တက္ကသိုလ်တင်ခ
တက္ကသိုလ်တင်ခ | |
|---|---|
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ဇန်နဝါရီ ၂၇၊ ၁၉၄၀ ကတိုက်ကလေးရွာ၊ သိမ်ဆိပ်မြို့နယ် သထုံခရိုင် |
| လူမျိုး | မြန်မာ |
| မိဘ | အဖ ဦးချစ်ကျော် အမိ ဒေါ်သန်းရင် |
| ပညာရေး |
|
| အလုပ်အကိုင် | စစ်သည် စာဆိုရှင် |
| ကျော်ကြားမှု | ကဗျာနှင့် ဆောင်းပါးများ |
တက္ကသိုလ်တင်ခ (၂၇ ဇန်နဝါရီ ၁၉၄၀ မွေးဖွား)သည် ဇာတိမာန်စာဆိုတစ်ဦး ဖြစ်သည်။ကျောင်းဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုပြီးနောက်၊ ဗိုလ်လောင်းသင်တန်းတက်ကာ တပ်မတော် သို့ ဝင်ရောက်ခဲ့သည်။ထို့နောက် စာပေနယ်တွင် အမျိုးသားစာပေတစ်သက်တာဆု ချီးမြှင့်ခံရသည်အထိ အစဉ်တစိုက်လှုပ်ရှား ရပ်တည်ဖြတ်သန်းခဲ့သည်။[၁]
ငယ်ဘဝ
[ပြင်ဆင်ရန်]တက္ကသိုလ်တင်ခကို ၁၉၄၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့၊ စနေနေ့တွင် သထုံခရိုင်၊ သိမ်ဆိပ်မြို့နယ်၊ ကတိုက်ကလေးကျေးရွာတွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ အဖ ဦးချစ်ကျော်၊ အမိ ဒေါ်သန်းရင်တို့ ဖြစ်ကြသည်။
ပညာရေး
[ပြင်ဆင်ရန်]၁၉၅၆ ခုနှစ်တွင် ရန်ကုန်မြို့၊ တာမွေအစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။
၁၉၆၀ ပြည့်နှစ်တွင် ဝိဇ္ဇာအထွေထွေဂုဏ်ထူးဖြင့် (မြန်မာစာအဓိက)ဘွဲ့ ရခဲ့သည်။
ဘဝဖြတ်သန်းမှု
[ပြင်ဆင်ရန်]၁၉၆၀ − ၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ မြန်မာစာနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။အောင်ဆန်းသူရိယလှသောင်းကျောင်းတွင် ၁၉၆၀ − ၆၄ ခုနှစ်အထိ အထက်တန်းနည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]၁၉၆၄ ခုနှစ်တွင် တပ်မတော်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၃၁) သို့ တက်ရောက်ခဲ့သည်။၁၉၆၅ − ၆၉ ခုနှစ်များတွင် အမှတ် (၉၇) ခြေလျင်တပ်ရင်း၌ တပ်စုမှူး၊ တပ်ခွဲမှူးတာဝန်များကို ထမ်းဆောင်ခဲ့သည်။
၁၉၆၉ ခုနှစ်၊ ဇွန်လတွင် စစ်တက္ကသိုလ်သို့ ပြောင်းရွှေ့ရောက်ရှိပြီး နည်းပြဆရာ၊ လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခ၊ လက်ထောက်စာပေညွှန်ကြားရေးမှူး တာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။
၁၉၇၈ ခုနှစ်တွင် မဟာဝိဇ္ဇာ (မြန်မာစာ) ဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ဘွဲ့ယူစာတမ်းအဖြစ် “ကုန်းဘောင်ခေတ် သုတစကားပြေကျမ်းများ လေ့လာချက်” စာတမ်း တင်သွင်းခဲ့သည်။
ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တပ်မတော် မှနေ၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်များ ထမ်းဆောင်ကာ၊၂၀၀၀ပြည့်နှစ် တွင် အငြိမ်းစားယူခဲ့သည်။
စာပေဘဝဖြတ်သန်းမှု
[ပြင်ဆင်ရန်]၁၉၅၇ ခုနှစ်၊ ဧပြီလ၊ သင်္ကြန်အထူးထုတ် မြန်မာ့အလင်းသတင်းစာတွင် ပွဲသဘင် မနွှဲချင် သဘင်နွမ်းတာပ လေးချိုးကဗျာကို တက္ကသိုလ်မောင်တင်ခ ကလောင်အမည်ဖြင့် ပထဦးဆုံးအကြိမ် ပုံနှိပ်ဖော်ပြခံရခြင်းဖြင့် စာပေနယ်ထဲ ဝင်ရောက်လာခဲ့သည်။
၁၉၅၉ ခုနှစ် သက်လျာမဂ္ဂဇင်း ကဗျာပြိုင်ပွဲတွင် ပညာ လေးလုံးစပ်ကဗျာကို တက္ကသိုလ်တင်ခအမည်ဖြင့် ဒုတိယဆုရရှိကာ ပုံနှိပ်ဖော်ပြခြင်း ခံခဲ့ရပြန်သည်။ မြန်မာ့အလင်း၊ ဟံသာဝတီ သတင်းစာများတွင် ကဗျာ၊ ဆောင်းပါးများစွာ ရေးသားခဲ့သည်။
ယင်းအပြင် ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ စန္ဒာ၊ သောင်းပြောင်းထွေလာ မဂ္ဂဇင်းများ၊ လုပ်သားပြည်သူ့နေ့စဉ်များတွင် ကဗျာ၊ စာပေဆောင်းပါးများစွာလည်း ရေးသားခဲ့သည်။
၁၉၈၉-၉၃ ခုနှစ်များတွင် လုပ်သားပြည်သူ့နေ့စဉ် (ယခု မြန်မာ့အလင်း) စာပေအနုပညာကဏ္ဍတွင် မြန်မာစာပေမှ ရှာဖွေတွေ့ရှိချက်များနှင့် အခြား စာပေယဉ်ကျေးမှုအနုပညာ သုတရေးရာများကို စဉ်ဆက်မပြတ် ရေးသားဖော်ပြခဲ့ပြီး၊ ၁၉၉၃ ခုနှစ်တွင် ဆောင်းပါး ၃၄ ပုဒ် ရွေးထုတ်ကာ ဆောင်းပါးပေါင်းချုပ်စာအုပ်ကို မြန်မာ့ဇာတိမာန်အဘိဓာန် အမည်ဖြင့် ဂုဏ်ထူးစာပေမှ ပုံနှိပ်ထုတ်ဝေခဲ့သည်။
ပြင်ဦးလွင်မြို့စာပေနှင့်စာနယ်ဇင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ဒုတိယဥက္ကဋ္ဌ(၁) တာဝန်များ ထမ်းဆောင်ခဲ့သည်။
ရရှိခဲ့သောဆု
[ပြင်ဆင်ရန်]၁၉၉၃ ခုနှစ်၊ အမျိုးသားစာပေဆု၊ သုတပဒေသာ (ဝိဇ္ဇာပညာရပ်)ဆုအတွက် တက္ကသိုလ်တင်ခ၏ မြန်မာ့ဇာတိမာန်အဘိဓာန် စာအုပ်ကို ဂုဏ်ထူးတိုက်စာပေတိုက်က ဆွတ်ခူးရရှိခဲ့သည်။
၂၀၁၃ ခုနှစ် တွင် ပခုက္ကူ ဦးအုံးဖေ တစ်သက်တာဆု၊ ၂၀၁၅ ခုနှစ် တွင် ထွန်းဖောင်ဒေးရှင်း စာပေတစ်သက်တာဆု၊ ၂၀၁၆ ခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆု၊ ၂၀၁၈ ခုနှစ်တွင် သုတစွယ်စုံစာပေတစ်သက်တာဆုတို့ကို ချီးမြှင့်ခံခဲ့ရသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဇာတိမာန် စာဆိုပညာရှင် ဆရာကြီးတက္ကသိုလ်တင်ခ။ MOI Myanmar (၁၉ ဒီဇင်ဘာ ၂၀၂၁)။ ၂၅ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
ပညာရေး ဝန်ကြီးဌာန မြန်မာစာနှင့် ဘာသာစကားပညာရေးဦးစီးဌာန 28 October 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .