တောင်ဘက် (ကိုးသင်း) မြင်းဝန်

ဝီကီပီးဒီးယား မှ

တောင်ဘက် (ကိုးသင်း) မြင်းဝန်[ပြင်ဆင်ရန်]

တောင်ဘက် ကိုးသင်းမြင်းဝန်ရာထူးကို တောင်ဘက်မြင်းဝန်ဟူ၍သာလျှင် ယေဘုယျအားဖြင့် ခေါ်ဆိုကြ၏။ တောင်ဘက်ကိုးသင်းမြင်းနယ်မြေများကို တိကျသေချာစွာ မသိရသေးပေ။

တောင်ဘက်မြင်းဝန် ဦးဘော် ကုန်းဘောင်ခေတ်ဦးကာလ အစောဆုံးတွေ့ရှိရသည့် တောင်ဘက်မြင်းဝန်မှာ မင်းငယ်ကျော်ထင်ဘွဲ့ခံ ဦးဘော်ဖြစ်သည်။ ဦးဘော်သည် အလောင်းမင်းတရားကြီး၏ မြင်းတပ်မှူး စိတ္တရာဇာဘွဲ့ခံ ဦးပြင်းအောင်နှင့် မယ်တဲတို့၏ တတိယသား ဖြစ်သည်။ သူသည် တောင်ဘက်မြင်းဝန် ဖြစ်လာပြီးနောက် မင်းလှမဟာမင်းထင်ဘွဲ့ကို ရရှိခဲ့သေး၏။ တောင်ဘက်မြင်းဝန် ဦးဘော်သည် ဘကြီးတော် (စစ်ကိုင်းမင်း)၏ မိဘုရားခေါင် နန်းမတော်မယ်နုနှင့် စလင်း မင်းသားကြီး ဦးအိုတို့၏ ဦးရီးတော်စပ်သူလည်း ဖြစ်သည်။

တောင်ဘက် မြင်းဝန် ဦးမြတ်အောင်[ပြင်ဆင်ရန်]

စဉ့်ကူးမင်းနန်းတက်စ ၁၇၇၆ ခုနှစ်တွင် မဟာဇေယျသူရဘွဲ့ခံ ဦးမြတ်အောင်အား တောင်ဘက်မြင်းဝန်အရာ ခန့်အပ်ခဲ့သည်။ ဦးမြတ်အောင်သည် မနုဓမ္မာဓမ္မသတ်ကို ရေးဖွဲ့ခဲ့သည့် စာပေပညာရှင်ကြီး တစ်ဦးဖြစ်၏။ တောင်ဘက် မြင်းဝန်သည် ပင်းယ ရွှေစည်းခုံ ဘုရားတောင်ဘက် ရှေးဘုံစံတုလွတ်ကျောင်း နေရာဟောင်းတွင် ဇေတဝန်ရွှေကျောင်းကြီးကို ဆောက်လုပ်လှူဒါန်းခဲ့သူလည်း ဖြစ်သည်။ စဉ့်ကူးမင်းသည် ကျောင်းတော်ကြီးအား ရေစက်ချလှူဒါန်းပေးခဲ့ပြီး ဘုံစံဆရာတော်ကို ကျောင်းထိုင်စေခဲ့သည်။

နရာပျံစ[ပြင်ဆင်ရန်]

ဗဒုံမင်း (ဘိုးတော်ဘုရား) နန်းတက်စ ၁၇၈၂ ခုနှစ်တွင် နရာပျံစကို တောင်ဘက်မြင်းဝန်ရာထူး ပေးအပ်ခဲ့သည်။ နရာပျံစသည် ဗဒုံမင်း၏ နောက်လိုက်အမှုထမ်း ၁၂ ဦးတွင် တစ်ဦး အပါအဝင်ဖြစ်သည်။

ရာထူးအပြောင်းအလဲ[ပြင်ဆင်ရန်]

နရာပျံစမှာ တစ်နှစ်ခန့်သာ တောင်ဘက်မြင်းဝန်အဖြစ် အမှုထမ်းခဲ့ရ၏။ ၁၀ ဇူလိုင် ၁၇၈၃ ခုနှစ်တွင် သားတော် ရွှေတောင်မင်းသား ဦးပေါ်အား အိမ်ရှေ့ ဥပရာဇာ အရာပေးအပ်စဉ်တွင် အခမ်းအနားသို့ တောင်ဘက်မြင်းဝန် မင်းကျော်ရွှေတောင် တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။ ဗဒုံမင်းလက်ထက်၌ တောင်ဘက် မြင်းဝန် အပြောင်းအလဲများရှိခဲ့ရာတွင် ၁၇၉၇ ခုနှစ် ယိုးဒယားသို့ စစ်ချီချိန်၌ တောင်ဘက်မြင်းဝန်အဖြစ် နေမျိုးရဲခေါင် နော်ရထာအမှုထမ်းလျက်ရှိပြီ ဖြစ်သည်။ တောင်ဘက် မြင်းဝန် နေမျိုးရဲခေါင်နော်ရထာသည် တောင်ဘက် ကိုးသင်းမြင်းတပ်အား အုပ်ချုပ်ကွပ်ကဲလျက် လိုက်ပါစစ်မှုထမ်းခဲ့ရ၏။

စစ်ကိုင်းမင်းလက်ထက်[ပြင်ဆင်ရန်]

စစ်ကိုင်းမင်း (ဘကြီးတော်) နန်းတက်စ ၁၈၁၉ ခုနှစ်တွင် ရွှေတောင်အိန္ဒကျော်ကို တောင်ဘက်မြင်းဝန်အရာ ခန့်အပ်ခဲ့သည်။ ၃ နိုဝင်ဘာ ၁၈၁၉ ခုနှစ် စစ်ကိုင်းမင်းထီးဆောင်း မင်္ဂလာပြုစဉ် တောင်ဘက်မြင်းဝန် ရွှေတောင်အိန္ဒကျော်အား မင်းကျော်နော်ရထာဘွဲ့ ပြောင်းလဲပေးအပ်ခဲ့၏။ ယင်းနောက်ပိုင်း တောင်ဘက် မြင်းဝန်ရာထူးများကို များစွာမတွေ့ရှိရပေ။

မင်းတုန်းမင်းလက်ထက်[ပြင်ဆင်ရန်]

မင်းတုန်းမင်းလက်ထက်တော် ၁၈၅၆ ခုနှစ် အောက်တိုဘာလတွင် မိတ္ထီလာ ကန်တော်ကျိုးပေါက်စဉ် တောင်ဘက်ခြမ်းဝန်နှင့် မြင်းတပ်ဗိုလ်တို့ အုပ်ချုပ်သော ရဲမက်များသည် ဒေသခံကျေးရွာများမှ မင်းမှုထမ်းများနှင့် ပူးပေါင်းကာ ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ရကြောင်း တွေ့ရှိရ၏။ သို့သော် ယင်းတောင်ဘက် မြင်းဝန်၏ ဘွဲ့အမည်ကိုမူ မသိရပေ။

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉