တင်ညွန့်၊ ဦး၊ အလုပ်သမား ဝန်ကြီး

ဝီကီပီးဒီးယား မှ
(တင်ညွန့် ဦး မှ ပြန်ညွှန်းထားသည်)

လွတ်လပ်‌ရေး ‌မော်ကွန်းဝင် (ဒုတိယဆင့်) နှင့်နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ရ၊ အငြိမ်းစား အလုပ်သမား ဝန်ကြီး ဦးတင်ညွန့်ကို ရန်ကုန်တိုင်းအတွင်းရှိ ‌ချောင်ဝိုင်းကြီး ‌ကျေးရွာ၌ အဖဦးစံမြင့်၊ အမိ‌ဒေါ်ဖွားခင်တို့က ၁၉၁၈ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်‌နေ့တွင် ‌မွေးဖွားခဲ့ သည်။ ‌မွေးချင်း‌လေး‌ယောက်အနက်အကြီးဆုံးဖြစ်သည်။

ဦးတင်ညွန့်သည် ဖျာပုံမြို့အစိုးရ အထက်တန်း‌ကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပြီး ၁၉၃၆ ခုနှစ် တွင် ၁၀ တန်း‌အောင်မြင်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရခဲ့သည်။ ၁၉၄၂ ခုနှစ် တွင် နိုင်ငံ‌ရေး‌လောကသို့ ဝင်‌ရောက်ခဲ့ပြီး အာရှလူငယ်များအစည်းအရုံး ဌာနချုပ်၏ ရန်ကုန် ‌နေပြည်‌တော် စည်းရုံး‌ရေး တာဝန်ခံ အဖြစ်လည်း‌ကောင်း၊ People'sRevolutionary Party ( ပီ၊ အာရ် ပီ) ‌ခေါ် ပြည်သူ့အရေးတော်ပုံ ပါတီတွင် ‌မြေ‌အောက် ‌တော်လှန်‌ရေးတာဝန်ခံ တစ်ဦးအဖြစ်လည်း‌ကောင်း၊ ‌ကေဘိုတိုင် (Kei-botai)ခေါ် မြို့ပြကာကွယ်‌ရေး တပ်တွင် ဒုအရာရှိချုပ်အဖြစ် လည်း‌ကောင်း တာဝန်ယူ ‌ဆောင်ရွက်ခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၃၁ ရက်‌နေ့မှဧပြီလ ၂၄ ရက်‌နေ့အထိ ဂျပန်တို့၏ ဖမ်းဆီးချုပ်‌နှောင်ခြင်းခံခဲ့ရသည်။

ဦးတင်ညွန့်သည် ၁၉၄၆ ခုနှစ်တွင် ဆိုရှယ်လစ် ပါတီ၌ အလုပ်အမှု‌ဆောင် အဖွဲ့ဝင်အဖြစ်လည်း‌ကောင်း၊ ၁၉၄၇ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေ‌ရေးဆွဲ‌ရေး ‌ကော်မတီ၌အဖွဲ့ဝင် အဖြစ်လည်း‌ကောင်း၊ တိုင်းပြုပြည်ပြုလွှတ်‌တော် အမတ်အဖြစ် လည်း‌ကောင်း ‌ဆောင်ရွက်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင်တီယူစီဘီ အဖွဲ့ချုပ်၌ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးအဖြစ် ‌ဆောင်ရွက်ခဲ့သည်။

ဦးတင်ညွန့်သည် ၁၉၅၂ ခုနှစ်တွင် သယ်ယူပို့‌ဆောင်‌ရေးနှင့် လမ်းပန်းဆက်သွယ်‌ရေး ဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန၌ အတွင်းဝန်အဖြစ်လည်း‌ကောင်း၊ ၁၉၅၆ ခုနှစ်ဇွန်လ ၁၂ ရက်‌နေ့မှ ၁၉၅၈ ခုနှစ် ဇွန်လ ၄ ရက်‌နေ့အထိ အလုပ်သမား ဝန်ကြီးဌာန၌ အလုပ်သမားဝန်ကြီး အဖြစ်လည်း‌ကောင်းတာဝန် ထမ်းရွက်ခဲ့သည်။ ၁၉၅၇ ခုနှစ် ဂျီနီဗာမြို့၌ကျင်းပ‌သော အိုင်အယ်လ်အိုအဖွဲ့ချုပ် ညီလာခံသို့ မြန်မာနိုင်ငံကိုယ်စားလှယ် အဖွဲ့‌ခေါင်း‌ဆောင်အဖြစ် အစည်းအ‌ဝေးတက်‌ရောက်ခဲ့ပြီး အင်္ဂလန်နိုင်ငံတွင်လည်း အလုပ်သမား‌ရေးရာဌာနများကို ဝင်‌ရောက်‌လေ့လာခဲ့သည်။

ဦးတင်ညွန့်သည် ၁၉၆၀ ပြည့်နှစ်တွင် လွတ်လပ်‌ရေးမော်ကွန်းဝင် (ဒုတိယဆင့်) ရရှိခဲ့သည်။ ၁၉၆၈ ခုနှစ် နိုဝင်ဘာလ၂၉ ရက်‌နေ့တွင် ‌တော်လှန်‌ရေးအစိုးရက ဖိတ်ကြားခဲ့‌သော ပြည်တွင်းညီညွတ်‌ရေး အကြံ ‌ပေးအဖွဲ့ဝင် ၃၃ ဦးတွင် နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်တစ်ဦးအဖြစ် ဦးတင်ညွန့်ပါဝင်ခဲ့သည်။

ဦးတင်ညွန့်သည် ၁၉ရ၃ ခုနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ‌ရေး ဗဟို‌ကော်မရှင် အဖွဲ့ဝင် အဖြစ်လည်း‌ကောင်း၊၁၉၇၄ ခုနှစ်တွင် ကျင်းပ‌သော ပထမအကြိမ် ပြည်သူ့လွှတ်‌တော်နှင့် ပြည်သူ့‌ကောင်စီ အဆင့်ဆင့်‌ရွေးချယ် တင်‌မြှောက်ပွဲကျင်းပ‌ရေး ဗဟို‌ကော်မရှင် အဖွဲ့ဝင်အဖြစ် လည်း‌ကောင်း ‌ဆောင်ရွက်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ် ဇွန်လတွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကိုရရှိခဲ့သည်။

လွတ်လပ်‌ရေး‌မော်ကွန်းဝင် (ဒုတိယဆင့်) နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ရ အငြိမ်းစားအလုပ် သမားဝန်ကြီးဦးတင်ညွန့်သည် ၁၉၈၇ ခုနှစ် ‌မေလ ၁ ရက်‌နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ် လွန်ချိန်တွင် သားသမီးငါး‌ယောက်ကျန်ရစ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)