မာတိကာသို့ ခုန်သွားရန်

တသက်စိန် (ဇာတ်မင်းသား)

ဝီကီပီးဒီးယား မှ
(တသက်စိန်၊ ဦး (ဇာတ်မင်းသားကြီး) မှ ပြန်ညွှန်းထားသည်)
တသက်စိန် (သောမတ်ဘိုးစိန်)
မွေးဖွား (1930-04-25) ဧပြီ ၂၅၊ ၁၉၃၀ (အသက် ၉၆)
ရန်ကုန်မြို့
ကွယ်လွန်အောက်တိုဘာ ၂၆၊ ၁၉၈၈(1988-10-26) (အသက် ၅၈)
ရန်ကုန်မြို့
ပညာရေးတော်ဝင်ပန်တျာကျောင်း (လန်ဒန်မြို့)
အလုပ်အကိုင်
  • ဇာတ်မင်းသား
  • ကမ္ဘာလှည့်ခရီးသည် လမ်းညွှန်
ထင်ရှားသည့်
လုပ်ဆောင်မှု
  • တော်ဝင်နန်းသုံး ဓားခုတ်ပညာဒီပလိုမာ
  • ခြေကပညာဒီပလိုမာ
အိမ်ထောင်ဖက်(များ)ရင်ရင်စိန်
မိဘ(များ)ဂရိတ်ဖိုးစိန်+ ကြင်ယုံ

ဦးတသက်စိန် (သောမတ်ဘိုးစိန်) (၂၅ ဧပြီ ၁၉၃၀– ၂၆ အောက်တိုဘာ ၁၉၈၈) သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ တော်ဝင်ပန်တျာကျောင်းမှ အကပညာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သော ထင်ရှားသည့် မြန်မာဇာတ်သဘင် ပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် မြန်မာ့ရိုးရာ သဘင်အနုပညာကို နိုင်ငံတကာအဆင့်မီ ဆန်းသစ်တီထွင်ကပြခဲ့သူဖြစ်ပြီး၊ ဖခင်ဖြစ်သူ "ဂရိတ်ဦးဖိုးစိန်" ၏ အနုပညာ အမွေဆက်ခံသူအဖြစ် "စိန်မဟာသဘင်" ကို ဦးစီးခဲ့သူလည်း ဖြစ်သည်။[၁]

ငယ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

ဇာတ်မင်းသားကြီး ဦးတသက်စိန် (သောမတ်ဘိုးစိန်) ကို ရန်ကုန်မြို့၌ သဘင့် ဦးသျှောင် ဂရိတ် ဦးဖိုးစိန်၊ အမိ ဒေါ်ကြင်ယုံတို့မှ ၁၉၃ဝ ပြည့်နှစ် ဧပြီလ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။[၂]

ဦးတသက်စိန်သည် စစ်ကြိုခေတ် တွင် Diocesan Boys High School ကျောင်းတွင် ခြောက်တန်းအထိ ပညာသင်ကြားခဲ့ပြီး၊ဂျပန်ခေတ် တွင် ဥတ္တမဂျပန်စာသင်ကျောင်း၌ ဂျပန်စာကို ခင်ခရုခမ် အဆင့် အောင်မြင် သည်အထိ သင်ကြားခဲ့သည်။ စစ်ပြီးခေတ်၌ တီတီစီကျောင်းတွင် ၁ဝ တန်းအထိ ပညာဆက်လက်သင်ကြားခဲ့သည်။

ဇာတ်မင်းသားဘဝ

[ပြင်ဆင်ရန်]

ပညာသင်ကြားနေစဉ်ကပင် ဦးတသက်စိန် သည် ဇာတ်ပွဲများတွင် အိမ်ရှေ့မင်းသားအခန်းနှင့် လိုအပ်သော ဇာတ်ကောင် နေရာများ၌ ပါဝင်ကပြခဲ့သည်။ ထို့နောက် ၁၉၅၁ ခုနှစ်ခန့် တွင် သူငယ်ချင်းတစ်ဦး၏ လမ်းညွှန်မှုဖြင့် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဆောက်ဟမ်တန် (အေအက်စ်တီ) ကျောင်းတွင် လေယာဉ်မောင်းသင်ရန် ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့သည်။

သို့သော် ဖခင်ဖြစ်သူ ဘုရားဒါယကာ ဦးဖိုးစိန်က လေယာဉ်မောင်းသင်တန်း တက်ရောက်ခြင်းကို မနှစ်မြို့သဖြင့် လန်ဒန်မြို့သို့ လိုက်သွားပြီး လွတ်လပ်ရေးမရမီက မြန်မာနိုင်ငံ တွင် မဟာမိတ်တပ်ပေါင်းစုံ သေနာပတိချုပ်အဖြစ် ဆောင်ရွက်ခဲ့ဖူးသော လော့မောင့်ဘက်တန် ထံမှ ထောက်ခံစာကို ရယူ၍ သာမန်လူများ တက်ရောက်နိုင်ခဲသည့် တော်ဝင်ပန်တျာကျောင်းကို သားဖြစ်သူ ဦးတသက်စိန်အား အပ်နှံပညာသင်ကြားစေခဲ့သည်။

ဦးတသက်စိန်သည် အဆိုပါပန်တျာကျောင်းမှ တော်ဝင်နန်းသုံး ဓားခုတ်ပညာဒီပလိုမာဘွဲ့ကို လည်းကောင်း၊ Tap Dancing ခေါ် အသံထွက်စေရန် ဖိနပ်တွင် သံခွာ တပ်၍ ကရသောခြေက ပညာဒီပလိုမာဘွဲ့ကို လည်းကောင်း ရရှိခဲ့သည်။

ဦးတသက်စိန်သည် ဖခင်ဖြစ်သူ ဂရိတ်ဦးဖိုးစိန်နှင့်အတူ ဇာတ်ကခဲ့ရာ သူ၏ ခြေကပညာကို အခြေခံ၍ မြန်မာ့မူ မြန်မာ့ဟန်မပျက် ဆန်းသစ်တီထွင်ကပြခဲ့သည်။ ဖခင်ကွယ်လွန်ပြီး နောက် အစ်ကိုကြီး ဖြစ်သူ ဦးကက်နက်စိန် နှင့် အတူ စိန်မဟာသဘင်ဇာတ် တည်ထောင်ပြီး ကပြခဲ့သည်။ ထိုသို့ စိန်မဟာသဘင် လှည့်လည်ကပြရာတွင် တပ်မတော်သားများ အပန်းဖြေ နိုင်ရန်အတွက် တပ်သဘင်ပွဲအဖြစ် ကပြခဲ့ဖူးသည်။ ထို့အပြင် ဦးတသက်စိန်သည် ဆေးရုံရန်ပုံငွေ အလှူပွဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အလှူပွဲများ အဖြစ်လည်း ကပြပေးခဲ့ပြီး လူမှုရေးလုပ်ငန်းကို တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့သည်။

ရရှိခဲ့သောဆုတံဆိပ်များ

[ပြင်ဆင်ရန်]

ဦးတသက်စိန် သည် လန်ဒန်ရှိ ပန်တျာကျောင်း ၌ အကပညာသင်ကြားစဉ် ခြေကပညာတွင် ဆရာဖြစ်အဆင့်အထိ ထူးချွန်ခဲ့သောကြောင့် The imperial society of Teachers Dancing ဆုတံဆိပ်ကို ၁၉၅၂ ခုနှစ်တွင် ချီးမြှင့်ခြင်းခံခဲ့ရသည်။

ထို့အပြင် မန္တလေးမြို့ ရှိ ရသေ့ကြီး ဦးခန္တီ ပြတိုက် ရန်ပုံငွေအတွက် ကပြဖျော်ဖြေပေးခဲ့သဖြင့် ဦးတသက်စိန်အား သာသနာ့ အကျိုးဆောင် ရွှေတံဆိပ်နှင့် ဂုဏ်ထူးဆောင်လက်မှတ်ကို ချီးမြှင့်ခဲ့သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ဦးတသက်စိန်သည် နောက်ပိုင်းတွင် ဇာတ်သဘင်လောကမှအနားယူ၍ Tourist Burma ၌ ကမ္ဘာလှည့်ခရီးသည်များအတွက် လမ်းညွှန်လုပ်ငန်းကို ဂျပန်၊ အင်္ဂလိပ်နှင့် ဂျာမန် ဘာသာ သုံးမျိုး ကျွမ်းကျင်စွာအသုံးပြုလျက် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။

၁၉၈၈ ခုနှစ် အောက်တိုဘာလ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန် တွင် ဇနီး ဒေါ်ရင်ရင်စိန်နှင့် သားသမီးခြောက်ယောက် ကျန်ရစ်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

  1. ↑ ဇာတ်သမားလာလျှင် မှတ်သားစရာပါရမည်၊ ဇာတ်သမားပြန်လျှင် မှတ်သားစရာကျန်ရမည် | News and Periodical Enterprise။ 2026-07-09 တွင် ပြန်စစ်ပြီး။
  2. ↑ လှကွန့် (2018-06-07)။ ဂရိတ် ဦးဖိုးစိန် နဲ့ ပထမ ကျောင်းသားသပိတ် (in en-US)။ 2026-07-09 တွင် ပြန်စစ်ပြီး။