မာတိကာသို့ ခုန်သွားရန်

ထီးလှိုင်ငှက်

ဝီကီပီးဒီးယား မှ

ထီးလှိုင်ငှက်သည် ဘုရားဟောကျမ်းဂန်လာ ဇာတ်ဝတ္ထု တို့တွင် ဟတ္ထိလိင်္ဂငှက်ဟူ၍ ထင်ရှား၏။ ပါဠိစကား ဟတ္ထိ လိင်္ဂမှ 'ထိလိုင်ကာ'သို့ ပြောင်းလဲလာပြီးလျှင် ထီးလှိုင်ငှက် ဖြစ်လာဟန်တူ၏။ ဟတ္ထိ ၏အနက် 'ဆင်'၊ လိင်္ဂ၏အနက် 'အသွင်အပြင်'ဟူ၍ဖြစ်ရာ၊ ဤအနက် အဓိပ္ပာယ်နှစ်ရပ်ကို ဆက်စပ်၍၊ ငှက်ဆင်ဟူ၍လည်းခေါ်ဆိုကြ၏။ ကျန်စစ်သား မွန်ဘာသာဖြင့်ရေးထိုးသော ရွှေစည်းခုံကျောက်စာတွင် 'ဟတ္ထိ လိင်္ဂငှက်ဆင်'ဟူ၍ တွေ့ရ၏။ အရွယ်နှင့်အင်အား ကြီးမားသည် ကို အစွဲပြု၍လည်း ငှက်ဘီလူးဟု တင်စားခေါ်ဝေါ်ကြသေး သည်။

ဓမ္မပဒဝတ္ထုတွင် ထီးလှိုင်ငှက်၏အကြောင်းကို ဤသို့ပြဆို ထား၏။ ထီးလှိုင်ငှက်သည် ဆင်ပြောင်ငါးစီးအားကို ဆောင်နိုင် ၏။ အစာကိုထိုးသုတ်၍ ကောင်းကင်၌ ပျံလေပြီးသော်၊ အလိုရှိ ရာအရပ်၌ချ၍ စားလေ့ရှိ၏။ အစာကိုမစားမီ လာခဲ့သည့်လမ်း ခရီးကို ပြန်၍လှည့်ကြည့်တတ်သော အလေ့ရှိ၏။

ကောသမ္ဗီပြည်ကြီးကို အုပ်စိုးသော ပူရန္တပ္ပမင်းကြီး၏ မိဖုရားသည် ကိုယ်ဝန်အရင့်အမာနှင့် နီမြန်းသော ကမ္ဗလာကို ဝတ်ခြုံလျက် နေစာလှုံနေစဉ်၊ ထီးလှိုင်ငှက်ကြီးသည် မိဖုရား အား သားတစ်အမှတ်ဖြင့် ထိုးသုတ် ဆောင်ယူသွားဘူးကြောင်း ကို ဓမ္မပဒ၊ အပ္ပမာဒဝဂ်၊ သာမာဝတီဝတ္ထုတွင် ဖော်ပြပါရှိလေ သည်။

မြန်မာနိုင်ငံသမိုင်းတွင် ပုဂံပြည်၌ သမုဒ္ဒရာဇ်မင်းကြီး၊ စိုးစံ တော်မူစဉ်အခါက ပုဂံပြည်သူပြည်သားများအား နှိပ်စက်ညှင်းပန်းနေသော ရှူးပျံ၊ ကျားကြီး၊ ဝက်ကြီး၊ ငှက်ကြီးဟူ၍ ရှိလေရာ၊ ထိုငှက်ကြီးသည် ဟတ္ထိလိင်္ဂမည်သော ထီးလှိုင်ငှက်ပင် ဖြစ်တန်ရာသည်။ ငှက်စာအဖြစ် ခုနစ်ရက်တကြိမ်လျှင် သမီးကညာ ခုနစ်ယောက်ကို ငှက်ကြီးအားပေးရ၏။ ထိုငှက်သည် တောင်ငယ်ခန့်ပမာရှိ၏။ ပြူစောထီးသည် ကျားကြီး၊ ဝက်ကြီးနှင့် ရှူးပျံတို့ကို လေးလက်နက်ဖြင့် ဦးစွာခွင်းသတ်ပြီးမှ ထိုငှက်ကြီးကိုလည်း ခွင်းသတ်လေ၏။ ငှက်ကြီးသေသော် ငှက်တောင်တစ် ချောင်းကိုနုတ်၍ မိန်းမခုနစ်ယောက်ကို ရွက်စေရာ၊ အနိုင်ပင် ရွက်ရသောဟူ၏။ ထိုနောက် ပြူစောထီးလည်း ထိုမိန်းမခုနစ်ယောက်တို့ကို ငှက်တောင်နှင့်အတူ 'သင်တို့အရှင်မင်းကြီးအား ဆက်သလေတော့'ဟုဆို၍ လွှတ်လိုက်၏။ ခရီးအကြားတွင် ငှက်တောင်လေး၍ မရွက်နိုင်သဖြင့် ပစ်ခဲ့သောနေရာကို ငှက်တောင်ပစ်ဟူ၍လည်း‌ကောင်း၊ ငှက်ကြီးအား ပစ်သတ်သောနေရာကို ငှက် ပစ်တောင်ဟူ၍လည်းကောင်း၊ ယခုတိုင်ခေါ်ဝေါ်လေသည်။ ဤအကြောင်း နှင့်စပ်လျဉ်း၍ ရှေးကဗျာလင်္ကာတို့၌ 'ကြီးလှငှက်ဆင်၊ အောင်မြင်ဝက်ထီး၊ သတ်လိုက်ပြီးမှ'ဟူ၍လည်းကောင်း၊ 'ငှက်ဘီလူးနှင့်၊ စာ ကြူးဆီခဲ၊ ဝက်ထီးရဲကို၊ အောင်ပွဲခွင်းလတ်၊ အရိမဒ်ဝယ်'ဟူ၍ စပ်ဆိုဖွဲ့နွဲ့ခဲ့ကြလေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)