တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေ

ဝီကီပီးဒီးယား မှ

တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေ (၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၇။)

၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက် (၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်)

နိဒါန်း

ပြည်ထောင်စုလွှတ်တော်သည် တရားရုံး၏ မှန်ကန်လွတ်လပ်စွာ တရားစီရင်ရေး၊ တရားရုံး၏ ဂုဏ်သိက္ခာနှင့် အများပြည်သူ ယုံကြည်ကိုးစားမှုကို မထိခိုက်စေရေးတို့အတွက် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)အမည်နှင့်အဓိပ္ပာယ် ဖော်ပြချက်[ပြင်ဆင်ရန်]

၁။ဤဥပဒေကို တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေဟု ခေါ်တွင်စေရမည်။

၂။ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

(က)တရားရုံး ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၉၃ ပါ ပြဋ္ဌာန်းချက်အရ ဖွဲ့စည်းသည့် အောက်ပါ တရားရုံး များကို ဆိုသည်-

(၁)ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ် တရားလွှတ်တော်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများနှင့် ဥပဒေအရ တည်ထောင်သော အခြားတရားရုံးများ၊

(၂)စစ်ဘက်ဆိုင်ရာတရားရုံးများ၊

(၃)နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး။


(ခ)တရားရုံးများကို မထီမဲ့မြင်ပြုမှု ဆိုသည်မှာ တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှုနှင့် ပြစ်မှုဆိုင်ရာ မထီမဲ့မြင် ပြုမှုကိုဆိုသည်။

(ဂ)တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှု ဆိုသည်မှာ တရားရုံးတစ်ရုံးက ချမှတ်သော စီရင်ချက်၊ ဒီကရီ၊ အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် ထုတ်ဆင့်သော ဆင့်စာကို တမင်သက်သက် မလိုက်နာခြင်းကို ဆိုသည်။

(ဃ) ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု ဆိုသည်မှာ အောက်ပါ အပြုအမူတစ်ခုခုအတွက် အကြောင်းအရာ တစ်ရပ်ရပ်ကို နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ် သင်္ကေတဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့် ဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့် ဖြစ်စေ၊ တမင်ထုတ်ဖော် ကြေညာခြင်း၊ သတင်းအဖြစ် ရေးသား ဖော်ပြခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းကို ဆိုသည်-

(၁)တရားရုံး၏ ဥပဒေအရ အပ်နှင်းထားသော အခွင့်အာဏာကို သေးသိမ်စေခြင်း သို့မဟုတ် သေးသိမ်ရန် ဖြစ်တန်စေခြင်း၊

(၂)တရားစီရင်သော မှုခင်းကိစ္စတွင် ဖြောင့်မှန်စွာ ဆောင်ရွက်မှုကို ထိခိုက်စေခြင်း၊ စွက်ဖက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း၊

(၃)မှန်ကန်လွတ်လပ်စွာ တရားစီရင်ရေးအပေါ် အများပြည်သူက ယုံကြည်ကိုးစားမှု လျော့နည်း စေရန် တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း၊

(၄)တရားရုံးက ဆုံးဖြတ်ရန်ရှိသော အချက်များကို တစ်စုံတစ်ရာ အဆုံးအဖြတ်မပေးရသေးမီ ကြိုတင်ဝေဖန်ပြောဆိုခြင်း၊ ရေးသား ဖော်ပြခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်း။

(င)တရားလွှတ်တော်ဆိုသည်မှာ တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရား လွှတ်တော်ကို ဆိုသည်။

အခန်း(၂)စီရင်ပိုင်ခွင့်နှင့် အရေးယူပိုင်ခွင့်[ပြင်ဆင်ရန်]

၃။တရားလွှတ်တော်သည် တရားရုံးကို မထီမဲ့မြင်ပြုမှုအား ဤဥပဒေအရ စစ်ဆေးစီရင် ပိုင်ခွင့်ရှိသည်။

၄။တရားလွှတ်တော်သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စစ်ဘက်ဆိုင်ရာ တရားရုံး သို့မဟုတ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကို မထီမဲ့မြင်ပြုမှုအတွက် သက်ဆိုင်ရာ တရားရုံးမှ တာဝန်ရှိသူတစ်ဦး၏ လျှောက်ထားချက် အရ အရေးယူ ပိုင်ခွင့်ရှိသည်။

၅။တရားလွှတ်တော်သည်-

(က)မိမိသဘောအလျောက်ဖြစ်စေ၊

(ခ)နစ်နာသူအမှုသည် တစ်ဦး၏ လျှောက်ထားချက်အရဖြစ်စေ၊

(ဂ)အခြားနည်းအရဖြစ်စေ၊ တရားရုံးတစ်ရုံးကို မထီမဲ့မြင်ပြုမှုအား အရေးယူ ပိုင်ခွင့် ရှိသည်။ သို့ရာတွင် ကျူးလွန်ကြောင်း စွပ်စွဲထားသည့် မထီမဲ့မြင် ပြုမှုမှာ ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်ဒဏ်ချမှတ်နိုင်သော မထီမဲ့မြင် ပြုမှု ဖြစ်ပါက အရေးယူခွင့် မရှိစေရ။

၆။တရားလွှတ်တော်သည်-

(က)တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှုကို တရားမအထွေထွေမှု ဖွင့်လှစ်ဆောင်ရွက် ရမည်။

(ခ)ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှုကို ပြစ်မှုဆိုင်ရာ အထွေထွေမှု ဖွင့်လှစ် ဆောင်ရွက်ရမည်။

အခန်း(၃)ကင်းလွတ်ချက်များ[ပြင်ဆင်ရန်]

၇။ဆောင်ရွက်ဆဲ တရားစီရင်သော မှုခင်းတစ်ရပ်နှင့်စပ်လျဉ်း၍ တရားမျှတပြီး မှန်ကန် တိကျခိုင်လုံသော အကြောင်းအရာ တစ်ရပ်ရပ်ကို နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်သင်္ကေတ ဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ အခြား တစ်နည်းနည်းဖြင့်ဖြစ်စေ ထုတ်ဖော် ကြေညာခြင်း၊ သတင်းအဖြစ် ရေးသားဖော်ပြခြင်း သို့မဟုတ် ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုမှု မမြောက် စေရ။

၈။စစ်ဆေးကြားနာ၍ အပြီးသတ် အမိန့်ချမှတ်ထားပြီးဖြစ်သည့် တရားစီရင်သော မှုခင်းတစ်ရပ်၏ အရည်အသွေးအပေါ် မျှတစွာသုံးသပ်ချက် သို့မဟုတ် ဝေဖန်ချက်ကို ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုမှု မမြောက် စေရ။

၉။ဤဥပဒေတွင် မည်သို့ပါရှိစေကာမူ အောက်ဖော်ပြပါ အကြောင်းအရာများမှအပ အများပြည်သူ ဝင်ရောက်ခြင်းကို ကန့်သတ်ထားသော သီးသန့်ရုံးခန်း၌ ဆောင်ရွက် သည့် တရားစီရင်သော မှုခင်းတစ်ရပ်နှင့်စပ်လျဉ်း၍ တရားမျှတပြီး မှန်ကန်တိကျ ခိုင်လုံသော အစီရင်ခံစာကို ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုမှု မမြောက်စေရ-

(က)တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်၍ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်း၊

(ခ)အများပြည်သူဆိုင်ရာ မူဝါဒအရဖြစ်စေ၊ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံး၍ ဖြစ်စေ၊ တရားရုံးက အတိအလင်း တားမြစ်ပိတ်ပင်ထားသည့် တရားစီရင်သော မှုခင်းတစ်ရပ်၏ သတင်းအချက် အလက်များနှင့် သရုပ်ဖော်ပြချက်များကို ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်း၊

(ဂ)တရားစီရင်သော မှုခင်းတစ်ရပ်တွင် အငြင်းပွားလျက်ရှိသော လျှို့ဝှက်ထားရမည့် လုပ်ငန်းစဉ် စူးစမ်း ရှာဖွေတွေ့ရှိချက် သို့မဟုတ် တီထွင်မှု စသည်တို့နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ပုံနှိပ် ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်း။

အခန်း(၄)ပြစ်မှုနှင့်ပြစ်ဒဏ်များ[ပြင်ဆင်ရန်]

၁ဝ။မည်သူမဆို တရားရုံးကို ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ခြောက်လထက်မပိုသော အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၁၁။မည်သူမဆိုတရားရုံးကို တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ချမှတ်ရမည်။ ထိုသို့ ငွေဒဏ် ချမှတ်ရုံမျှဖြင့် လုံလောက်မှုမရှိဟု ထင်မြင်ပါက သုံးလထက်မပိုသော တရားမထောင်ဒဏ်ကို ချမှတ်နိုင်သည်။

အခန်း(၅)အယူခံဝင်ခွင့်[ပြင်ဆင်ရန်]

၁၂။တရားလွှတ်တော်သည် တရားရုံးကို ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု ကျူးလွန်သူက သော်လည်းကောင်း၊ တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှုကျူးလွန်သူက သော်လည်းကောင်း ကျေနပ်လောက်အောင် ဝန်ချတောင်းပန်လျှင် ထိုသူအား သတိပေးပြီး အပြစ်မှ လွှတ်နိုင်သည် သို့မဟုတ် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုနိုင်သည်။

၁၃။တရားရုံးကို မထီမဲ့မြင်ပြုမှုနှင့်စပ်လျဉ်း၍ တရားလွှတ်တော်က ချမှတ်သည့် အမိန့်သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ပြည်ထောင်စု တရားလွှတ်တော် ချုပ်သို့ အယူခံဝင်ခွင့်ရှိသည်။

အခန်း(၆)အထွေထွေ[ပြင်ဆင်ရန်]

၁၄။တရားရုံးကို မထီမဲ့မြင်ပြုမှုကို ကျူးလွန်ခဲ့သည်ဟု အဆိုရှိသောနေ့မှစ၍ တစ်နှစ် အတွင်း အမှုကိုစွဲဆိုရမည်။ သတ်မှတ်ထားသော ကာလထက် ကျော်လွန်ပါက မည်သည့်တရား လွှတ်တော်ကမျှ အဆိုပါအမှုကို အရေးယူ ဆောင်ရွက်ခြင်းမပြုရ။

၁၅။ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် လိုအပ်သော နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်နိုင်သည်။

၁၆။The Contempt of Courts Act ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ကိုးကား[ပြင်ဆင်ရန်]