တိလောကဟု ဆုံးမစာ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

တိလောကဟုဆုံးမစာ ကို သျှင်မဟာသီလဝံသ ( မြန်မာ ၈၁၅-၈၈၀) က ရေးသားပြုစုခဲ့သည်။

တိလောကဟုဆုံးမစာ [ပြင်ဆင်ရန်]

၁။    တိလောကဟု၊ မရနှိုင်းတူ၊ ဘက်မပြူသည့်၊ သုံးဆူရတနာ၊ မာတာပိတ၊ ဆရာစသား၊ အရှင်များကို၊ ပြစ်မှားမဆို၊ ရိုသေကြစေ၊ သာမဏေက၊ သူငယ်စသား၊ တပည့်များတို့၊ မှတ်သားကြပ်ကြပ်၊ မပြတ်သို့ပင်၊ ဆုံးမသင်သည်၊ ဝမ်းတွင်းအမြဲသွတ်။

၂။     ဂယောက်ဂယက်၊ ကျက်ကျက်ပျောက်ပျောက်၊ စားသောက်အိပ်နေ၊ မရှိစေနှင့်၊ သေသေသပ်သပ်၊ စိတ်ယူစွဲ၍ အမြဲမှတ်။

၃။    ဆရာသမား၊ မိဘအားကို၊ နိုးကြားမပြတ်၊ မျက် သစ်တံပူ၊ လုံ့လကူသည်၊ ယူ၍မပြတ်၊ နေ့တိုင်းကပ်။

၄။    ဘုရားခြေရင်း၊ ကျောင်းအသင်းတွင်၊ မြက်သစ်ပင်ကို၊ မြင်လျှင်မဖွယ်၊ မတင့်တယ်သော်၊ လယ်၍မပြတ်၊ တံမြက်ခတ်။

၅။    သုံးဆောင်ရေနှင့်၊ သောက်ရေအိုးတွင်၊ ရေနည်းမြင်သော်၊ ခေါ်ငင်ညီညွတ် သွား၍ခပ်။

၆။    ရေခပ်သွားလည်း ကစား၍သာမနေနှင့်၊ ကစား၍သာ၊ ရေမှာကြာသော်၊ သဲဒဏ်ရေဒဏ်၊ ပေးရန်မှန်သည်၊ ခံမည်သာကြံတော့ မင်းတို့ကျော။

၇။    နေ့ညဉ့်နံနက်၊ ကျိန်းစက်မွေ့ရာ၊ သင်ဖြူးဖျာ ကို၊ ခင်းကာယူငြား၊ ခေါက်သွင်းထား။

၈။    သင်္ကန်းသပိတ်၊ ပရိက္ခရာ၊ ကြွသွားခါသော်၊ ယူရာသည်များ ပြင်၍ထား။

၉။    ခရီးပန်းပင်၊ လာသည်မြင်သော်၊ အလျင်ယူလှမ်း၊ ဝတ်သင်္ကန်းကို။ ချွေးစွန်းမူကား၊ နေပူဖြန့်လွှား၊ သွင်းခေါက်ထား။

၁၀။  ရေချမ်းကပ်လျက်၊ ခြေလက်ဆုပ်နယ်၊ မူကြီးငယ်ကို၊ လွဲဖယ်မသွား၊ ယပ်လေခပ်၍ နေထံပါး။

၁၁။  ကိုယ်လက်ဖိန်း၍၊ ကျိန်းစက်သောခါ၊ တစာစာ နှင့်၊ ပြာပြာလောင်လောင်၊ တဟောင်ဟောင် သည်၊ ခေါင်ခေါင်ကြမ်းကို မနင်းနှင့်။

၁၂။  ရိုင်းစိုင်းနီးကပ်၊ မကိုင်းညွတ်ဘဲ၊ မတ်တတ်တိုး၍၊ မသွားနှင့်။

၁၃။ စားဖွယ်စားရာ၊ ကပ်သောခါလည်း၊ ချဉ်လာနီး စေ၊ ခြေစုံနေ၍၊ ရိုသေကိုင်းညွတ် ချဉ်း၍ကပ်။

၁၄။ ဘုဉ်းပေးဆိုတမ်း၊ ရဟန်းတို့အား၊ စားမည်လားဟု၊ စကားသည့်နှယ် မမေးနှင့်။

၁၅။  မိဦး ဘဦး၊ ဆရာ့ဦးကို ခူး၍အလျင် မစားနှင့်။

၁၆။  မိဘဆရာ၊ ထားသည့်ဟာကို၊ မျက်နှာကွယ် လျှင်၊ မယူငင်နှင့်၊ လိုချင်သောအား၊ စားချင် ငြားက၊ ဝပ်တွားခယ တောင်းပါကြ။

၁၇။  သပိတ်ဆွမ်းခွက်၊ ဆောင်ရွက်မပြတ်၊ ဆွမ်းဟင်းဗျပ်ကို ပွတ်တုံညစ်ကြေး၊ မြူမှေးမတင်၊ စင်အောင်ဆေး။

၁၈။  ကျောင်းတွင်အိမ်တွင်၊ မသန့်စင်၍၊ မြင်သည်ရှိသော်၊ ယူငင်သိမ်းဆည်း၊ အထည်းသိုငြား၊ ကောင်းကောင်းထား။

၁၉။  အမူနည်းများ၊ ခန့်ထားရှိသော်၊ တစ်ခွန်းခေါ်က၊ ကြားသော်ခဏ ချဉ်းကပ်ကြ။

၂၀။  ကိစ္စရှိငြား၊ သွားသည်များ၊ လျင်လျားခဏ လာပါကြ။

၂၁။  ဖျားနာကျောင်းတွင်၊ ရှိခဲ့လျှင်သော်၊ ကြင်ကြင်နာနာ ညီညာဖြဖြ၊ ဆေးဝါးပေး၍ လုပ်ကျွေးကြ။

၂၂။   သီတင်းသုံးချင်း၊ ချစ်ဟုန်ပြင်းသည့်၊ ပဥ္စင်းနှင့်ရှင်၊ ညီသွင်အစ်ကို၊ လွန်ကြည်ညိုသည်၊ ငါ့ကိုအဖ မှတ်ကြပါ။

၂၃။  အသက်ကြီးငယ်၊ ဝါကြီးငယ်ကို၊ လွှဲဖယ်မသွေ၊ နှိမ်ချလေ။

၂၄။  ရိုသေတုပ်ကွ၊ ဆည်းကပ်ကြလျက်၊ နေ့ည ကြည်ဖြူ နည်းခံယူ၍၊ ကြီးသူခေါ်က၊ ကြွကြွ လည်းလာ၊ ဗျာဗျာကျွန်ုပ်၊ ပုဆစ်တုပ်လျက်၊ ဖုံးအုပ်ခြေလက်၊ လွန်ငြိမ်သက်သည်၊ ကျောင်းထွက်လူပေ ဆိုရစေ။

၂၅။  တရားပေစာ၊ ဟောသောခါလည်း၊ နှုတ်မှာမစောင့် တထောင့်စကား၊ တဟားဟားသည်၊ ရိုင်းကာ မိုက်မဲ မပြောနှင့်။

၂၆။  လှူဖွယ်တန်းဖွယ်၊ ကြီးငယ်တည်တည်၊ ရောက်လာသည်ကို၊ လဲခါခဏ၊ သူ့ခွက်ယောက်ကို၊ မပျောက်နေ့ည ပေးလိုက်ကြ။

၂၇။  ကွမ်းဆေးမီးလျှင်၊ ဧည့်သည်မြင်သော်၊ အလျင်ခဏ တည်ပါကြ။

၂၈။  မင်းသွား ငါသွား၊ ငြင်းခုံပွားအောင်၊ စကားတောက်ဆတ် မဆိုအပ်။

၂၉။  မပြတ်မချာ၊ သူလည်းလာ၍၊ ငါ၏ထံပါး၊ စေစားရ၍ နေပါကြ။

၃၀။  ရဟန်းသံဃာ၊ တည်းခိုလာသော်၊ သင့်ရာ အထူး၊ သင်ဖြူးဖျာနှင့်၊ လာ၍ဖြဖြ ခင်းကုန်ကြ။

၃၁။  ပရိသတ်လည်း၊ မပြတ်ကျောင်းတွင် ရှိလျှင်တထွေ၊ တပည့်တွေကို၊ တပြေ(ပြည်)တစ်ရွာ၊ သွားသောအခါလည်း၊ ညီညာလျောက်ပတ်၊ လက်ကတော့ကို၊ ကောင်းကောင်းထိုးကုန်လတ်။

၃၂။  မလျှပ်မပေါ်၊ ခေါ်လျှင်လည်းရ၊ ထကြွမွေ့သိမ်၊ ဣန္ဒြေနှင့်၊ ငြိမ်ငြိမ်နေဘိ၊ မျက်စိမငြိမ်း၊ နားမငြိမ်းသည်၊ ဟိန်းဟဲ့မဆိုစေရနှင့်။

၃၃။  မျက်မှောက်ကောင်းငြား၊ ပြင်တစ်ပါးမှာ၊ တခြားမကျင့်ကြလေနှင့်။

၃၄။  မသင့်တတ်ငြား၊ ရန်စကားဖြင့်၊ ထွေပြားပွေလီ၊ တစီစီနှင့်၊ တဟီဟီသည်၊ ကျီစား၍လည်းမနေနှင့်။

၃၅။  ဟီနနတ္ထ၊ မဆဲကြနှင့်၊ ကြီးကငယ်သည်၊ နင်ဟယ်ကိုမျှ၊ မဆိုကြနှင့်၊ ရန်စချုပ်ချည်၊ ရှောင်လွဲဖယ်၍၊ သတ်မည်ကိုထား၊ လက်ဖျားနှင့်မျှ၊ မတို့ကြနှင့်၊ ချစ်လှရိုသေ၊ အချင်းချင်းကို၊ သင့်တတ်စေဟု၊ မအေ,ဖ,ရင်း၊ တဝမ်းတွင်းသို့၊ သားရင်းတူကွ၊ မှတ်ကုန်ကြ။

၃၆။  သင်္ကန်းအဝတ်၊ ချွတ်ထားပစ်လေ၊ မရိုသေ၍၊ ကလေကဝ၊ စုတ်ရှလတ်လည်း၊ သူ့အဝတ်ကို မဝတ်နှင့်။

၃၇။  တစ်ယောက်ကိစ္စ၊ ကိုင်တွယ်ကြသော်၊ ခြေကြွလက်သာ မနေရာသည်၊ တတ်ပါသမျှ ညီညာကြ။

၃၈။  ဆရာ့နေခင်း၊ အင်းပျဉ်ညောင်စောင်း၊ လဲလျောင်းဘုံလျှို၊ ထိုထိုထက်မှာ၊ မနေရာသည်၊ မြင့်ရာမသင့်၊ မထိုင်နှင့်။

၃၉။  ရှေ့ကစူးစူး၊ ဒူးလက်ကိုထောင်၊ ထိုင်ဆောင့်ကြောင့်နှင့်၊ ပေါင်ထောင်လက်ကား၊ အပါးကြပ်ကြပ် မနေအပ်။

၄၀။  ရှင်နှင့် သူငယ်၊ သောက်ရေအိုးကို တခြားတည်၊ သုံးဖွယ်မသင့်၊ ကျောင်းဦးရေကိုလည်း မသောက်နှင့်။

၄၁။  ကြီးသားငယ်သူ၊ ရှင်လူကစ၊ ဟူသမျှလည်း၊ မိဘဆရာ၊ ဘယ်မှာမမှတ်၊ ယုတ်မြတ်မသိ၊ ကျိုးမရှိဘဲ၊ မိမိကိုသာ ထောမနာလျက်၊ ဆထက်လွန်စွာ၊ တို့သူငါကို၊ မပါမည်လား၊ ဘယ်ခန့်ညားဟု၊ တုတုပပ၊ ပြစ်မှားကြလျှင်၊ မိဒဏ်, ဖဒဏ်၊ ဆရာ့ဒဏ်ကို၊ ခံရလိမ့်မယ် မယွင်းစွ။

၄၂။  ရဟန်းသံဃာ၊ အရိယာကို၊ လူ,သာမဏတို့ ချို့ချို့ငဲ့ငဲ့၊ ကဲ့ရဲ့ကျီစား၊ လှည့်စားမပြု၊ တုဖက်မဆို၊ ရိုသေကြစေ၊ မြွေပွေး, မြွေဟောက်၊ မထိစောက်သို့ ရွံ့ကြောက်စေ။

၄၃။ မွေတော်ဓာတ်တော်၊ ရုပ်ထုတော်ကို၊ ဖူးမြော်မပြတ်၊ ရှေးကျောင်းဦးမှာ၊ ဖြည့်ကြဝတ်တက်၊ နံနက်မိုးသောက်၊ ချိန်ခါရောက်သော်၊ ဝတ်လျှောက်မပျက်၊ လက်အုပ်တင်ထား၊ ဘုရား တရား သံဃာ၊ ရတနာသုံးပါး၊ ဂုဏ်တော်များကို၊ ကြိုးစားလုံ့လ ဆောက်တည်ကြ။

၄၄။ ငါကသည်စာ၊ သည်ဂါထာကို၊ မြဲစွာကြပ်မက်၊ ဆရာအပ်သော်၊ တတ်လှစေချင်၊ ငါ့ကိုသင်ဟု၊ ထိပ်တွင်လည်းရွက် လျင်လျင်ရအောင် ကြိုးစားကျက်။

၄၅။ အချိန်တန်၍၊ စာအံဆိုလျှင်၊ မရွှင်မျက်နှာ၊ မသာမချို၊ ထိုထိုအကြံ၊ ကြီးစွာဖန်၍၊ မအံတစ်ခါ၊ အံတစ်ခါနှင့် မျက်နှာတစ်ပါး၊ စာတခြားလည်း၊ စကားပြောဟော၊ သသောသောသည်၊ ရယ်မော၍လည်းမနေနှင့်။

၄၆။ မပြတ်သအံ၊ တညံညံသည်၊ စာအံစာဖတ်၊ ကြပ်ကြပ်မြဲမြဲ၊ သည်လဲညသတ်၊ ပြတ်ပြတ်သားသား၊ စကားဆိုထွေ ပီလှစေ။

၄၇။ သင်ပုန်းထန်းရွက်၊ ပေထက်စီကာ၊ ရေးသောခါလည်း အက္ခရာကို၊ သေချာလှစေ၊ စာလုံးကိုလည်း လှလှစေ။

၄၈။ မပျင်းမရိ၊ လုံ့လရှိ၍၊ သတိအထဲ၊ အရိုးစွဲအောင်၊ တဖောင်ဖောင်လျှင်၊ သန်းခေါင်ညဉ့်နက်၊ သင်ကျက်သမျှ၊ စစကုန်စေ၊ နေ့ကိုအလွတ်ရွတ်နိုင်စေ။

၄၉။ ရဟန်းမောင်ရှင်၊ သူငယ်သွင်သို့၊ မသင်မရွတ်၊ မဖတ်စာပေ၊ မရေမရာ၊ နေ့သာကုန်ငြား၊ ရက်သာများအောင်၊ စကားဖောင်ဖွဲ့၊ တုံလှည့်ကျယ်ပွား၊ စကားပြောဟော၊ တသောသောသည်၊ ရယ်မော၍လည်း မနေနှင့်။

၅၀။ တစ်ယောက်တခြား၊ စကားမဆို၊ ကိုယ်စီကိုယ်င၊ သင်ပုန်းပေမှာ၊ လက်မကွာအောင် စာရေးကြ။

၅၁။ နားပန်ဆံနှင့်၊ နောက်ဆံလည်းထား၊ ဖြူထွားခေါင်းပေါင်း၊ နားတောင်းဝတ်ကာ၊ ပန်းပန်ကာနှင့် သီကာမြူးရွှင်၊ ရွှေ, ငွေဆင်၍၊ သင်တို့သည့်နှယ် မကျင့်နှင့်။

၅၂။ သင်္ကန်းမှာလည်း၊ ပိန္နဲအပြင်၊ လှစေချင်၍၊ လွင်လွင်ပပ၊ ပြုကြမသင့်၊ နနွင်းဆိုးနှင့်၊ တိန်းညက်ဆိုးကိုလည်း မဝတ်နှင့်။

၅၃။ ဒသသီဆယ်ပါး၊ ဘုရားမုခပါဌ်၊ ရှင်ကျင့်ဝတ်ကို၊ စောင့်ကြပ်မြဲထွေ၊ ညီလှစေ။

၅၄။ ရှေးဆရာမွန်၊ ရှင်သီလဝံသ၊ ထေရ်ဂုဏ၏၊ နှံ့မျှအကျော်၊ မိန့်တော်နူတ်ထွက်၊ ဆုံးမချက်ကို၊ သက်သက်သာသာ၊ ပါဌ်ဂါထာနှင့်၊ လင်္ကာမဟုတ်၊ ကျမ်းရိုးထုတ်ကို၊ နှုတ်ဖြင့်မှတ်မည်၊ ခက်လှသည်ကြောင့်၊ ရမည်မှန်စွာ၊ လွယ်ပါစေကြောင်း၊ စိတ်ဖြင့်ကြံ၍၊ ဉာဏ်ဖြင့်လောင်းသည်၊ ကောင်းကောင်းကျက်မှတ်ကြလေကုန်။

၅၅။ ဗဟုသုတ၊ တတ်ပါချင်လျှင်၊ သင်သာခိုက်ကို၊ သင်လိုက်ကြ။

၅၆။ သို့ပင်တစေ၊ မနေရသာ၊ ကျောင်းကခွာသော်၊ နောင်ခါနောင်တ ရှိတတ်စွ။

၅၇။ အတတ်ပညာ၊ တတ်မှသာလျှင်၊ ကျောင်းမှာနေကျိုး၊ နပ်မည်ပ။

၅၈။ ဆုံးမစကား၊ ဆိုသည်များကို၊ မှတ်သားဝမ်းထဲ၊ စိတ်မစွဲလျှင်၊ သံဒဏ်ရေဒဏ်၊ ပေးရမှန်သည်။ ခံမည်သာကြံတော့ မင်းကိုကျော။

၅၉။ ယခုအခါ၊ သာသနာတွင်မူ လူဖြစ်မည်မျှ၊ ရခဲ လှ၏။ လူမှ သာမဏေ၊ ဖြစ်ပေမြတ်ခြင်း၊ ပဥ္စင်း သံဃာ၊ ဖြစ်ပြန်ပါမူ၊ ဆိုရာမရှိ မြတ်ခေါင်ထိဟု၊ သိကြပါစေ၊ သည့်ထက်သာသည်၊ မြတ်စွာဆုသာ လှမ်းပါလေ။

၆၀။ ရှင်သီလဝံသ၊ ထေရ်ဂုဏ၏၊ ဆုံးမစကား၊ မနာကြားက၊ လားလိမ့်ပါယ်ရပ်ရွာ။

၆၁။  ပစ္စုပ္ပန္န၊ ခုဘဝ၊ နေရကိုယ်ထီးသာ။

၆၂။  ပညာမရ၊လျှပ်ပေါ်လှ၊ သူများနောက်လိုက်သာ။

၆၃။  နောက်လိုက်ဝန်ထမ်း၊ လူညစ်နွမ်း၊ဝမ်းမျှမဝပါ။

၆၄။  မျက်နှာညှိုးပါး၊ လူ့ငနွား၊ အများစေစားရာ။

၆၅။ စေစားလေလေ၊ပိုးမသေ၊ ခြေနှင့်ကျောက်စရာ။

၆၆။ ခြေကျောက်ပါးတီး၊ လူမိုက်ကြီး၊ နှုတ်သီးတစာစာ။

၆၇။ ဘယ်ငှာကိုမျှ၊ ခွဲမရ၊ တလ္လရွံ့ဖွယ်သာ။

၆၈။ ဝတ်ရာတောင့်တ၊ ဝမ်းမဝ၊ ချေးရသူ့ဥစ္စာ။

၆၉။ ရကာသော်ကား၊ ငတောင်းစား၊ ရှောင်ရှားနေလေပါ။

၇၀။ တောမှာပုန်းအောင်း၊ မိုးလေခေါင်၊ ပြောင်းရွှေ့ရပ်ဝေးစွာ။

၇၁။  ရပ်ရွာတစ်ပါး၊ ရောက်တုံငြား၊ လားလားမလုပ်ပါ။

၇၂။ ပမာသွင်သွင်၊ တွေ့လေမြင်၊ ကိုယ်ငင်ထိုးတွန်းကာ။

၇၃။  ကြင်နာရိပပ်၊ တလျှပ်လျှပ်၊ ရက်ပြတ်ငတ်ဖို့ပါ။

၇၄။  ရှာဖွေချေးငှား။ မရငြား၊ သွား၍ ခိုးလေပါ။

၇၅။ ခိုးခါမိလေ၊ ထိုးခုတ်လေ၊ ကျလေပါယ်ရပ်ရွာ။

၇၆။ ဤစာရွှေကျမ်း၊ ဆုံးမခန်း၊ ရဟန်းလူရှင်၊ လွန်ကြင်လင် ထင်လိမ့်ယခုခါ။

၇၇။ ဝါယာလုံ့လ၊ ကြိုးပမ်းက၊ ရလိမ့်ဉာဏ်ပညာ။

၇၈။ လိမ္မာသိတတ်၊ လောကဓာတ်၊ တက်လိမ့်များဂုဏ်အင်။

၇၉။ သိမြင်ကျမ်းဂန်၊ သူ့ထက်လွန်၊ ဂုဏ်မွန်အများထင်။

၈၀။ ရှင်လူအများ၊ လွန်ခန့်ညား၊ သိကြားနတ်အသွင်။

၈၁။  ရွှင်ရွှင်လန်းလန်း ပွင့်သစ်ပန်း၊ မနွမ်းမျက်နှာမြင်။

၈၂။  မြင်မြင်သမျှ၊ ကြည်ညိုကြ၊ သိပ္ပဂုဏ်မြတ်ရှင်။

၈၃။  လိုအင်ပြည့်စုံ၊ ရောက်လာပုံ၊ ဂုဏ်ကြောင့်လွန်ပေါ်ထင်။

၈၄။  ရင်ခွင်တစ်ပါး၊ ပြောင်းလဲသွား၊ ဖိုးများကျောက်အသွင်။

၈၅။ ကောင်းကင်မိုးဝ၊ ရောင်ထွန်းပ၊ လပြည့်ဝန်းအသွင်။

၈၆။ သံသရာဘဝ၊ ပြောင်းလှည့်ကြွ၊ ဒေဝနတ်ဘုံတွင်။

၈၇။ များပင်နတ်ပေါင်း၊ ရံသိန်းသောင်း၊ လောင်းတော်နတ်အသွင်။

၈၈။ ပဥ္စင်းငါးမည်၊ နတ်တို့စည်၊ မည်သည့်အဆုံးအပ်။

၈၉။ ဒေဝကညာ၊ ဆင်းကလျာ၊ ရလာပတ်ကုံးအင်။

၉၀။ ပျော်ရွှင်ခံစား၊ လွန်ရှည်လျား၊ ဘုရားမိတေးတွင်။

၉၁။  အလျင်လက်ဦး၊ သူ့ထက်ထူး၊ ဖူးရမချွတ်ပင်။

၉၂။  ပဉ္စင်းညီနောင်၊ လူနတ်မြှောင်၊ အောင်လိမ့် နိဗ္ဗာန်ခွင်။

ရှင်မဟာသီလဝံသ ဆုံးမခန်း ပြီးပြီ။

ကိုးကား[ပြင်ဆင်ရန်]

  1. ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ (ဒုတိယအကြိမ် ed.)။ အခြေခံပညာ ဦးစီးဌာန။ စက်တင်ဘာ ၁၉၉၂။ pp. ၁၀၉။