ညွန့်၊ ဦး (ဗြိတိသျှဘားမား)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဗြိတိသျှဘားမား ဦးညွန့်

"ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးခေတ်ဦး မြန်မာ့ စီးပွားရေး လောက၌ ထင်ရှားသည်။ လက်လုပ်လက်စား သာမန် အလုပ်သမား ဘဝမှ အသိဉာဏ်ပညာ၊ အလိမ္မာ၊ စည်းစနစ်ကို အရင်းတည်၍ ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်၊ ဟံသာဝတီ ပိဋကတ်တိုက် ပိုင်ရှင်၊ ဟံသာဝတီ သတင်းစာပိုင်ရှင် အဖြစ် အောင်မြင်လာသူ။ ကျောင်းပညာရေးကို ငါးတန်းမျှသာ သင်ကြားခွင့်ရခဲ့သော်လည်း အလုပ်နှင့် စကားပြောတတ်သူ၊ အချိန် လေးစား၍ ဝီရိယကောင်းသူ၊ ဘာသာတရား ကိုင်းရှိုင်းသူ၊ စိတ်သဘောထား ပြည့်ဝသူ၊ ကူညီတတ်သူ၊ သမာဓိရှိသူ အဖြစ် လေးစားခြင်း ခံရသည်။ အထူးသဖြင့် အလှူဒါန ပြုရာတွင် ပကာသနမဖက် စိတ်ထားမှန်မှန်ဖြင့် လူမသိ သူမသိ ရွက်ပုန်းသီး အလှူမျိုး ပေးတတ်သူ တစ်ဦး ဖြစ်သည်"

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၈၈၆ ခုနှစ်၊ မတ်လ ၁၃ရက် စနေနေ့တွင် ရန်ကုန်၊ ကန်တော်ကလေး၌ ဖွားသည်။ အဖ ကုန်သည် ဦးသာဖေ၊ အမိ ဒေါ်ထိုက် ဖြစ်သည်။ မွေးချင်း လေးဦးတွင် အကြီးဆုံး ဖြစ်သည်။

၁၈၉၄ ခုနှစ်တွင် ကန်တော်ကလေး မြန်မာစာသင်ကျောင်း၌ စတင် ပညာသင်သည်။ မိဘ စီးပွားရေး အခြေအနေအရ ပဉ္စမတန်း အရောက်တွင် ကျောင်းထွက်ခဲ့ရသည်။ မိခင်နှင့်အတူ ခေါင်းရွက်ဗျပ်ထိုး မုန့်ရောင်းရသည်။ စာဖတ် ဝါသနာပါ၍ အားလပ်ချိန်တွင် မြန်မာစာပေကို လေ့လာ ဖတ်ရှုလေ့ရှိသည်။

၁၉ဝ၂ ခုနှစ်တွင် မဖွားသင်နှင့် လက်ထပ်သည်။ ကျပန်း အလုပ်မျိုးစုံ လုပ်ကိုင်သည်။ ပန်းဆိုးတန်း ဝပ်ဆင် ကုမ္ပဏီ အရောင်းစာရေး၊ မေဆင်ကုမ္ပဏီ အထည်ရောင်းစာရေး အဖြစ် လုပ်ကိုင်သည်။ တလ ၃ဝ ကျပ်ရသည်။ အလုပ်ကြိုးစား၍ စည်းစနစ်ကျသောကြောင့် ကုမ္ပဏီပိုင်ရှင် အင်္ဂလိပ် လူမျိုးများက သဘောကျသည်။ အထက်လူကြီး မစ္စတာဆွမ်၏ အကြံပေးချက် အရ စာရင်းပညာကို သင်သည်။ အလုပ်ပြီးချိန် ညနေပိုင်းတွင် ကန်တော်ကလေး ဦးမြလေးကျောင်း၌ အင်္ဂလိပ်စာ အလွတ်သင်သည်။ မေဆင် ကုမ္ပဏီ စာရင်းကိုင် ဖြစ်လာသည်။ လခ ၂၅ဝ ကျပ်ရသည်။ မေဆင် ကုမ္ပဏီ ပျက်စီးပြီးနောက် ဝှိုက်တဝေး ကုမ္ပဏီ၌ စာရင်းကိုင် အဖြစ် ဆက်လက်လုပ်ကိုင်သည်။ လခ ၃ဝဝ ရသည်။

၁၉၁၉ ခုနှစ်တွင် ဇနီးဖြစ်သူ ဒေါ်ဖွားသင် ကွယ်လွန်သည်။ ၁၉၂၂ ခုနှစ်တွင် ကွယ်လွန်သူ ဇနီး၏ ညီမဝမ်းကွဲ ဒေါ်ချစ်တင်နှင့် ထပ်မံ အိမ်ထောင်ပြုသည်။

၁၉၂၂ ခုနှစ်တွင် ဝှိုက်တဝေး ကုမ္ပဏီမှ ထွက်သည်။ အစုရှယ်ယာခေါ်၍ ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီကို တည်ထောင်သည်။ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ အဖြစ် ဆောင်ရွက်သည်။ ကုမ္ပဏီအတွက် လိုအပ်သော ရုပ်ရှင်ပစ္စည်းများကို အိနိ္ဒယသို့ သွားရောက်ဝယ်ယူသည်။ ဗြိတိသျှဘားမားမှ (သစ္စာမေတ္တာ) ရုပ်ရှင်ကား ပထမဆုံး ထွက်ပေါ်လာသည်။ ရုပ်ရှင်လုပ်ငန်း အောင်မြင်၍ လခစား ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ ၁၂ ယောက် ခန့်ထားသည်။ ၁၉၃၂ ခုနှစ်တွင် ပထမဦးဆုံး အသံထွက်ကား (လောကနိဗ္ဗာန်) ရိုက်ကူးခဲ့သည်။ ဗြိတိသျှဘားမားမှ ဒါရိုက်တာ ဦးဉာဏ၏ (မေမေ)၊ ရွှေဒုံးဘီအောင်၏ (ဗိုလ်အောင်ဒင်)၊ ဦးသုခ၏ (သည်ဆောင်းဟေမာန်)၊ (ဩော် မိန်းမ) တို့သည် မြန်မာ့ရုပ်ရှင် လောက၌ ထင်ရှားသည်။ စစ်မဖြစ်မီ မြန်မာ့ ရုပ်ရှင်လောကတွင် ဗြိတိသျှဘားမားနှင့် အေဝမ်းရုပ်ရှင် ကုမ္ပဏီသည် အထင်ရှားဆုံး ဖြစ်သည်။ ၁၉၃၇-၃၈ ခုနှစ်တွင် ဆာဦးသွင် ထံမှ ငွေချေး၍ သွင်ရုံ နေရာကို ဝယ်ယူကာ (သွင်ရုံ) ကို ဆောက်လုပ်သည်။ ၁၉၄၉-၅ဝ ခုနှစ်တွင် ချေးငွေကျေ၍ အပိုင် ဖြစ်လာသော်လည်း ဦးသွင် စိတ်မကောင်း မဖြစ်စေရန် ရုပ်ရှင်ရုံကို သွင်ရုံဟုပင် ဆက်လက် အမည်မှည့်ခေါ်ခဲ့သည်။

၁၉၂၆ ခုနှစ်တွင် မြန်မာစာပေ တိုးတက် ထွန်းကားရေး အတွက် ဗြိတိသျှဘားမား မဂ္ဂဇင်းကို ထုတ်ဝေသည်။ အယ်ဒီတာ အဖြစ် ဆရာဇေယျကို ခန့်ထားသည်။ ၁၉၂၇ ခုနှစ်တွင် ဓူဝံ မဂ္ဂဇင်း အဖြစ် အမည်ပြောင်း၍ ထုတ်သည်။ ထိုခေတ် စာနယ်ဇင်းလောကတွင် စာမူခ အများဆုံးပေးသော မဂ္ဂဇင်း ဖြစ်သည်။ ဝတ္တုစာမူခ ၅ဝ ကျပ်အထိ ပေးခဲ့သည်။ ၁၉၃၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် မင်းတုန်းမင်းကြီး၏ မွေးစားသား၊ အာမေနီယန် လူမျိုး မစ္စတာ ရစ်ပလီပိုင်သည့် 'ဟံသာဝတီ ပိဋကတ်တိုက် (၁၈၈၆)' ကို ဝယ်ယူ၍ မြန်မာစာပေ ပျို့ကဗျာ အလင်္ကာများကို ဆက်လက် ထုတ်ဝေခဲ့သည်။ ထိုအချိန်မှ စ၍ ဟံသာဝတီ ဦးညွန့်ဟု အမည်ထင်ရှားလာသည်။ ဟံသာဝတီ ဂျာနယ်ဟံသာဝတီ သတင်းစာ (၁၉၊ ၁ဝ၊ ၁၉၄၅) တို့ကိုလည်း ဆက်လက် ထုတ်ဝေခဲ့သည်။

၁၉၃၆-၄၂ သူရိယ သတင်းစာ ဒါရိုက်တာ အဖွဲ့ဝင်၊ ၁၉၂၂-၅၃ ဗြိတိသျှဘားမား (ညွန့်မြန်မာ) ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ၊ ၁၉၃၅-၃၆ ရန်ကုန်မြို့တော် မြူနီစီပယ် အဖွဲ့၊ ၁၉၃၆-၄၁ အထက်လွတ်တော် အမတ်၊ ၁၉၃၅-၅၆ ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ဝင်နှင့် ၁၉၄၆ တောင်တန်းသာသနာပြု အဖွဲ့ နာယက တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၅၃-၅၆ တွင် နေအိမ်၌ ဓမ္မမိတ်ဆွေများ ဖြစ်သည့် ပဲရော့ဦးဆန်နီ၊ တိုးတက်ရေး ဦးစိန် (ဦးပဂျီငို)၊ စာရေးဆရာကြီး ရွှေဥဒေါင်း၊ ဟံသာဝတီ ပိဋကတ်တိုက် ပါဠိဆရာကြီး ဦးခင်စိုး တို့နှင့် သီတင်းပတ်တိုင်း တရားဆွေးနွေး၍ ကျွေးမွေး ဧည့်ခံခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဗြိတိသျှဘားမား ဦးညွန့်သည် ၁၉၅၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ သမီးကြီး ဒေါ်သက်မေ၊ သားကြီး ဒါရိုက်တာ ဦးချန်ထွန်း၊ သမီးလတ် ဒေါ်ခင်ရီ (ကဗျာဆရာမ ငွေတာရီ)၊ သားငယ် ဦးနေဝင်းနှင့် ဦးဇော်ဝင်းတို့ ကျန်ရစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၂၀၁၀၊ မတ်လမှာ UNITY စာပေမှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ မောင်ဇေယျာ ရေးသားတဲ့ 'မြန်မာလူကျော် ၁၀ဝ (ပထမအုပ်)' စာအုပ်မှ