တတိယကမ္ဘာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင် နိုင်ငံတကာ အခြေအနေများသည် စစ်ကြီးမတိုင်မီ ကာလနှင့် လုံးဝမတူ ကွဲပြား ခြားနားသွားခဲ့ပေသည်။ အမေရိကန်ပြည်ထောင်စု ဦးဆောင်သော အရင်းရှင် နိုင်ငံများနှင့် ရုရှဦးဆောင်သော ဆိုရှယ်လစ် နိုင်ငံများသည် အနောက်အုပ်စုနှင့် အရှေ့အုပ်စုအဖြစ် အထင်အရှား ကွဲပြားလာပြီး ကမ္ဘာ့ကုလသမဂ္ဂ အတွင်း၌သာမက ကမ္ဘာ့ကုလသမဂ္ဂ အပြင်၌ပါ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ အားပြိုင် စုစည်းလာကြသည်။ အုပ်စုကြီးနှစ်ခု အားပြိုင်နေစဉ် ကာလတွင် ကိုလိုနီနိုင်ငံ များစွာသည် အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများကြောင့် လွတ်လပ်ရေး ရရှိလာကြပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံသစ်များအဖြစ် ပေါ်ထွန်းလာခဲ့ကြသည်။ ယင်းနိုင်ငံသစ်များသည် မိမိတို့၏ အမျိုးသား လွတ်လပ်ရေးကို ထိန်းသိမ်းပြီး ကိုလိုနီစနစ်၏ ဒဏ်ရာ ဒဏ်ချက်များကို ကုစား၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လုပ်လိုကြ သည်။ ထို့ကြောင့် နိုင်ငံတကာ တင်းမာမှုများကို လျော့ပါးစေလိုကြပြီး အုပ်စုကြီးနှစ်ခုဖြစ်သော အရှေ့အုပ်စုနှင့် အနောက်အုပ်စုတို့တွင် ပါဝင်လိုခြင်း မရှိကြသဖြင့် မိမိတို့ မည်သို့မည်ပုံ ရပ်တည်ရမည်ကို နည်းလမ်းများ ရှာဖွေ စဉ်းစား လာကြသည်။ ၁၉၄၇ ခုနှစ်တွင် အာရှ-အာဖရိက နိုင်ငံအချို့သည် အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသော အမျိုးသား လှုပ်ရှားမှုကို ထောက်ခံကာ အစည်းအဝေးတစ်ခု နယူးဒေလီမြို့၌ စည်းလုံးညီညွတ်စွာဖြင့် ကျင်းပနိုင်ခဲ့ကြသည်။ ကိုလိုနီစနစ် ဆန့်ကျင်ရေးနှင့် လူမျိုးခွဲခြားရေးစနစ် ဆန့်ကျင်မှုများသည် နယူးဒေလီ ကွန်ဖရင့် အပြီးတွင် အာရှ-အာဖရိက နိုင်ငံများအတွင်းသို့ စိမ့်ဝင်ခဲ့လေသည်။ အာရှ-အာဖရိက နိုင်ငံအများသည် ပိုမိုစည်းလုံးလာပြီး ကုလသမဂ္ဂ အတွင်း၌သာမက အပြင်၌ပါ နီးစပ်ပူးပေါင်းမိလာကြပြီး ကုလသမဂ္ဂ အတွင်းတွင် အာရှ-အာဖရိက အုပ်စုဟူ၍ ဖြစ်ပေါ်လာခဲ့လေသည်။ အာရှ-အာဖရိက နိုင်ငံများသည် ၁၉၅၅ ခုနှစ်တွင် ကျင်းပ ခဲ့သော ဗန်ဒေါင်းကွန်ဖရင့် အပြီးတွင်လည်း နိုင်ငံတကာ နယ်ပယ်၌ မိမိတို့၏ အခန်းကဏ္ဍ မြင့်မားလာသည့်အလျောက် ပိုမိုစုစည်းမိပြီး ခိုင်မာ တောင့်တင်းလာခဲ့သည်။

စုစည်းမိလာခဲ့ကြသော အာရှ-အာဖရိကနိုင်ငံ ၂၅ နိုင်ငံသည် ၁၉၆၁ ခုနှစ်တွင် ယူဂိုစလားဗီးယားနိုင်ငံ ဗလြဂရိတ်မြို့တွင် ပထမဆုံးသော ဘက်မလိုက်နိုင်ငံ အစည်းအဝေးကို ကျင်းပနိုင်ခဲ့ကြပေသည်။ ယင်းအစည်းအဝေး သို့ လက်တင် အမေရိကတိုက်မှ နိုင်ငံများပါ စုစည်း ပါဝင်လာခဲ့သဖြင့် ယင်းနိုင်ငံများ၏ အင်အားစုမှာ ပိုမို အင်အားတောင့်တင်း လာခဲ့လေသည်။ ယင်းတိုက်ကြီး သုံးတိုက်မှ တက်ရောက်လာကြသော နိုင်ငံပေါင်း ၇၇ နိုင်ငံ သည် ကမ္ဘာ့ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေး ကွန်ဖရင့် (အန့်တက်)တွင် ညီညွတ်စွာဖြင့် မိမိတို့၏ အကျိုးကို ဖွင့်ဆို တင်ပြလာနိုင်ခဲ့ကြသည်။ ယင်းကဲ့သို့ အကျိုးတူ စည်းလုံး ညီညွတ်ခဲ့ကြသော ထိုနိုင်ငံများကို ၇၇ နိုင်ငံအုပ်စု ဟူ၍ ၎င်း၊ ၇၇ နိုင်ငံ ဟူ၍၎င်း ကင်ပွန်း တပ်ခဲ့ကြသည်။ ယင်းအုပ်စုတွင် နောက်ထပ် နိုင်ငံသစ်များ တိုးပွား လာခဲ့ သော်လည်း ၇၇ နိုင်ငံအုပ်စု ဟူ၍ပင် အမည်တွင်လျက် ရှိပေသည်။ အင်အားတောင့်တင်း စည်းလုံးလာခဲ့ကြသော နိုင်ငံငယ် များသည် အုပ်စုကြီးနှစ်ခုဖြစ်သော အရင်းရှင်အုပ်စု နှင့် ဆိုရှယ်လစ် အုပ်စုကြီးတို့တွင် ပါဝင်ခြင်းမပြုပဲ သီးခြားရပ်တည်၍ မိမိတို့ အကျိုးတူ ကိစ္စရပ်များကိုသာ ဆောင်ရွက်လာကြရာ အရေးပါ အရာရောက်လာပြီး အုပ်စုကြီး နှစ်စုမှ သီးခြားဟူသော သဘောဖြင့် တတိယအုပ်စုတစ်ခု ဖြစ်ပေါ် တည်ရှိလာခဲ့လေသည်။ ယူဂိုစလားဗီးယားနိုင်ငံ ဗဲလဂရိတ်မြို့တွင် ၁၉၆၁ ခုနှစ်၌ ပထမဆုံး ကျင်းပခဲ့သော ဘက်မလိုက်နိုင်ငံများ အစည်းအဝေးတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံသာ တက်ရောက်ခဲ့ သော်လည်း သီရိလင်္ကာနိုင်ငံ ကိုလံဗိုမြို့တွင် ၁၉၇၆ ခုနှစ်၌ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် ဘက်မလိုက် နိုင်ငံများ အစည်းအဝေးတွင်မူ နိုင်ငံပေါင်း ၈၅ နိုင်ငံအထိ တက်ရောက်ခဲ့သဖြင့် တစ်ဆယ့်ငါးနှစ်အတွင်း တတိယ အုပ်စုတွင် နိုင်ငံပေါင်း သုံးဆခွဲမျှ တိုးတက်လာခဲ့လေသည်။ ဘက်မလိုက် လှုပ်ရှားမှုတွင် ပါဝင်လာခဲ့ကြသော ယင်း တတိယအုပ်စု နိုင်ငံများကို ဘက်မလိုက်နိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ကြားနေနိုင်ငံများ၊ အခြေအနေအရ ပါဝင် ပက်သက်ခြင်း မရှိသော နိုင်ငံများ၊ ၇၇ နိုင် ငံအုပ်စု၊ ၇၇ နိုင်ငံ တတိယကမ္ဘာ စသည်ဖြင့် နေရာဌာနနှင့် အချိန်အခါကို လိုက်၍ အမျိုးမျိုး ကင်ပွန်းတပ် ခေါ်ဝေါ်လျက် ရှိကြပေသည်။ ကမ္ဘာ့ကုလသမဂ္ဂကြီးတွင် ယင်းနိုင်ငံများ၏ အင်အားသည် တစ်စတစ်စ တိုးတက်၍ လာနေပေသည်။ တတိယကမ္ဘာသည် ပြည်သူ့တရုတ်ပြည်က ဖော်ဆောင် လာသော ကမ္ဘာသုံးခုသီဝရီ နှင့် တူညီခြင်း မရှိပေ။ တရုတ်ပြည်၏ ကမ္ဘာသုံးခု သီဝရီမှာ စီးပွားရေးနှင့် လူမှုရေးတို့ အပေါ်တွင် အခြေမပြုဘဲ အင်အားတောင့်တင်းမှု များအပေါ် မူတည်၍ အင်အားလွန် နိုင်ငံများ ဖြစ်သော အမေရိကန် ပြည်ထောင်စုနှင့် ရုရှတို့ကို ပထမကမ္ဘာအဖြစ် ၎င်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများဖြစ်သော ဗြိတိန်၊ ပြင်သစ်၊ ဂျာမန်ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ချက်ကိုဆလိုဗားကီးယား နိုင်ငံ စသည်တို့ကို ဒုတိယမ္ဘာ အဖြစ်၎င်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံတို့ကိုမူ တတိယကမ္ဘာ အဖြစ်၎င်း ဖော်ဆောင်ခဲ့သည်။ တရုတ်တို့၏ ကမ္ဘာ့သုံးခု သီဝရီ မှာ စည်းရုံးရေး မဟာဗျူဟာ တစ်ရပ် ဖြစ်သည်ဟု ဆိုသည်

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း