြောက်တပ်ခင်းကျင်းလိုက်ပါရသည်။
မင်းတုန်းမင်းကြီးထွက်တော်မူခန်းတွင် ဖော်ပြထားသည့် ပုရပိုက်တွင်လည်း မင်းတုန်းမင်းကြီးကို ဗဟိုပြု၍ ရှေ့ခြောက်တပ်၊ နောက်ခြောက်တပ်ခင်းကျင်းလိုက်ပါလာကြောင်း တွေ့ရသည်။ မန္တလေးတောင်ခြေရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရားအရှေ့ ကျောက်သပိတ်ကြီးပြတိုက်အတွင်း ဤ ပုရပိုက်ပုံတူ ထွက်တော်မူကြီး အခမ်းအနားရောင်စုံပန်းချီကား (၁၅)ကား ချိတ်ဆွဲပြသထားသည်။ ထိုထွက်တော်မူကြီး ပုရပိုက်ပန်းချီများကို ၁၉၈၉ခုနှစ်တွင် မြန်မာ့သမိုင်းပညာရှင် ဒေါက်တာခင်မောင်ညွန့် စီစဉ်မှုနှင့် ကျောက်တော်ကြီးဂေါပကအဖွဲ့နှင့် ညှိနှိုင်းကာ မန္တလေး ရှေးဟောင်းသုတေသနဦးစီးဌာနမှ ပန်းချီဆရာ ဦးမောင်မောင်နှင့် ဦးသိန်းဦး တို့ရေးဆွဲခဲ့ကြသည်။ မင်းတုန်းမင်းကြီး ကျောက်တော်ကြီးဘုရား ရေစက်ချနေပုံ ပန်းချီကားကြီးတစ်ချပ်လည်း တွေ့ရသည်။
ရှေးဘုရင်မင်းများ နန်းတော်မှ သင်္ကြန်တော်ခေါ်ထွက်ခြင်း၊ မြို့နန်းအသစ်တည်ဆောက် ပြီးလျှင် မြို့သိမ်း၊ နန်းသိမ်းထွက်ခြင်း၊ ကုသိုလ်ကောင်းမှုပြုရန် ထွက်ခြင်းစသည့်တို့ကို ထွက်တော်မူကြီးထွက်သည်ဟု ခေါ်ဝေါ်လေ့ရှိသည်။ ယင်းသို့ ရှေ့ ခြောက်တပ်၊ နောက်ခြောက်တပ် တပ်ဝင်းခင်းကျင်းထွက်ခြင်းကိုပင် ထွက်တော်မူကြီး (၁၂)ရပ် ဟု ခေါ်ကြပြန်သည်။
သက္ကရာဇ် ၁၂၂ရခုနှစ် ကဆုန်လပြည့်ကျော် ၁ရရက်နေ့ နံနက်တစ်ချက်တီးကျော်အချိန် ကောင်းမှုတော် မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား မျက်နှာတော်ဖွင့်ရန်ရှိသည်ကို နမန္တဘက်၊ ဓာတ်ဘက်၊ ဆင်၊ မြင်း၊ ရထား စစ်အင်္ဂါလေးပါး တပ်ဝင်းအခမ်းအနားအကြီးအကျယ်စီစဉ် ခင်းကျင်းတော်မူ၍ ဆန္ဒန်ဆင်မင်းသခင် ဘဝရှင်မင်းတရားကြီးဘုရား၊ အရှင်မိဖုရားခေါင်ကြီးနှင့်အတူ စံနေတော်မူရင်း နန်းမြေဘုံသာ စံနန်းတော်မှ ထွက်တော်မူ၍ ဘုရားအနီး ကွန်းထောက်စခန်း စံနန်းတွင် စံတော်မူသည်ဟု ဖော်ပြထားသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နတ်မောင်ထွန်းရှိန် ရေး ဝင်းတွေနဲ့တည်တဲ့မင်းနေပြည်