တိလမုဋ္ဌိဇာတ်

ဝီကီပီးဒီးယား မှ

တိကနိပါတ် - ၁။ သင်္ကပ္ပဝဂ် -(၂၅၂) တိလမုဋ္ဌိဇာတ်။ ။ နှမ်းတစ်ဆုပ် စားမိသည့်အတွက် ဆရာဆုံးမချက် မကျေနပ်သဖြင့် မင်းအဖြစ်ရောက်သောအခါ ဆရာသတ်ရန် ပြုလုပ်ပြီးမှ ဆရာ၏ ဖြေရှင်းချက်ကို သဘောကျကာ ကျေးဇူးတင် ကန်တော့သော ဗြဟ္မဒတ်မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ဒေါသကြီးမား ရဟန်းတစ်ပါး[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မထင်ရှားသော ရဟန်းတစ်ပါးသည် အလွန်ဆင်းရဲပင်ပန်းခြင်း သဘောရှိ၏။ အနည်းငယ် ပြောဆိုငြားသော်လည်း ပြင်းစွာ အမျက်ထွက်တတ်၏။ သည်းခံခြင်းမရှိ။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်-ယ် “ငါ့ရှင်တို့ ... ဤမည်သောရဟန်း အလွန်ဆင်းရဲပင်ပန်းခြင်း သဘောရှိ၏။ အနည်းငယ် ပြောဆိုသော်လည်း ပြင်းစွာ အမျက်ထွက်တတ်၏။ သည်းခံခြင်းမရှိ၊ ဖိုခုံလောက်တွင် တင်ထားသော ဆားကဲ့သို့ ဖျစ်ဖျစ်မြည်လျက်သာနေ၏။ အမျက်ဒေါသကင်းသော သာသနာတော်၌ ရဟန်းပြုပါလျက် အမျက်ဒေါသကို နှိမ်နင်းခြင်းငှားမတတ်နိုင်” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ .. ဤရဟန်းကား ယခုအခါ၌သာ အမျက်ထွက်တတ်သည်မဟုတ်၊ ရှေးအခါ၌လည်း အမျက်ထွက်တတ်သည်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ပညာသင်လွှတ်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်းအား ဗြဟ္မဒတ်မည်သော သားတစ်ယောက်ရှိလေ၏။ မင်းကြီးသည် မင်းသား ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်လတ်သော် သားတော်ကိုခေါ်၍ “ချစ်သား ... ဆရာအဖို့ဖြစ်သော ဤငွေအသပြာတစ်ထောင်ကိုယူကာ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံသွား၍ အတတ်ပညာသင်ချေ” ဟု ပြောဆိုကာ လမ်းတွင်းစီးရန် လွှာချင်းဖိနပ်နှင့် ဆောင်းရန် သစ်ရွက်ထီးကိုပေး၍ လွှတ်လိုက်၏။

ရှေးမင်းတို့သဘောသည် မိမ်ိတို့တိုင်းပြည်ဝယ် ဒိသာပါမောက္ခဆရာရှိသော်လည်း ပညာမသင်စေဘဲ မင်းသားတို့ မာနကျိုးစေရန် လည်းကောင်း၊ အချမ်းအပူ စသည်ကို သည်းခံနိုင်စေရန် လည်းကောင်း၊ လူတို့စရိုက်ကို သိစေဝရန်လည်းကောင်း၊ ဒေသန္တာရ ဗဟုသုတရှိစေရန် လည်းကောင်း ဤသို့သော အကျိုးထူးတို့ကို မြော်မြင်ကာ ဝေးလံသော တိုင်းတစ်ပါးသို့ သားတော်တို့ကို ပညာတော်သင် လွှတ်လေ့ရှိကြကုန်၏။

ဗြဟ္မဒတ်မင်းသားသည် အမိအဖတို့ကို ရှိခိုးကန်တော့ပြီးလျှင် စားနပ်ရိက္ခာတို့ကို ယူဆောင်ကာ အစဉ်အတိုင်းသွားလေလျှင် တက္ကသိုလ်ပြည်သို့ရောက်၍ ဆရာအိမ်ကို မေးမြန်းကာ အိပ်တံခါးသို့ဝင်လျှင် တပည့်တို့ကို အတတ်ပညာသင်ပြီးသဖြင့် ဆရာကြီး စင်္ကြံသွားနေခိုက်ကြုံ၍ အနီးတွင် ရှိခိုးကာနေ၏။

ပညာတတ်ဖွယ် နည်းနှစ်သွယ်[ပြင်ဆင်ရန်]

ဆရာကြီးလည်း မင်းသားကိုမြင်လျှင် ပင်ပန်းလာသည်ကိုသိ၍ ဧည့်ဝတ်ကို ပြုစေ၏။ မင်းသားလည်း ထမင်းစားပြီးလျှင် ခဏအပန်းဖြေ၍ ဆရာထံသို့ ကပ်လေ၏။ ဆရာလည်း “အမောင် ... ဘယ်အရပ်မှလာသနည်း” ဟု မေး၏။ “ဆရာ ... ဗာရာဏသီပြည်မှလာပါသည်” ဟု ပြော၏။ “အမောင် ... မည်သူ၏သားနည်း” ဟု မေး၏။ “ဆရာ ... ဗြဟ္မဒတ်မင်း၏ သားတော် ဖြစ်ပါသည်” ဟု ပြော၏။ “အမောင် ... ဘယ်အတွက် လာသနည်း” ဟု မေး၏။ “ဆရာ ... အတတ်ပညာသင်ကြားရန်လာပါသည်” ဟု ပြော၏။ “အမောင် ... ဆရာ၏ အမှုကိစ္စကို ဆောင်ရွက်ကာ အခမဲ့ သင်မည်လော၊ သို့တည်းမဟုတ် ဆရာ့အတွက် အဖိုးအခ ပေး၍ သင်မည်လော” ဟု မေး၏။ “ဆရာ ... ကျွန်တော် ဆရာ့အတွက် အဖိုးအခပေး၍ သင်ပါမည်” ဟု ပြောဆိုကာ ဆရာ့အတွက် အသပြာတစ်ထောင်ပေး၍ ဆရာထံတွင် ပညာသင်ကြားလေ၏။

ပညာသင်တပည့်နှစ်မျိုးရှိရာ ဆရာ၏အမှုကိစ္စကို ဆောင်ရွက်၍ သင်သောတပည့်မှာ အဖိုးအဖမပေးရ၊ တစ်နေ့လုံး ဆရာ၏ အမှုကိစ္စကို ဆောင်ရွက်ကာ ညအခါ၌သာ သင်ကြားရကုန်၏။ ဆရာ့အတွက် အဖိုးအခပေး၍ သင်သောတပည့်မှာကား ဆရာ၏အမှုကိစ္စကို မဆောင်ရွက်ရဘဲ တစ်နေ့လုံး သင်ကြားရကုန်၏။

အကျင့်ပျက်က ရိုက်ဆုံးမ[ပြင်ဆင်ရန်]

တစ်နေ့သ၌ ဆရာသည် ဗြဟ္မဒတ်မင်းသားကိုခေါ်၍ ရေချိုးရန်သွားလေ၏။ ထိုအခါ မိန်းမအိုတစ်ယောက်သည် နှမ်းတို့ကို ချွတ်၍ထားပြီးလျှင် အနီးတွင် စောင့်လျက်နေ၏။ မင်းသားသည် နှမ်းဖြူတို့ကိုမြင်လျှင် စားလိုသဖြင့် နှစ်တစ်ဆုပ်ယူ၍ စားမိ၏။ မိန်းမအိုလည်း ဤသူငယ်ကား ချစ်ခြင်းများလှသည် အောက်မေ့ကာ ဆိတ်ဆိတ်နေ၏။ မင်းသားသည် သုံးရက်မြောက်နေ့၌လည်း နှစ်တစ်ဆုပ် ယူ၍စားပြန်၏။

ထိုအခါ မိန်းမအိုသည် သည်းမခံနိုင်တော့ဘဲ “ဒိသာပါမောက္ခဆရာသည် တပည့်တို့ကို လုယက်စေသည်” ဟု ဆို၍ လက်တို့ကိုမြှောက်ကာ ငိုမြည်တမ်းလေ၏။ ဆရာသည် နောက်သို့ပြန်၍ “မိခင် ... အဘယ်ကြောင့် ငိုမြည်တမ်းသနည်း” ဟု မေး၏။ “ဆရာ ... ဆရာ့တပည့်သည် ယနေ့နှမ်းတစ်ဆုပ် ယမန်နေ့က နှမ်းတစ်ဆုပ် ယူ၍စားသည်၊ ဤလိုသာ နေ့စဉ်စားနေလျှင် အကျွန်ုပ်ဥစ္စာ မကုန်ပါလော” ဟု ပြောကာ တိုင်တန်းလေ၏။ ဆရာသည် “မိခင် မငိုပါလင့်၊ တန်ဖိုးကိုလျော်စေပါမည်” ဟု ပြော၏။ “ဆရာ ... တန်ဖိုးဖြင့် အလိုမရှိ၊ ဤကဲ့သို့သောအမှုကို နောက်တစ်ဖန် မပြုဝံ့အောင်သာ ဆုံးမပါ” ဟု ပြော၏။ ဆရာသည် “မိခင် ... ကောင်းပြီ ကြည့်ပါ” ဟုဆို၍ မင်းသား၏ လက်နှစ်ဖက်တို့ကို လုလင်နှစ်ယောက်ကို ကိုင်စေ၍ ဝါးခြမ်းစိတ်ဖြင့် ကျောကိုရိုက်၍ ဆုံးမလေ၏။

တပည့်စိတ်ဆိုး ဖွဲ့ရန်ငြိုး[ပြင်ဆင်ရန်]

မင်းသားသည် ဆရာကို အမျက်ထွက်လျက်နီမြန်းသော မျက်လုံးဖြင့် ခြေဖမိုးမှ ဆံဖျားတိုင်အောင် ကြည့်လျက် ဤဆရာကို အခွင့်ရသောအခါ ငါသတ်မည်ဟု ရန်ငြိုးဖွဲ့လေ၏။ ဆရာလည်း မင်းသား အမျက်ထွက်၍ ကြည့်သည်ကို သိလေ၏။ မင်းသားလည်း ဆရာ့ထံမှ အတတ်ပညာ သင်ယူပြီးဆုံးသောအခါ ဆရာကိုခွင့်ပန် ရှိခိုး၍ အကောက်ဉာဏ်ဖြင့် “ဆရာ ... ကျွန်တော် ဗာရာဏသီပြည်တွင် မင်းအဖြစ်သို့ ရောက်သောအခါ ဆရာ့ထံ လူလွှတ်၍ အကြောင်းကြားပါမည်၊ ကြွဖြစ်အောင် ကြွခဲ့ပါ” ဟု ချစ်ခင်းကြည်ညိုဟန်ဆောင်၍ ဖိတ်ကြားဝန်ခံစေပြီးလျှင် ဗာရာဏသီပြည်သို့ ပြန်လေ၏။

ခမည်းတော်မင်းကြီးထံရောက်လျှင် မိမိတတ်မြောက်ခဲ့သော အတတ်ပညာတို့ကိုပြရာ မင်းကြီးသည် အလွန်နှစ်သက် အားရတော်မူသဖြင့် ငါ့သားတော် အတတ်ပညာစုံပေပြီ၊ ငါအသက်ရှင်စဉ်ပင် မင်း၏အသရေကို ကြည့်ရှုလိုသည်ဟု အောက်မေ့ကာ အဘိသတ်သွန်း၍ ထီးနန်းစည်းစိမ်ကို အပ်နှင်းလေ၏။

ကလဲ့စားချေရန် ဖိတ်မံပြန်[ပြင်ဆင်ရန်]

မင်းသားလည်း မင်း၏အသရေကို ခံစားရလျှင် တက္ကသို်လ်ဆရာ ဝါးခြမ်းစိတ်ဖြင့် ကျောကိုရိုက်ဖူးသော အဖြစ်ကို သတိရ၍ အသစ်ကဲ့သို့ဖြစ်၍ အမျက်ထွက်ကာ “ယခု မင်းအဖြစ်သို့ ရောက်ပေပြီ၊ ဆရာ့ကို ပူဇော်လိုပါသည်၊ အမြန်ကြွလာတော်မူပါ” ဟု မှာထားလျက် ပဏ္ဏာလက်ဆောင်ပေးကာ တက္ကိသိုလ်ဆရာထံ တမန်ကို စေလွှတ်လေ၏။ ဆရာလည်း တမန်၏စကားကိုကြားလျှင် “ဤမင်းကား ငယ်ရွယ်သေးသည်၊ ငါ၏ ဆုံးမစကားကို မှတ်သားနာယူနိုင်ဦးမည် မဟုတ်၊ သွားရန် မသင့်လျော်သေး ဟု ကြံစည်ကာ တမန်နှင့်အတူ ချက်ချင်းမလိုက်သေးဘဲ စောင့်ဆိုင်းကာနေ၏။

ဗာရာဏသီမင်းကြီး ပစ္ဆိမအရွယ်သို့ရောက်သောအခါ တက္ကိသိုလ်ဆရာသည် “ယခုအခါ မင်းကြီးသည် အမျက်မာန်နည်းပါးချိန်တော်ပြီ၊ ငါ၏ အဆုံးအမစကားကို မှတ်သားနာယူနိုင်လောက်ပြီ၊ မင်းကြီးကို ဆုံးမမည်” ဟု ကြံစည်သတိရကာ ဗြဟ္မဒတ်မင်းကြီးထံသို့ သွားလေ၏။ နန်းတော်တံခါးသို့ရောက်၍ အကြောင်းကြားစေရာ မင်းကြီးလည်း နှစ်သက်စွာ ဆရာကိုခေါ်စေ၍ ရှေ့တော်သို့ ရောက်လာသော ဆရာကိုမြင်လျှင် အမျက်ထွက်ကာ နီးမြန်းသော မျက်လုံးဖြင့် ကြည့်လျက် -

“အို - ပုဏ္ဏား ... သင်သည် နှစ်တစ်ဆုပ်ကြောင့် ငါ့ကို လက်နှစ်ဖက်တို့ကို ကိုင်စေပြီးလျှင် ဝါးခြမ်းစိတ်ဖြင့် ကျောကိုရိုက်နှက်သည်ကို ယနေ့တိုင်အောင်ပင် အမှတ်ရ၏။ အို - ပုဏ္ဏား ... သင်သည် ယခု ငါ့ထံသို့ ရောက်လာခြင်းကြောင့် လည်းကောင်း၊ ငါ့လက်နှစ်ဖက်ကို ကိုင်စေ၍ ဝါးခြမ်းစိတ်ဖြင့် ကျောကို သုံးကြိမ် ရိုက်နှက်ခြင်းကြောင့်လည်းကောင်း၊ သင်ကား အသက်ရှည်စွာ မနေလိုယောင်တကား” - သေဘေးဖြင့် ခြိမ်းခြောက်၍ ပြောဆိုလေ၏။

ဆရာဆုံးမလေ အမျက်ပြေ[ပြင်ဆင်ရန်]

ထိုမင်းကြီး စကားကို ဆရာပုဏ္ဏား ကြားလေလျှင် -

“မြတ်သောမင်းကြီး ... မြတ်သော အကျင့်ရှိသူသည် မမြတ်သောအကျင့်ကို ပြုကျင့်သူကို ဒဏ်ဖြင့်တားမြစ်၏။ ထိုတားမြစ်ခြင်းကား ဆုံးမခြင်းဖြစ်၏။ ရန်မဟုတ်ပါ၊ တားမြစ်ခြင်းကို ပညာရှိတို့ သိကြ၏” – ဟု - အကျိုးအကြောင်းပြ၍ ဆုံးမပြီးလျှင် ထိုထက်အလွန် ဆုံးမလိုပြန်သဖြင့် - “မြတ်သောမင်းကြီး ... ဆုံးမသောအရာ၌ ရန်ငြိုးမဖွဲ့မထိုက်။ သင်မင်းကြီးကို ကျွန်ုပ် အကယ်၍ မဆုံးမငြားအံ့၊ ပဲကြီး၊ မုန့်၊ နှမ်းညက်ဖြင့် ပြုအပ်သော ခဲဖွယ်စသည်ကို လည်းကောင်း၊ သစ်သီးကြီးငယ်စသည်ကို လည်းကောင်း လုယက်ခြင်း၊ အိမ်ခြံစပ်ကို ဖောက်ဖျက်ခြင်း၊ ခရီးသွားတို့ကို လုယက်ခြင်း၊ ရွာနိဂုံးကို ဖျက်ဆီးခြင်း၊ သူပုန်ထခြင်း စသည်တို့ကို ပြုသဖြင့် မင်း၏ ဆန့်ကျင်ဘက်ဖြစ်ကာ မင်းပြစ်မင်းဒဏ်သင့်လျက် သေကျေပျက်စီးခြင်းသို့ ရောက်ရပေမည်။ ဤကဲ့သို့သော မင်းစည်းစိမ်ကို ရတော့မည်မဟုတ်၊ ဆရာဖြစ်သော အကျွန်ုပ်ကိုမှီ၍သာ ဤစည်းစိမ်ကိုရသည်” ဟု မင်းကြီးအား ပြောကြားလေ၏။

မင်းကြီးကို ခြံရံ၍နေသော အမတ် စသည်တို့လည်း ဆရာစကားကို ကြားလျှင် မင်းကြီးအား - “အရှင်မင်းကြီး ... ဆရာ့စကား မှန်ပေသည်၊ ဤမင်းစည်းစိမ်ကား ဆရာ၏ဥစ္စာသာ ဖြစ်သည်” ဟု လျှောက်ကြကုန်၏။

ကျေးဇူးကိုဆပ် စည်းစိမ်အပ်[ပြင်ဆင်ရန်]

ထိုခဏ၌ မင်းကြီးသည် အမျက်ရန်ငြိုးပြေ၍ ဆရာ၏ ဂုဏ်ကျေးဇူးကို အောက်မေ့ကာ “ဆရာ ... ဆရာ့အား အလုံးစုံသော မင်းစည်းစိမ်ကို ပေးပါ၏” ဟု ပြောဆိုလေ၏။

ဆရာလည်း “မြတ်သောမင်းကြီး အကျွန်ုပ်ကား မင်းဖြစ်ဖြင့် အလိုမရှိပါ” ဟု ပယ်လေ၏။ မင်းကြီးသည် တက္ကသိုလ်ပြည်သို့စေလွှတ်၍ ဆရာ၏ သားမယားတို့ကို ခေါ်ယူစေပြီးလျှင် များစွာသော စည်းစိမ်အခြံအရံကို ပေးလေ၏။ ဆရာကိုလည်း ပုရောဟိတ် ပုဏ္ဏားပြုကာ အဖအရာ၌ထား၍ ဆရာ၏ အဆုံးအမ၌တည်လျက် ဒါန စသော ကုသိုလ်ကောင်းမှုကိုပြု၍ သေလွန်သည့်အခြားမဲ့၌ နတ်ပြည်သို့လားလေ၏။

ဤဒေသနာတော်၏အဆုံး၌ အမျက်ထွက်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်လေ၏။ များစွာသော ရဟန်းတို့သည် သောတာပတ္တဖိုလ်၊ သကဒါဂါမိဖိုလ်၌ တည်ကြကုန်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗြဟ္မဒတ်မင်းသည် - ယခုအခါ အမျက်ထွက်သောရဟန်း။

ဆရာပုဏ္ဏားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ဒေါသမျက်ကြီး၊ ရန်ငြိုးကြီး၊ ပျက်စီးဆင်းရဲစွာ။

(၂) အကျိုးဖြစ်ရန်၊ ဆုံးမပြန်၊ ရန်ငြိုးမဖွဲ့ရာ။

(၃) မမြတ်ကျင့်က၊ နည်းငယ်က၊ ဆုံးမတားမြစ်ရာ။ တိလမုဋ္ဌိဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ