တန်ဂန်ရီကာနိုင်ငံ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အာဖရိကတိုက်၏ အ‌ရှေ့ဘက်ပိုင်းတွင် တန်ဂန်ယီးက အိုင် ကြီးနှင့် အိန္ဒိယသမုဒ္ဒရာအကြား၌ တည်ရှိ၍၊ ယခုအခါ ဗူရွန်ဒီ (ယခင် အူရွန်ဒီ)၊ အာဝမ်းဒါး (ယခင် ရူအန်းဒါး)နှင့် တန်ဂန် ယီးကနိုင်ငံတို့ တည်ရှိရာ နယ်‌မြေ‌ဒေသကြီးသည် ၁၈၈၄ ခုနှစ် မှအစပြု၍ ဂျာမန် အ‌ရှေ့အာဖရိက ကိုလိုနီနယ်ကြီး၌ အပါ အဝင် ဖြစ်လာခဲ့၏။ ပထမကမ္ဘာစစ်ကြီးအတွင်း၌ မဟာမိတ် တို့ကသိမ်းယူခဲ့၍ ‌နောင်အခါ ဗြိတိသျှနှင့် ဗဲလဂျီယန်အစိုးရ တို့က ခွဲ‌ဝေယူလိုက်ကြသည်။

ဗဲလဂျီယန်တို့သည် ရူအန်းဒါး နှင့်အူရွန်ဒီနယ်ပယ်တို့ကိုရရှိ၍ ဗြိတိသျှတို့သည် ‌ပေါ်တူဂီတို့ ရရှိသွားသည့် ကီယွန်ဂီ တြိဂံနယ်‌မြေမှ အပကျန်နယ်‌မြေ အားလုံးကို ရရှိခဲ့‌လေသည်။ ဗြိတိသျှတို့ လက်တွင်း‌ရောက်ရှိ သွား‌သောနယ်‌မြေကို တန်ဂန်ယီးကနယ်ဟု‌ခေါ်၏ ထိုနယ်‌မြေကို ဗြိတိသျှတို့က ၁၉၁၈ ခုနှစ် ၁၉၄၆ ခုနှစ်အထိ နိုင်ငံ‌ပေါင်းချုပ် ကြီး၏ အခွင့်အမိန့်အရ၎င်း၊ ၁၉၄၆ ခုနှစ်မှ ၁၉၆၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်‌နေ့အထိ ကုလသမဂ္ဂ ထိန်သိမ်းခံနယ် အဖြစ်၎င်း အုပ်ချုပ်ခဲ့‌လေသည်။

တန်ဂန်းယီးကနယ်သည် ၁၉၆၀ ပြည့်နှစ် စက်တင်ဘာလ တွင် တာဝန်ခံအုပ်ချုပ်‌ရေးရရှိပြီးလျှင် ၁၉၆၁ ခုနှစ် ‌မေလ ၁ ရက်‌နေ့မှ အစပြု၍ ကိုယ်ပိုင်အုပ်ချုပ်‌ရေး ရရှိခဲ့သည်။ ၁၉၆၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်‌နေ့မှအစပြု၍ ဗြိတိသျှ ဓနသဟာယ အတွင်း အချုပ်အချာအာဏာပိုင် လွတ်လပ်‌သောနိုင်ငံတစ်ခု ဖြစ်လာခဲ့၏။ ၁၉၆၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်‌နေ့တွင် သမ္မတနိုင်ငံ အုပ်ချုပ်‌ရေးစံနစ်ကို စတင်ကျင့်သုံးလာခဲ့သည်။

တန်ဂန်ယီးကနိုင်ငံ၏ ‌မြောက်ဘက်တွင် ကင်ညာနိုင်ငံ၊ ဝိတိုရိယအိုင်နှင့် ယူဂါန်ဒါနိုင်ငံတို့ တည်ရှိ၍ ‌တောင်ဘက်တွင် မာလဝီနိုင်ငံ၊ မာလာဝီအိုင်နှင့် ဇမ္ဗီယာနိုင်ငံတည်ရှိ၏။ အ‌နောက်ဘက်တွင် ဇမ္ဗီယာနိုင်ငံ၊ တန်ဂန်ယီးကအိုင်၊ ဗူရွန်ဒီ နိုင်ငံနှင့် အာဝမ်းဒါးနိုင်ငံတို့တည်ရှိ၍ အ‌ရှေ့ဘက်တွင် အိန္ဒိယ သမုဒ္ဒရာတည်ရှိသည်။ ကမ်းရိုးတန်းသည် မိုင် ၅၀၀ ခန့်ရှည် လျား၏။ တန်ဂန်ယီးကနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၃၆၁၈၀၀ ဖြစ်၍ ၁၉၆၅ ခုနှစ် ခန့်မှန်း‌ခြေအရ လူဦး‌ရေ ၁၀၁ရ၅၀၀၀ ‌ယောက်ရှိသည်။

ယင်းသည့်အနက် အာဖရိက တိုင်းရင်းသားလူဦး‌ရေမှာ ၁၀၀၄၆၀၀၀ ဖြစ်၍ သီးခြားဘာသာ စကားနှင့် ထုံးစံဓ‌လေ့များရှိသည့် လူမျိုးစု‌ပေါင်းတရာ‌ကျော် ပါဝင်သည်။ ထိုလူမျိုးစုများသည် များ‌သောအားဖြင့် ဗန်တူ အနွယ်ဝင်များ ဖြစ်၏။ သို့‌သော် ဆွာဟီလီဘာသာစကားကို များ‌သောအားဖြင့် တစ်နိုင်ငံလုံးတွင် ‌ပြောဆိုနားလည်ကြ၏။ တန်ဂန်ယီးကနိုင်ငံ၏ မြို့‌တော်မှာ ဒါးရက်ဆလမ်ဖြစ်၍ အကြီးဆုံး‌သော ဆိပ်ကမ်းမြို့လည်းဖြစ်၏။ လူဦး‌ရေ ၁၅၀ ဝ၀၀ (၁၉၆၄) ‌နေထိုင်လျက်ရှိသည်။

တန်ဂန်ယီးကနိုင်ငံတွင် သ‌င်္ဘောနာနတ်‌လျှော်၊ ဝါဂွမ်းနှင့် ကာဖီစသည်တို့ကို စိုက်ပျိုးသည်။ တန်ဂန်ယီးကနိုင်ငံသည် ကမ္ဘာ‌ပေါ်တွင် သ‌င်္ဘောနာနတ်‌လျှော် အထွက်ဆုံးနိုင်ငံဖြစ်၏။ သစ်များလည်းထွက်၏။ သံ၊ ‌ကျောက်မီး‌သွေး၊ စိန်၊ ‌ရွှေ၊ ‌ငွေ၊ သ‌င်္ဘောနာနတ်‌လျှော်နှင့် သစ်များကို တင်ပို့‌ရောင်းချသည်။၁၉၆၄ ခုနှစ်၊ ဧပြီလ ၂ရ ရက်‌နေ့တွင် တန်ဂန်ယီးက တို့အတူပူး‌ပေါင်းကာ တန်ဂန်ယီးကနှင့် ဇန်ဇိဗာပြည်‌ထောင်စု သမ္မတနိုင်ငံဟု တည်‌ထောင်ခဲ့၏။ သို့ရာတွင် ထိုနှစ်‌အောက်တို ဘာလ ၂၉ ရက်‌နေ့တွင် တန်ဇာနီးယား ပြည်‌ထောင်စုသမ္မတ နိုင်ငံဟု အမည်‌ပြောင်းလိုက်‌လေသည်။

တန်ဇန်နီးယားနိုင်ငံ၏ အကြီးအကဲမှာ ပြည်သူလူထုက မဲဆန္ဒဖြင့် ‌ရွေး‌ကောက်တင်‌မြှောက်ရသော သမ္မတဖြစ်၏။ ထို သမ္မတက အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ‌ရွေးချယ်ခန့်ထား သည်။ အဖွဲ့ဝင် ၂၀၄ ဦးပါဝင်‌သော အမျိုးသားလွှတ်‌တော် ဟူ၍လည်းရှိသည်။

ဒါရက်ဆလမ်းမြို့သည်ပင် တန်ဇန်နီးယားနိုင်ငံ၏ မြို့‌တော် ဖြစ်သည်။ ဆွာဟီလီ ဘာသာစကားသည် တန်ဇန်နီးယားနိုင်ငံ ၏ ရုံးသုံးဘာသာစကားဖြစ်၏။ တန်ဇန်နီးယားနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်‌လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ ၅