တက္ကသိုလ်များ သမိုင်း သုတေသန ဌာန
တက္ကသိုလ်များ သမိုင်း သုတေသန ဌာနကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန အောက် ၌ ၁၉၉၁ ခု၊ စက်တင်ဘာ လ တွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ယခင်က ဖွဲ့စည်းတည်ရှိပြီးဖြစ်သော နိုင်ငံသမိုင်း သုတေသန ဦးစီးဌာန နှင့် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ( သုတေသန ) တို့ကို ပူးပေါင်း ဖွဲ့စည်း တည်ထောင်ခြင်း ဖြစ်သည်။
ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း
[ပြင်ဆင်ရန်]နိုင်ငံ သမိုင်း သုတေသန ဦးစီးဌာန မှာ လည်း ၁၉၅၅ ခုနှစ် ၊ ဇန်နဝါရီ လ တွင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ သမိုင်းကော်မရှင် ကို ပြင်ဆင် ဖွဲ့စည်းထားသည့် ဌာန ဖြစ်သည်။ မြန်မာနိုင်ငံ သမိုင်းကော်မရှင်ကို ဖွဲ့စည်းစဉ် က ဝန်ကြီးချုပ်ရုံး လက်အောက် တွင် ထားရှိပြီး ၁၉၆၂ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန အောက်သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင် ကို နိုင်ငံ သမိုင်း သုတေသန ဦးစီးဌာန အဖြစ် တိုးမြှင့်၍ ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ယဉ်ကျေးမှု ဝန်ကြီးဌာန အောက်ရှိ နိုင်ငံသမိုင်း သုတေသန ဦးစီးဌာန ကို ၁၉၈၄ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနအောက်သို့ လွှဲပြောင်း၍ နိုင်ငံသမိုင်း အဖွဲ့ ဦးစီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ရန်ကုန်တက္ကသိုလ် သမိုင်းဌာန တွင်လည်း ၁၉၇၂ ခုနှစ်ကတည်းက သုတေသန ဌာနစိတ် တစ်ခု ရှိသည်။ ထို့ကြောင့် နိုင်ငံ သမိုင်းအဖွဲ့ ဦးစီးဌာနနှင့် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ရှိ သုတေသန ဌာနစိတ် တို့ကို ၁၉၈၆ ခု၊ မတ်လ တွင် ပူးပေါင်းလိုက်ပြီး ၁၉၉၁ တွင် တက္ကသိုလ်များ သမိုင်း သုတေသန ဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန ကို ညွှန်ကြားရေးမှူး တစ်ဦးက ဦးဆောင် ကြီးကြပ်ကာ သုတေသန ဝန်ထမ်းများ က ခေတ်အလိုက် ခွဲခြား၍ လည်းကောင်း၊ စီမံကိန်းအလိုက် ခွဲခြား၍ လည်းကောင်း သုတေသန လုပ်ငန်းများ ကို လုပ်ဆောင်ကြသည်။ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၏ သုတေသန လုပ်ငန်းများကို လမ်းညွှန်မှု ပေးရန် သမိုင်းပညာရှင် များ ပါဝင်သည့် မြန်မာ့သမိုင်း အဖွဲ့ရှိသည်။ ပညာရေး ဝန်ကြီးဌာန ဝန်ကြီး က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော မြန်မာ့သမိုင်း အဖွဲ့ကို ၁၉၉၁ ခု၊ စက်တင်ဘာလတွင် ဖွဲ့စည်းသည်။ အဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ နှစ်ဦးမှာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ဦးစိုင်းအောင်ထွန်း တို့ဖြစ်ပြီး အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူး အဖြစ် ဆောင်ရွက်သည်။ အဖွဲ့တွင် အချိန်ပြည့် အဖွဲ့ဝင် ( ၁၃ ) ဦးနှင့် အချိန်ပိုင်း အဖွဲ့ဝင် ( ၁၃ ) ဦး ရှိသည်။ မြန်မာ့သမိုင်းအဖွဲ့ ၏ ဦးဆောင် လမ်းညွှန်မှုကို ခံယူ၍ တက္ကသိုလ်များ သမိုင်းသုတေသနဌာန သည် သုတေသနလုပ်ငန်းများ ကို စီမံကိန်းချ၍ ဆောင်ရွက်လျက်ရှိသည်။
စီမံကိန်းများ
[ပြင်ဆင်ရန်]တက္ကသိုလ်များ သမိုင်း သုတေသနဌာနသည် မြန်မာ့သမိုင်းကို အောက်ပါ အပိုင်းများ ခွဲခြား၍ စီမံကိန်းချကာပြုစုရေးသားလျက် ရှိသည်။
၁။ ပုဂံခေတ်မတိုင်မှီခေတ် ၂။ ပုဂံ၊ ပင်းယနှင့် စစ်ကိုင်းခေတ် ၃။ အင်းဝခေတ် ( ၁၃၆၄ - ၁၅၅၅) ၄။ တောင်ငူနှင့် ညောင်ရမ်းခေတ် ( ၁၃၅၈ - ၁၇၅၂ ) ၅။ ကုန်းဘောင်ခေတ် ( ၁၇၅၂ - ၁၈၈၅ ) ၆။ ကိုလိုနီခေတ် ( ၁၈၈၅ - ၁၉၄၈ ) ၇။ လွတ်လပ်ပြီးခေတ် (၁) ( ၁၉၄၈ -၁၉၆၂ ) ၈။ လွတ်လပ်ပြီးခေတ် (၂) ( ၁၉၆၂ - ၁၉၈၈ )
လုပ်ငန်းရပ်များ
[ပြင်ဆင်ရန်]တက္ကသိုလ်များ သမိုင်းသုတေသနဌာန၏ ဆောင်ရွက်ဆဲ/ပြီး သုတေသနလုပ်ငန်းရှစ်ခု မှာ -
၁။ ပုဂံ လေ့လာရေး ၂။ ဟံသာဝတီ မြို့ဟောင်း လေ့လာရေး ၃။ မန္တလေးမဟာမုနိ တံတိုင်းအတွင်းရှိ ကျောက်စာများ ၄။ အင်္ဂလိပ်-မြန်မာစစ်ပွဲများ ၅။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ၆။ မြန်မာနိုင်ငံသမိုင်း(၁၉၄၅ - ၁၉၄၈ ) ၇။ မြန်မာနိုင်ငံသမိုင်း ( ၁၉၄၈-၁၉၆၀ ) ၈။ မြန်မာ့စီးပွားရေးစနစ်ပြောင်းကာလ ( ၁၉၈၇ -၁၉၉၂ ) တို့ဖြစ်သည်။
အထက်ပါ သုတေသနလုပ်ငန်းများကို အထောက်အကူပြုမည့် မြန်မာ့နိုင်ငံရေး နှင့် စီးပွားရေး တို့တွင် ပါဝင် လှုပ်ရှားခဲ့ကြသည့် ပုဂ္ဂိုလ်များအား တွေ့ဆုံ၍ လူတွေ့ မေးမြန်း မှတ်တမ်းတင်ယူသည့် လုပ်ငန်း ( Oral History Project ) ကို အထူးစီမံချက်ချ ၍ ဆောင်ရွက်လျက် ရှိသည်။ မြန်မာ့သမိုင်းဆိုင်ရာ ပြည်တွင်းပြည်ပ အထောက်အထားများကိုလည်း ရှာဖွေစုဆောင်း၍ စနစ်တကျ ထိန်းသိမ်းထားရှိသည်။ သုတေသန ကွင်းဆက် ခရီးထွက်၍လည်း မြန်မာ့သမိုင်းဆိုင်ရာ အထောက်အထားများ ရှာဖွေစုဆောင်းထားသည်။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်နှင့် ပူးပေါင်း၍လည်း မြန်မာနိုင်ငံသမိုင်း အထောက်အထားများ၏ စုပေါင်းကတ်တလောက် ( Union Catalogue ) ကိုလည်း ပြုစုနေသည်။
အထောက်အကူ
[ပြင်ဆင်ရန်]ရှာဖွေစုဆောင်းရရှိပြီးသော အထောက်အထားများကို သုတေသနပြု၍ မြန်မာနိုင်ငံ သမိုင်းကျမ်းများ၊ စာတမ်းနှင့် စာစောင်များ ပြုစု ထုတ်ဝေလျက် ရှိသည်။ သုတေသန စာတမ်းဖတ်ပွဲများကိုလည်းအခါအားလျော်စွာ ကျင်းပလျက် ရှိသည်။ ဤသို့ဖြင့် မြန်မာ့သမိုင်း ပညာရှင်များ ပေါ်ထွန်းလာရေးအတွက်လည်း ပြုစုပျိုးထောင်ပေးလျက် ရှိသည်။ မြန်မာ့သမိုင်းနှင့် ပတ်သက်၍ အကူအညီတောင်းခံလာသည့် အစိုးရဌာနများနှင့် အဖွဲ့အစည်းများအားလည်း ကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။
တက္ကသိုလ်သမိုင်းသုတေသန ဌာနရှိ သမိုင်းအထောက်အထားများ သည် မြန်မာ့သမိုင်း၊ မြန်မာမှုတို့နှင့် ပတ်သက်၍ ပါရဂူဘွဲ့ယူ ကျမ်းပြုစုလိုသူများအတွက် များစွာ အထောက်အကူ ရနိုင်ပေသည်။ မြန်မာ့သမိုင်းနှင့် ပတ်သက်၍ ပါရဂူဘွဲ့ကျမ်းပြုစုလိုကြသည့် နိုင်ငံခြားသား ပညာရှင်များအတွက်လည်း သမိုင်းအထောက်အထားများ ဖြည့်ဆည်းပေးလျက် ရှိသည့် ဌာန ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ရန်ကုန်တက္ကသိုလ် သမိုင်း ( ၁၉၂၀ - ၁၉၉၅ ) စာ - ၁၅၅၊ ၁၅၈။