တက္ကသိုလ် မြတ်စိုး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

တက္ကသိုလ် မြတ်စိုး သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ တက္ကသိုလ်ဆရာ၊ သီချင်းရေးဆရာတစ်ဦးဖြစ်ကာ မြန်မာစာအဖွဲ့ဦးစီးဌာနတွင် အရာရှိတစ်ဦးအဖြစ်လည်း တာဝန်ထမ်ဆောင်ခဲ့သည်။

ဘဝ[ပြင်ဆင်ရန်]

တက္ကသိုလ် မြတ်စိုးသည် အဖ ဦးဘိုးချစ် (အငြိမ်းစား တိုင်းပညာဝန်)၊ မိခင် ဒေါ်သန်းတို့မှ ၁၉၃၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပြည်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း ဦးမြင့်ကြည် ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ စတင်တက်ရောက်ပြီး ၁၉၅၃ ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ ၁၉၆၀ ပြည့်နှစ်တွင် မဟာဝိဇ္ဇာဘွဲ့ ရရှိသည်။

လုပ်ငန်း[ပြင်ဆင်ရန်]

၁၉၅၃ ခုနှစ်၌ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနသို့ စတင်ဝင်ရောက်၍ မော်လမြိုင်ကောလိပ်၊ ဗထူးစစ်တက္ကသိုလ်၊ ပုသိမ် ကောလိပ်၊ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်နှင့် မြန်မာစာအဖွဲ့ဦးစီးဌာနတို့တွင် တာဝန်များ အဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် မြန်မာစာအဖွဲ့ဦးစီးဌာန ညွှန်ကြားရေးမှူးတာဝန်မှ အငြိမ်းစားယူ ခဲ့သည်။ ၁၉၉၅ ခုနှစ်မှစ၍ မြန်မာစာအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်သည်။


စာပေနယ်ပယ်[ပြင်ဆင်ရန်]

တက္ကသိုလ်မရောက်မီ စစ်ပြီးစ ဂျာနယ်၊ စာစောင်အချို့တွင် မောင်သာယာ အမည်ဖြင့် စတင်ကလောင်သွေးခဲ့သည်။ တက္ကသိုလ်ရောက်ပြီးနောက် တက္ကသိုလ် မြတ်စိုးအမည်ဖြင့်လည်းကောင်း၊ အမည်ရင်းဖြင့်လည်းကောင်း ချိုတေးသံ၊ ဂီတ ပဒေသာ၊ ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ ယဉ်ကျေးမှု စသည့်မဂ္ဂဇင်းများတွင် ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ၊ ရသစာတမ်းများ ရေးသားခဲ့သည်။

ဂီတနယ်ပယ်[ပြင်ဆင်ရန်]

စာပေနှင့်ယှဉ်လျက် ဂီတကို ဝါသနာအလျောက် လေ့လာခဲ့သည်။ စန္ဒရားနီနီ အပျော်တမ်းတူရိယာအဖွဲ့အတွက် သီချင်းများကို ပင်တိုင် ရေးသားခဲ့ရာ သံလွင်ဦး၊ သပြေညို၊ မိုးနဲ့စစ်သား၊ မေတ္တာကန်မွန်၊ အသည်းလမ်းကလေးမှာ လျှောက်လာပါ၊ ကြင်စဦး စသည့်သီချင်းများ ဖြစ်သည်။

ဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

သုတေသနစာတမ်းများအဖြစ် ကုန်းဘောင်ခေတ် မဟာဂီတ(၁၉၆၈)၊ မြန်မာဂီတ ၁၉၂၀-၇၀(၁၉၇၀)၊ မြန်မာဂီတကို နိုင်ငံခြားဂီတ ထိုးဖောက်ဝင်ရောက်လာပုံ (၁၉၇၃)၊ Three Yodaya Songs Representing Thai Element In Myanmar Classical Music(၁၉၉၆) တို့ကို ဖတ်ကြားခဲ့သည်။ မြန်မာစာညွန့်ပေါင်းကျမ်း (ပ၊ ဒု) (၁၉၉၂)၊ မြန်မာ့နိုင်ငံရေး စနစ်ပြောင်းကာလ ၁၉၆၂-၁၉၇၄ (ပ၊ ဒု၊ တ) (၁၉၉၃)၊ သဗ္ဗဂီတက္ကမ ပကာသနီကျမ်း (၁၉၉၃)၊ ဦးဂုဏ်ဘဏ်၏ မြန်မာ့ဂီတ အခြေခံ အတွဲ (၁၊ ၂) (၁၉၉၉-၂၀ဝ၁)၊ တေးရေး ပညာရှင်ကြီးများ၏ ခေတ်ဟောင်း တေးသီချင်းများ (အတွဲ ၁ မှ ၈) (၁၉၉၅-၂၀ဝ၆) တို့ကို တည်းဖြတ်ခဲ့သည်။ နိုင်ငံတော်မူ မဟာဂီတ (၂၀ဝ၅ ပုံနှိပ်မူ) ကို ဦးဆောင် တည်းဖြတ်ခဲ့သည်။

ယခုအခါ ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့တွင် အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဂုဏ်ပြုမှုနှင့် ဆုတံဆိပ်များ[ပြင်ဆင်ရန်]

၂၀ဝ၂ ခုနှစ်တွင် မြန်မာ့တေးဂီတ အနုစာပေသမိုင်း စာအုပ်ဖြင့် အမျိုးသား စာပေဆုနှင့် ၂၀၁၂ ခုနှစ်တွင် စာပေနှင့် ဂီတ၊ ဂီတနှင့် စာပေ စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်း စာပေဆုတို့ ရခဲ့သည်။

၂၀၁၃-ခုနှစ် အမျိုးသားစာပေ တစ်သက်တာ ဆုရရှိသည်။ ၂၀၁၃ ခုနှစ်တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ အပ်နှင်းသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စာပေဗိမာန်မှ ထုတ်ဝေသည့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလထုတ် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန် စာမူဆု လက်ကမ်းစာအုပ်မှ