မာတိကာသို့ ခုန်သွားရန်

ထန်းပင်တက် လက်မှတ်

ဝီကီပီးဒီးယား မှ

ထန်းပင်တက်လက်မှတ် ဆိုသည်မှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ခေတ်ကာလက ပေါ်ပေါက်ခဲ့သော စကားပုံနှိုင်းယှဉ်ချက်တစ်ခု ဖြစ်သည်။ ထိုခေတ်က ဂျပန်စစ်သားများသည် ရွာထဲသို့ ဝင်လာသည့်အခါ ထန်းပင်များကို မြင်လျှင် နီးစပ်ရာ ရွာသားတစ်ဦးအား လက်ဟန်၊ ခြေဟန်ဖြင့် ထန်းသီးတက်ခူးခိုင်းလေ့ရှိသည်။

ရွာသားက ထန်းသီးခူးပေးပြီးနောက် ထန်းပင်ပေါ်မှ ဆင်းလာသည့်အခါ ဂျပန်စစ်သားများက ဂျပန်စာအချို့ ရေးသားထားပြီး တံဆိပ်တုံးနှိပ်ထားသည့် စာရွက်တစ်ရွက်ကို ပေးအပ်လေ့ရှိသည်။ ထိုစာရွက်နှင့်အတူ အသုံးမဝင်တော့သော ဂျပန်ငွေ တစ်မတ်စေ့၊ ငါးမူးစေ့ စသည်တို့ကိုလည်း ဆုလာဘ်အဖြစ် ပေးတတ်ကြသည်။ ဂျပန်ဘာသာဖြင့် ရေးသားထားသော ထိုစာ၏ အဓိပ္ပာယ်မှာ "ဤလူသည် ထန်းပင်တက် အလွန်ကောင်းသူဖြစ်သည်" ဟူ၍သာ ဖြစ်သည်။

ရွာသားမှာ ဂျပန်စာကို နားမလည်သဖြင့် ထိုစာရွက်ကို ဂုဏ်ယူစရာ လက်မှတ်တစ်ခုဟု ထင်မှတ်ကာ နောက်ထပ် ရောက်ရှိလာသော ဂျပန်စစ်တပ်များကိုလည်း မျက်နှာချိုသွေးသောအားဖြင့် ထိုလက်မှတ်ကို ထုတ်ပြလေ့ရှိသည်။ ထိုအခါ ဂျပန်စစ်သားများကလည်း အဆိုပါလက်မှတ်ကို ကြည့်ရှုပြီး ထိုရွာသားကိုပင် ထန်းပင်ထပ်မံ တက်ခိုင်းပြန်သည်။ နောက်ပိုင်းတွင်မှ ရွာသားသည် အဆိုပါလက်မှတ်မှာ အလုပ်ပိုလုပ်ရစေမည့် အကြောင်းအရာသာဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ထိုအချိန်မှစ၍ တစ်စုံတစ်ယောက်အား အနှစ်သာရမရှိသော ချီးမွမ်းမှုမျိုးဖြင့် အလုပ်ပိုခိုင်းစေခြင်းကို ရည်ညွှန်းရာတွင် "ထန်းပင်တက်ကောင်းသည့် လက်မှတ် ရထားသူ" ဟု နှိုင်းယှဉ်ပြောဆို ဥပမာပေးသည့် စကားပေါ်ပေါက်လာခြင်း ဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ဦးဖေသိန်း (B.Sc.Engg.Electrical)၊ ကျွန်တော်ရေးတဲ့ ကျွန်တော့်အကြောင်း

ကိုးကား

[ပြင်ဆင်ရန်]