တင်ဇင်းနော်ဂေး
ဆွီဒင်ရောက် နမ်ဂေး (၁၉၆၇) | |
ပုဂ္ဂိုလ်ရေး အချက်အလက် | |
---|---|
မွေးနာမည် | Namgyal Wangdi |
Main discipline | တောင်တက်သမား |
မွေးဖွား | Khumbu, Solukhumbu District, Sagarmatha Zone, နီပေါနိုင်ငံ | ၂၉ မေ၊ ၁၉၁၄
ကွယ်လွန် | ၉ မေ၊ ၁၉၈၆ Darjeeling, အနောက်ဘင်္ဂလားပြည်နယ်၊ အိန္ဒိယနိုင်ငံ | (အသက် ၇၁)
နိုင်ငံသား | နီပေါ၊ အိန္ဒိယ |
Career | |
စတင်ချိန် | ၁၉ နှစ် |
Starting discipline | Porter |
ထင်ရှားသော တက်ရောက်နိုင်မှု | ဧဝရတ်တောင်သို့ ပထမဆုံးတက်ရောက်နိုင်သူ (၁၉၅၃) |
ထင်ရှားသော အဖော် | အက်ဒမန်ဟီလာရီ |
မိသားစု | |
အိမ်ထောင်ဖက် | Dawa Phuti (၁၉၃၅–၁၉၄၄; သူမ ကွယ်လွန်ချိန်ထိ) Ang Lahmu (၁၉၄၅–၁၉၆၄; သူမ ကွယ်လွန်ချိန်ထိ) Dakku (m. ? – ၁၉၈၆; သူ ကွယ်လွန်ချိန်ထိ ) |
သားသမီး | Nima Dorje, Pem Pem, Nima, Jamling, Norbu, Deki and Dhamey |
တင်ဇင်းနမ်ဂေး (အင်္ဂလိပ်: Tenzing Norgay; /ˈtɛnsɪŋ ˈnɔːrɡeɪ/; ၂၉ မေ ၁၉၁၄ – ၉ မေ ၁၉၈၆) သည် နီပေါလ်လူမျိုး တောင်တက်သမား တစ်ယောက် ဖြစ်သည်။ ၁၉၅၃-ခုနှစ်တွင် အင်္ဂလိပ်လူမျိုး အက်ဒမန်ဟီလာရီ နှင့်အတူ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို တက်ရောက်နိုင်ခဲ့ပြီး စံချိန်တင်နိုင်ခဲ့သည်။ ၁၉၅၃-ခုနှစ်၊ မေလ၊ ၂၉-ရက်နေ့ နံနက် (၁၁)နာရီခွဲတွင် တင်ဇင်းနော်ဂေးနှင့် အက်ဒမန်ဟီလာရီတို့သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး တောင်ထွတ်ဖြစ်သည့် ဧဝရက်တောင်ထိပ်သို့ ရောက်ရှိခဲ့ကြသော ပထမဆုံး လူသားများ ဖြစ်လာခဲ့သည်။
တင်ဇင်းနမ်ဂေးကို (တရုတ်နိုင်ငံ၏ နယ်မြေတစ်ခုဖြစ်သည့်) တိဘက်နိုင်ငံ၌ ၁၉၁၄-ခုနှစ်တွင် မွေးဖွားခဲ့သည်။ နောက်ပိုင်းတွင် နီပေါလ်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ပြီး ရှာပါလူမျိုးများ ရှိရာတွင် နေထိုင်ခဲ့သည်။ တိဘက်ပြည်မှ နီပေါလ်နိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်းများစွာက ပြောင်းရွှေ့အခြေချခဲ့ကြသည့် ရှာပါလူမျိုးများသည် နှစ်ပေါင်း ရာနှင့်ချီကာ တောင်တန်းဒေသများတွင် နေထိုင်ခဲ့ကြသည်။ တင်ဇင်းနေထိုင်သည့် ရွာကလေးနှင့် မနီးမဝေးတွင် ဧဝရက်တောင်ကြီး ရှိလေသည်။ ဧဝရက်တောင်ထွတ်သည် ဟိမဝန္တာတောင်တန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး နီပေါလ်နှင့် တိဘက်နယ်စပ်တွင် တည်ရှိသည်။ ဥရောပတိုက်သားများ နီပေါလ်နိုင်ငံသို့ တောင်တက်ရန် လာကြသောအခါ ပစ္စည်းများ သယ်ဆောင်ရန်၊ တောင်များပေါ်သို့ လမ်းပြရန် ရှာပါလူမျိုးများကို ငှားရမ်းလေ့ရှိသည်။ တောင်တန်းဒေသတွင် နေထိုင်ရှင်သန်ကြသော အတွေ့အကြုံများကြောင့် ရှာပါများသည် လမ်းပြကောင်းများ၊ တောင်တက်သမားကောင်းများ ဖြစ်နေကြသည်။
တင်ဇင်းနမ်ဂေးသည် အသက် (၁၈)နှစ်တွင် အိန္ဒိယနိုင်ငံ၊ ဒါဂျီလင်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ တောင်တက်သမားများအတွက် ပစ္စည်းများ သယ်ဆောင်သော အလုပ်ကို လုပ်ကိုင်ရန် မျှော်လင့်ချက်နှင့် ဖြစ်သည်။ နောက် (၃)နှစ်ခန့် အကြာတွင် ဧဝရက်တောင်သို့ တက်ရောက်မည့် သုတေသနအဖွဲ့တစ်ဖွဲ့နှင့် အတူ ပစ္စည်းသယ် အလုပ်သမားအဖြစ် လိုက်ပါခဲ့ရသည်။ နောင် နှစ်အနဲငယ် အကြာတွင် ဧဝရက်တောင်ပေါ်သို့ တက်မည့်ခရီးစဉ်များကို အခြားသော တောင်တက်သမားများထက် ပိုမိုလိုက်ပါခဲ့ရလေသည်။
တင်ဇင်းသည် မတူကွဲပြားသော လူများစုနှင့်အတူ အလုပ်လုပ်ရင်းနှင့် ဘာသာစကား (၇)မျိုးကို တတ်မြောက်လာခဲ့သည်။ နောက်ပိုင်းတွင် ဆာဒါ သို့မဟုတ် အထမ်းသမားခေါင်းဆောင် တစ်ယောက်ဖြစ်လာခဲ့သည်။ ဧဝရက်တောင်သို့ တက်ရောက်သူများကို ဆက်လက်လမ်းပြပေးခဲ့ပြီး တောင်တက်သမား များစွာကို လှုံ့ဆော်မှု ပေးနိုင်ခဲ့သည်။
၁၉၅၃-ခုနှစ်၊ တင်ဇင်းနမ်ဂေးနှင့် အက်ဒမန်ဟီလာရီတို့ ဧဝရက်တောင်ထိပ်သို့ တက်ရောက်ခဲ့ကြသည့် သမိုင်းဝင်ခရီးစဉ် အတောအတွင်း အက်ဒ်မန်မှာ ခြေချော်၍ အသက်ဆုံးရလုနီးပါး ဖြစ်ခဲ့သည်။ တင်ဇင်းမှာ ကြောက်ရွံ့စိတ်မရှိဘဲ ကြိုးကို မြဲမြံစွာကိုင်ထားပြီး သူ့ပုဆိန်ကို ရေခဲမျက်နှာပြင်ပေါ်တွင် ခိုင်မြဲစွာ စိုက်ထားခဲ့သည်။ နောက်ပိုင်းတွင် သူက တောင်တက်သမားတွေဟာ အမြဲတမ်း တစ်ယောက်ကို တစ်ယောက် ကူညီကြပါတယ်ဟု ရိုးသားစွာ ပြန်လည်ပြောပြခဲ့သည်။
သူ၏ သူရသတ္တိနှင့် သူရဲကောင်းဆန်မှု၊ ဧဝရက်တောင်ထိပ်သို့ ပထမဦးဆုံး တက်ရောက်နိုင်ခဲ့သူများထဲက တစ်ဦးဖြစ်နေမှုတို့ကြောင့် တင်ဇင်းနော်ဂေးသည် ဗြိတိသျှ ဂျော့ချ်ခရော့စ်ဆုနှင့် နီပေါလ်ကြယ် ဆုတို့ ရရှိခဲ့သည်။ နောက်ပိုင်းတွင် တင်ဇင်းနော်ဂေး စွန့်စားခန်းများ အမည်ရှိ ခြေလျင်တောင်တက် ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ယခုအခါ သူ၏သားဖြစ်သူ ဂျမ်လင်းတင်ဇင်းနော်ဂေးက ဆက်လက်တာဝန်ယူလျက်ရှိသည်။ တင်ဇင်းနော်ဂေးသည် ၁၉၈၆-ခုနှစ်၊ မေလ (၉)ရက်နေ့၊ အသက် ၇၁-နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ လင်းတည်ဦး ဘာသာပြန်ဆိုသည်။ သမိုင်းဝင်ထင်ရှား ပုဂ္ဂိုလ်ကျော်များ၊ ပထမအကြိမ်၊ စက်တင်ဘာ၊ ၂၀၁၉၊ စာ-၆၅